ဂျပန်ရဲ့ ပထမဆုံး စစ်လက်နက်ပစ္စည်းတင်ပို့မှု ဖြစ်လာမယ့် ASRS  

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ဖိလစ်ပိုင်လေတပ်အတွက် လေကြောင်းကင်းထောက်ရေဒါစနစ်တွေကို ဂျပန်နိုင်ငံကနေ ဝယ်ယူဖို့    သဘောတူစာချုပ်ကို လက်မှတ်ထိုးလိုက်ပါပြီ။

ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးဌာနဟာ Horizon 2 လေကြောင်းကင်းထောက်ရေဒါစနစ် ဝယ်ယူရေး စီမံကိန်းအရ ဒီရေဒါစနစ်ကိုဝယ်ယူတာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့  အမေရိကန်ဒေါ်လာ  ၁၀၃ သန်းခွဲ ရှိပါတယ်။

အခုဝယ်ယူတဲ့ ရေဒါစနစ်မှာ ပုံသေရေဒါ စနစ်သုံးခုနဲ့ ရွေ့လျားရေဒါစနစ်တစ်ခု ပါဝင်မှာဖြစ်ပြီး ဂျပန်နိုင်ငံ မစ်ဆူဘီရှီကုမ္ပဏီကနေ ဝယ်ယူတာပါ။

ဒါကြောင့် ဂျပန်နိုင်ငံရဲ့ပထမဆုံးစစ်လက်နက်ပစ္စည်းတင်ပို့မှုဟာ လေကြောင်းကင်းထောက်ရေဒါစနစ် (ASRS) ဖြစ်လာပါတယ်။

ဒီစနစ်ဟာ တာဝေးကင်းထောက်ရေဒါစနစ်ဖြစ်ပြီး ပုံသေရေဒါစနစ်သုံးခုအတွက် မစ်ဆူဘီရှီက   အဆောက်အအုံတွေကိုပါ တည်ဆောက်ပေးရမှာပါ။   အဲဒီစနစ်တွေ အားလုံးကိုတော့ ဖိလစ်ပိုင်က ၂၀၂၂ ခုနှစ်မှ စတင်လက်ခံရရှိမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်က အခုဝယ်ယူတဲ့ ပုံသေလေကြောင်းကင်းထောက်ရေဒါတွေအတွက် ဂျပန်လေတပ်က  လက်ရှိအသုံးပြုနေတဲ့ J/FPS-3 ရေဒါနဲ့  ရွေ့လျားလေကြောင်းကင်းထောက်ရေဒါအတွက် J/TPS-P14 ရေဒါစနစ်တို့ကို အဆင့်မြှင့်တင်ထားတာ

ဖြစ်ပါတယ်။

ဂျပန်လေတပ်ကသုံးနေတဲ့ J/FPS-3 ရေဒါက တိုက်လေယာဉ်တွေနဲ့ ဒုံးကျည်တွေကို    ရှာဖွေထောက်လှမ်းနိုင်စွမ်းရှိပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်အန္တရာယ်ကို ကာကွယ်ဖို့ အသုံးပြုနေတာ ဖြစ်ပါတယ်။ J/TPS-P14 ရေဒါစနစ်ကတော့ အထူးသဖြင့် လေယာဉ်တွေကို   ကင်းထောက်တဲ့ ရေဒါအမျိုးအစား ဖြစ်ပါတယ်။ အခုလိုမျိုး ရေဒါတွေ ဝယ်ယူမှုဟာ ဖိလစ်ပိုင်နဲ့ဂျပန်နိုင်ငံတို့ကြား ပထမဆုံးစစ်လက်နက်ပစ္စည်းနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။

ဂျပန်ကဖိလစ်ပိုင်ကို     လေ့ကျင့်ရေးလေယာဉ်အခမဲ့ ထောက်ပံ့ပေးဖူးပေမယ့် အခုမှသာ   စစ်လက်နက်ပစ္စည်းတွေကို ပထမဆုံးအကြိမ် တင်ပို့ရောင်းချခွင့်ရတာပါ။ လက်ရှိမှာ     ပုံသေလေကြောင်း ကင်းထောက်ရေဒါတွေ ထားရှိမယ့် လျာထားနေရာတွေကနေ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း တစ်ဝန်းလုံး၊ အနောက်ဖိလစ်ပိုင်ပင်လယ်တောင်ပိုင်းတစ်ဝန်းလုံးကို လွှမ်းမိုးနိုင်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီလေကြောင်းကင်းထောက် ရေဒါတွေဟာ ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်ထဲကို ဝင်လာတဲ့ ဘယ်လိုမျိုးကျူးကျော်မှု အန္တရာယ်ကိုမဆို ရှာဖွေထောက်လှမ်းကာ ရေဒါပုံရိပ်တွေကို သက်ဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သူတွေဆီနဲ့ သက်ဆိုင်ရာတပ်ဖွဲ့တွေဆီကို ပေးပို့သွားမှာပါ။

ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်ပိုင်နက်အငြင်းပွားမှုမှာပါဝင်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့်     အခုလိုမျိုး လေကြောင်းကင်းထောက်ရေဒါစနစ်တွေကို ဝယ်ယူမှုဟာ ဖြစ်လာနိုင်မယ့်ခြိမ်းခြောက်မှု တွေကို အထိုက်အလျောက် တော့ ဟန့်တားပေးစေနိုင်မှာဖြစ်ပါတယ်။