အင်ဒိုနီးရှား၌ ဂီတဖျော်ဖြေပွဲကို ပုံစံအသစ်ဖြင့် ကျင်းပ

ကမ္ဘာ့ကပ်ရောဂါကြောင့်  အင်ဒိုနီးရှားနိုင်ငံ၌ အနုပညာသမားများ အလုပ်အကိုင် ရှားပါးနေစဉ် ဂီတဖျော်ဖြေပွဲ တစ်ခုကို ပုံစံအသစ်ဖြင့် ကျင်းပကြောင်း သိရသည်။

အဆိုပါ ပုံစံအသစ်မှာ ဂီတဖျော်ဖြေပွဲကို လာရောက်သူများ အနေဖြင့် ကားထဲနေ၍ ကြည့်ရှုရခြင်းဖြစ်ကာ ပရိသတ်များ အနေဖြင့် လက်ခုပ်တီးခြင်းအစား ကားဟွန်းတီးခြင်းနှင့် ကားမီးဖွင့်ခြင်းတို့ဖြင့် အားပေးရသည်။

ထိုဂီတဖျော်ဖြေပွဲကို သြဂုတ် ၂၉ ရက်နှင့် ၃၀ ရက်တွင် ကျင်းပခြင်းဖြစ်ပြီး ဖျော်ဖြေပွဲသို့ လာရောက်သူများအနေဖြင့်   ဗိုင်းရပ်ကူးစက်မှု မရှိစေရန် နှာခေါင်းစည်းများ တပ်ခြင်းအပြင် ဗိုင်းရပ်ကူးစက်မှု ကာကွယ်ရေးအတွက် အခြားဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ကြောင်း ဖျော်ဖြေပွဲစီစဉ်သူများက ပြောသည်။

ဖျော်ဖြေပွဲသို့   လာသူများအနေဖြင့် စင်ပေါ်၌ သီဆိုဖျော်ဖြေမှုကို  FM ရေဒီယိုလိုင်းမှတစ်ဆင့်   နားထောင်ရခြင်း ဖြစ်သည်။

ဖျော်ဖြေပွဲသို့လာသည့်ကားတိုင်း ပိုးသတ်ဆေးဖျန်းရပြီး  ကားအတွင်း  ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ မြင့်တက်လာပါက

ကားအတွင်းရှိသူများ အနေဖြင့် ကားတံခါးဖွင့်နိုင်ရန် အချက်ပေးမည့် ကိရိယာများကို တပ်ဆင်ရသည်။

အင်ဒိုနီးရှားနိုင်ငံ၌ လူဦးရေ ၁၀ သန်းရှိသည့် ဂျကာတာမြို့၌ ဗိုင်းရပ်ကူးစက်မှု အများဆုံးဖြစ်ပြီး    တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် သြဂုတ် ၃၀ ရက်အထိ ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၁၇၂၀၅၃ ဦး နှင့် သေဆုံးသူစုစုပေါင်း ၇၃၄၃ ဦးရှိကြောင်း သိရသည်။

Ref: The Straits Time