ရှင်ဇိုအာဘေးနေရာ ဆက်ခံမည့် ဂျပန်ဝန်ကြီးချုပ်အသစ်၏ စိန်ခေါ်မှုများ

ဂျပန်နိုင်ငံ၌   သြဂုတ်  ၂၉  ရက်က ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ကျန်းမာရေးကြောင့် ရုတ်တရက် နုတ်ထွက်မည်ဆိုသည့် သတင်းက ကမ္ဘာတစ်ဝန်းရှိ လူအားလုံးကို အံ့အားသင့်စေကာ  အာဘေးက  ငယ်စဉ်ကတည်းက ခံစားခဲ့ရသော နာတာရှည်ဝေဒနာ  ပြန်ပေါ်လာသောကြောင့်ဟု ဆိုသည်။

လက်ရှိ ဂျပန်၌ ကိုရိုနာဗိုင်းရပ်ရိုက်ခတ်မှုကြောင့် နှစ်ပေါင်း ၄၀ အတွင်း စီးပွားရေးကျဆင်းမှု အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီး  အစိုးရေကြွေးမြီကလည်း  နိုင်ငံ့အသားတင် ထုတ်ကုန်တန်ဖိုး  (GDP)  နှင့်ယှဉ်လျှင်   ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်။

၂၀၀၈ ခုနှစ် စီးပွားရေးကျဆင်းမှု ပြန်လည်ကုစားရေးကို   ဝန်ကြီးချုပ်အာဘေးက အားသွန်ခွန်စိုက်ကြိုးစားနေချိန် လေးကြိမ်မြောက် ၎င်း၏သက်တမ်းတွင် ဂျပန်စီးပွားရေး ပြန်လည်နာလန်ထူလာခဲ့ပြီး ကံဆိုးစွာ ကိုရိုနာဗိုင်းရပ်က  ထိုအရာအားလုံးကို ရိုက်ချိုးခဲ့သည်။

ထို့ကြောင့်   ဦးမော့လာခဲ့သော စီးပွားရေး ပြန်လည်ပြိုလဲသွားကာ ဂျပန်၏သက်တမ်းအရှည်ဆုံးနှင့် စွမ်းဆောင်ရည်အရှိဆုံး ဝန်ကြီးချုပ်အဖြစ် သတ်မှတ်ခံထားရသည့် အာဘေးကလည်း နုတ်ထွက်မည် ဆိုသောကြောင့်   အာဘေးနေရာကိုဆက်ခံမည့် ဝန်ကြီးချုပ်အသစ်အတွက် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

၂၀၁၂ ခုနှစ်က တတိယအကြိမ်မြောက် ပြန်လည်အာဏာရခဲ့သည့် ရှင်ဇိုအာဘေးသည်အဓိကမဟာမိတ် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးကို  အကောင်းမွန်ဆုံး ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ဒေသတွင်း ပြိုင်ဘက်များနှင့် တည်ငြိမ်သည့် ဆက်ဆံရေး အဆင့်ကိုပင် မထိန်းထားနိုင်ခဲ့ပေ။

ဂျပန်နိုင်ငံသည် အာရှပစိဖိတ်၌ အဓိကအင်အားကြီးထွားလာသော တရုတ်နှင့်ဆက်ဆံရေး အဆိုးရွားဆုံး ဖြစ်နေသကဲ့သို့ ၎င်း၏ ကိုလိုနီလက်အောက်ခံဖြစ်ခဲ့ဖူးသော တောင်ကိုရီးယားနှင့်လည်း သံတမန်ဆက်ဆံရေးရော   စီးပွားရေးအရ ဆက်ဆံရေးပါ အောက်ဆုံးအဆင့်သို့ ရောက်နေသည်။ ယင်းအတွက် တောင်ကိုရီးယားနှင့် ဂျပန်ဆက်ဆံရေးကို   နောက်ကြောင်းပြန်လှည့်နေသော ဆက်ဆံရေးဟု နိုင်ငံတကာသုတေသီတို့က သုံးသပ်ကြပြီး အမြတ်ထွက်နေသူက တရုတ်နှင့်မြောက်ကိုရီးယားတို့ဖြစ်သည်ဟု ဆိုသည်။တစ်ပြိုင်တည်းတွင် ကျွန်းဆွယ်အငြင်းပွားမှုများ   ဆယ်စုနှစ်ချီ၍ ဖြစ်နေသည့် ရုရှားနှင့်တင်းမာမှုကိုလည်း  အာဘေးကကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့ဘဲ ၎င်း၏ သက်တမ်းများအတွင်း အကောင်းဆုံးလုပ်နိုင်ခဲ့သည်က ဂျပန်ကို စစ်ရေးအရ အတိုးတက်ဆုံးဖြစ်စေရန် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင်ကာကွယ်ရေးအဖွဲ့သာ ဖွဲ့ရမည်ဆိုသည့်   ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နှင့် စာချုပ်စည်းမျဉ်းဘောင်ကို ကျော်ပြီး စစ်ရေးအသုံးစရိတ်များကို လေးကြိမ်ဆက်တိုက်မြှင့်တင်ကာ ဂျပန်နိုင်ငံ၏ အင်အားကို ပြည်ပအထိ စစ်ဆင်ရေးပြုလုပ်နိုင်ရန် အဆင့်မြှင့်တင်ခဲ့သည်။

နောက်ဆုံးလေယာဉ်တင်သင်္ဘောပင် ပထမဆုံးပိုင်ဆိုင်နိုင်သည်အထိ အမေရိကန်ထောက်ခံမှုဖြင့် အာဘေးက ၎င်း၏ စစ်တပ်အင်အားကို အကောင်းဆုံးဖွဲ့စည်းခဲ့ကာ ကမ်းတက်တိုက်ခိုက်ရေးအဖွဲ့သစ်ကိုပင် အင်အားထောင်ချီဖြင့် အသစ်ဖွဲ့စည်းခဲ့သေးသည်။  ထိုအတွက်  အာဘေးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တိုက်ပွဲများစွာ ဝင်ခဲ့ရသကဲ့သို့ ပြည်သူရာချီ၏ ဆန္ဒပြငြင်းဆန်မှုများကိုလည်း ခံခဲ့ရသည်။

သို့သော်  အာဘေး၏ပြတ်သားသော ကြွေးကြော်ချက်က  ဂျပန်ကို အင်အားအကြီးဆုံးနိုင်ငံအဖြစ်   ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးဆိုသောအချက်ဖြစ်သည်။  ထိုအထဲတွင် စစ်ရေးအင်အား တိုးချဲ့ရေးကလည်း ၎င်းအတွက် ထိပ်ဆုံးမှ   အမြဲတမ်း အရေးပါခဲ့သည်။

ရေရှည်ရည်မှန်းချက်များကို အကောင်းဆုံး ချမှတ်နိုင်သည့် အာဘေးသည် ဂျက်တိုက်လေယာဉ်တင် သင်္ဘောတည်ဆောက်ခွင့်မရမီကတည်းကပင်   ရဟတ်ယာဉ်တင်သင်္ဘောများကို အကြီးမားဆုံး တည်ဆောက်ကာ လိုအပ်လျှင် ဂျက်တိုက်လေယာဉ်တင်သင်္ဘောအဖြစ် ချက်ချင်းပြောင်းရန်အထိ မျက်စိတစ်ဆုံးကြည့်ခဲ့သည်။

ယခုတော့  အမေရိကန်တို့  မီးစိမ်းပြသည်နှင့် ချက်ချင်းပင် ထိုရဟတ်ယာဉ်တင်သင်္ဘောများကို အမေရိကန်တို့ F35B များနှင့် တပ်ဖြန့်ချထားနိုင်မည့် ဂျက်တိုက်လေယာဉ်တင်သင်္ဘောအဖြစ် အသွင်ပြောင်းလိုက်ကာ ဂျပန်စစ်အင်အားကို တစ်ဖက်လှည့်နှင့်   အကောင်းဆုံးပြောင်းလဲပြခဲ့သည်။ ထို့ကြောင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ သြဇာက   အာရှပစိဖိတ်၌ ချက်ချင်းကြီးထွားလာကာ ပြိုင်ဘက်တရုတ်ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်မည့် အနေအထားသို့ ရောက်လာသည်။

သို့သော် ဝန်ကြီးချုပ် အာဘေးက နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အသွင်ကူးပြောင်းမှုကို ရည်မှန်းထားသလောက် မလုပ်နိုင်ခဲ့ဘဲ များစွာနှောင့်နှေးခဲ့ရသည်။ ထို့ကြောင့် ကိုရိုနာဗိုင်းရပ်ကူးစက်မှုနှင့်  ကြုံရသောအခါ အိမ်မှအလုပ်လုပ်နိုင်သည့် ဝန်ထမ်းအရေအတွက် အနည်းဆုံးဆိုသော နိုင်ငံထဲ၌ ပါလာခဲ့ကာ စစ်တမ်းများအရ ဂျပန်အလုပ်သမား ငါးဦးတွင်  တစ်ဦးနှုန်းသာ အိမ်မှအလုပ်လုပ်နိုင်ခဲ့သည်ဆိုသော အဆိုးရွားဆုံး အခြေအနေအထိ ဖြစ်ခဲ့သည်။

ယင်းအတွက်   တယ်လီကွန်ဥပဒေဟု ခေါ်သော အိမ်မှအလုပ်လုပ်နိုင်မည့် တရားဝင်ဥပဒေတစ်ရပ် ထွက်ပေါ်လာရန်  ဂျပန်တို့လိုလားနေကာ  နောက်တက်လာမည့် ဝန်ကြီးချုပ်အပေါ် အဓိကထားမျှော်မှန်းနေကြသည်။

ဂျပန်နိုင်ငံ၌ ဗိုင်းရပ်ကူးစက်မှုက ထင်ထားသည်ထက် ပိုမိုပျံ့နှံ့သွားကာ အိမ်ရှင်အဖြစ် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲကိုလည်း ဒုတိယအကြိမ် ရွှေ့ဆိုင်းလိုက်ရသည်အထိ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဂျပန်၏အဓိကမဟာမိတ် အမေရိကန်နိုင်ငံရေး အလှည့်အပြောင်းဖြစ်မည့် သမ္မတရွေးကောက်ပွဲ ကလည်း နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည် ဖြစ်သည့်အတွက် ဂျပန်နိုင်ငံ၏ အနာဂတ်နှင့်   တိုက်ရိုက်သက်ဆိုင်နေပြန်သည်။

သဘောထားတင်းမာသည်ဟု ဆိုနိုင်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တော့ စစ်အသုံးစရိတ် ပိုထည့်ပေးရမည်ဆိုသော ခြိမ်းခြောက်မှုအောက်မှ အာဘေးက ဂျပန်ကိုလွတ်အောင် ရှောင်တိမ်းစေနိုင်ခဲ့ကာ အာဘေးလုပ်နိုင်ခဲ့သော ထိုအချက်ကို  တောင်ကိုရီးယားနှင့်  ဂျာမနီတို့ပင် မလုပ်နိုင်ခဲ့ပေ။

သို့ဖြစ်ရာ နောက်တက်လာမည့် ဝန်ကြီးချုပ်အတွက်  ရှေ့တွင်  စိန်ခေါ်မှုများစွာ စောင့်ကြိုနေကာ    နောက်ထပ်အဓိက ပြဿနာတစ်ခုက ဂျပန်နိုင်ငံ၏ မွေးဖွားမှုနှုန်း အောက်ဆုံးအထိ ကျဆင်းလာသောကြောင့်   အလုပ်သမားရှားပါးလာမှုနှင့်  ၂၀၅၀ ပြည့်နှစ်အရောက် ဂျပန်လူဦးရေကို သန်း ၁၀၀ တွင် ထိန်းထားရေးဆိုသော ရည်မှန်းချက်ပြည့်မီနိုင်ရန်  လုပ်ဆောင်နိုင်ပါ့မလားဆိုသော အချက်ဖြစ်သည်။

လက်ရှိ အာဘေးနေရာကို ဆက်ခံရန် ရေပန်းစားနေသူများက  နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖူမီယိုကီရှီဒါ၊ လက်ရှိနိုင်ငံခြားရေးဝန်ကြီး တိုရှီမီစုမိုတေဂျီ၊ လက်ရှိအမျိုးသမီးကာကွယ်ရေးဝန်ကြီး တာရိုကိုနို၊ ကာကွယ်ရေး ဝန်ကြီးဟောင်း ရှီဂါရူအီရှီဘာ၊ အောက်လွှတ်တော်အမတ် ဆစ်ကိုနိုဒါနှင့်   ကာကွယ်ရေးဝန်ကြီးဟောင်း နောက်တစ်ဦးဖြစ်သည့် တိုမိုမီအီနာဒါတို့ ဖြစ်ပါကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။  ။

Ref;The New York Times