တစ်ကမ္ဘာလုံး၌ ဗိုင်းရပ်ကူးစက်ခံရသူ ၂၅ သန်းကျော်လာပြီ

တစ်ကမ္ဘာလုံး၌   ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်သည်  သြဂုတ် ၃၀ ရက်တွင် ၂၅ သန်းကျော်လာပြီ ဖြစ်ကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။

ယခုအခါ ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်သည် နှစ်စဉ်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက်၏ ငါးဆဖြစ်လာကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။

ထို့ပြင်   ဗိုင်းရပ်ကြောင့်သေဆုံးသူစုစုပေါင်း ၈၄၀၀၀၀ ကျော်လာပြီး   ထိုအရေအတွက်သည် တုပ်ကွေးရောဂါကြောင့် နှစ်စဉ်သေဆုံးသူ အနည်းဆုံး ၂၉၀၀၀၀ မှ အများဆုံး ၆၅၀၀၀၀ ထက်ကျော်လွန်လာကြောင်း သိရသည်။

လက်တင်အမေရိကဒေသသည် ကမ္ဘာပေါ်တွင် ဗိုင်းရပ်ကူးစက်ခံရသူ အများဆုံးရှိသော  ဒေသဖြစ်သော်လည်း  ယခုအခါ  ထိုဒေသရှိနိုင်ငံ အချို့၌ ဗိုင်းရပ်ကူးစက်မှု အနည်းငယ် ကျဆင်းလာသည်။

ဘရာဇီးနိုင်ငံ၌   ဗိုင်းရပ်ကူးစက်မှု တည်ငြိမ်လာသော်လည်း   နေ့စဉ်ကူးစက်ခံရသူ ၄၀၀၀၀ နှင့် သေဆုံးသူ ၁၀၀၀ နီးပါးရှိသည့်အတွက် စိုးရိမ်ရသော အဆင့်တွင် ရှိနေဆဲဖြစ်ကြောင်း   ဖီအိုခရတ်ပြည်သူ့ ကျန်းမာရေးအဖွဲ့မှ သုတေသနပညာရှင် ခရစ္စတိုဗန်ဘာဆယ်လော့က ပြောသည်။

အမေရိကန်နိုင်ငံ၌    ဗိုင်းရပ်ကူးစက်ခံရသူ၊ သေဆုံးသူနှင့် ဆေးရုံတက်ရောက်သူစာရင်းမှာ ကျဆင်းလာသော်လည်း   နိုင်ငံအလယ်ပိုင်းတစ်ကြောတွင် ဗိုင်းရပ်ကူးစက်မှုများ ဖြစ်ပွားနေဆဲဖြစ်သည်။

ထို့ပြင် ဗိုင်းရပ်ကူးစက်မှုကို အစောဆုံးထိန်းချုပ်နိုင်ခဲ့သော  နယူးဇီလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင်လည်း ဗိုင်းရပ်ကူးစက်မှုများ ပြန်ဖြစ်နေပြီး ထိန်းချုပ်မှုများ လုပ်ဆောင်နေရကြောင်း သိရသည်။

Ref: CNA