အိန္ဒိယနိုင်ငံ၏ သြဂုတ် ၃၀ ရက် ဗိုင်းရပ်ကူးစက်မှု စံချိန်အသစ်ထပ်တင်

အိန္ဒိယနိုင်ငံ၏ သြဂုတ် ၃၀ ရက် ဗိုင်းရပ်ကူးစက်မှုပမာဏသည်   စံချိန်အသစ်ထပ်တင်ပြီး ကမ္ဘာပေါ်တွင်  တစ်ရက်အတွင်း ဗိုင်းရပ်ကူးစက်မှု အများဆုံးနိုင်ငံဖြစ်လာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၌  သြဂုတ် ၃၀ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ  ၇၈၇၆၁ ဦးနှင့် သေဆုံးသူ ၉၄၄ ဦး ရှိသည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း သုံးသန်းခွဲကျော်နှင့် သေဆုံးသူစုစုပေါင်း ၆၃၈၆၄ ဦး ရှိလာကြောင်း သိရသည်။

ယခင်က  တစ်ရက်အတွင်း  ဗိုင်းရပ်ကူးစက်မှု အများဆုံးနိုင်ငံမှာ  အမေရိကန်နိုင်ငံဖြစ်ပြီး ဇူလိုင် ၁၇ ရက်တွင် ဗိုင်းရပ် ကူးစက်ခံရသူ ၇၇၉၃၈ ဦးဖြင့် စံချိန်တင်သည်။

အိန္ဒိယအစိုးရက စီးပွားရေးကို မြှင့်တင်ရန် မတ်လနှောင်းပိုင်းမှစ၍ ချမှတ်ထားသော အသွားအလာကန့်သတ်မှုများကို ထပ်မံဖြေလျှော့ပြီး နောက်တစ်ရက်အကြာတွင် ယခုကဲ့သို့ စံချိန်တင်ဗိုင်းရပ်ကူးစက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံအတွင်း စံချိန်တင်ဗိုင်းရပ်ကူးစက်မှု ဖြစ်ပွားနေသော်လည်း အစိုးရက လာမည့်လမှစ၍ ယဉ်ကျေးမှုပွဲများ၊  ဖျော်ဖြေရေးပွဲများနှင့် နိုင်ငံရေးအခမ်းအနားများ၌ နှာခေါင်းစည်းတပ်ပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေသည့် လူ ၁၀၀ အထိစုဝေးမှုကို ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။      

  Ref: The Straits Times