အမေရိကန်ရေတပ်ကတော့ လေကြောင်းလွှမ်းမိုးမှုရှိသော မျိုးဆက်သစ်တိုက်လေယာဉ်စီမံကိန်းကို ရေးဆွဲနေပါပြီ။ ဒီလေယာဉ်တွေက လက်ရှိ အသုံးပြုနေတဲ့ F/A-18E/F Super Hornet တိုက်လေယာဉ်တွေနေရာမှာ အစားထိုးသွားမှာပါ။
သတ်မှတ်ထားတဲ့အချိန်ကာလကတော့ ၂၀၃၀ ပြည့်နှစ် အလွန်ကာလမှာ ဖြစ်ပါတယ်။
အရင်ဆုံး အမေရိကန် လေယာဉ်တင်သင်္ဘောတွေရဲ့ ဖွဲ့စည်းပုံကို ရှင်းပြပါရစေ။ လေယာဉ်တင်သင်္ဘောတစ်စင်းမှာ တိုက်လေယာဉ်အုပ်လေးအုပ် ပါဝင်ပါတယ်။
လက်ရှိအချိန်အထိတော့ အဲဒီတိုက်လေယာဉ်အုပ်လေးအုပ်စလုံးမှာ F/A-18E/F Super Hornet တိုက်လေယာဉ်တွေကို အသုံးပြုနေတာပါ။
ဒီထဲကမှ ၂၀၃၀ ပြည့်နှစ်အလွန် ကာလရောက်ရင် သက်တမ်းရင့် Super Hornet တိုက်လေယာဉ်တွေနေရာမှာ Block III အမျိုးအစား Super Hornet တိုက်လေယာဉ်အုပ်နှစ်အုပ်၊ F-35C တိုက်လေယာဉ်အုပ်နှစ်အုပ်နဲ့ အစားထိုးသွားဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့လည်း ရေတပ်က Block III တိုက်လေယာဉ်တွေနေရာမှာ မျိုးဆက်သစ်တိုက်လေယာဉ်တွေနဲ့ အစားထိုးချင်နေတဲ့အတွက် ဝေဟင်လွှမ်းမိုးမှုရှိသော မျိုးဆက်သစ်တိုက်လေယာဉ် စီမံကိန်းကို ချမှတ်လိုက်တာပါ။ ဒါကြောင့် ဒီတိုက်လေယာဉ်စီမံကိန်းဟာ F-35 တိုက်လေယာဉ်တွေပြီးနောက် ပထမဆုံးထုတ်လုပ်မယ့် တိုက်လေယာဉ် တွေဖြစ်လာပါပြီ။
F-35 တိုက်လေယာဉ်တွေ တုန်းကတော့ ပုံကြမ်းအဆင့်ကနေ ကုန်ချောထုတ်လုပ်မှု အထိရောက်ဖို့ကို နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ အမေရိကန်ဟာ တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံ ဖြစ်တဲ့အတွက် F-35 တိုက်လေယာဉ်ဒီဇိုင်းဟာ ခရီးတိုပျံသန်းမှု၊ အသံထက်အနည်းငယ်သာ ပိုမြန်တဲ့ အမြန်နှုန်း၊ လက်နက်အနည်းငယ်သာ ဆံ့တဲ့နေရာတွေနဲ့သာ ပွဲထွက်လာတာပါ။
အခုရေတပ်ကလိုချင်တဲ့ တိုက်လေယာဉ်ပုံစံ အသစ်ကတော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ မောင်းသူမဲ့ထက် မောင်းသူပါတဲ့ လေယာဉ်၊ ခရီးဝေး ပျံသန်းနိုင်မှု ၅၀ ရာခိုင်နှုန်းပိုများတဲ့လေယာဉ်၊ ရှိပြီးသား လေယာဉ်တွေကနေ ခွဲထွက်တာမျိုး မဟုတ်ဘဲ လုံးဝပုံစံအသစ်၊ စွမ်းဆောင်ရည်အသစ်နဲ့ လေယာဉ်ကို လိုချင်တာ ဖြစ်ပါတယ်။
ဒီတော့ ရေတပ်ကလိုချင်တဲ့ တိုက်လေယာဉ်ပုံစံကို အကြမ်းဖျင်းအနေနဲ့ အခုလိုပုံဖော်ထားပါတယ်။ အဲဒီလေယာဉ်ဟာ အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံးတိုက်လေယာဉ် ဖြစ်ပြီး မစ်ရှင်တစ်ခုတည်းမှာပဲ ဝေဟင်မှဝေဟင်သာမက ဝေဟင်မှ မြေပြင်လှုပ်ရှားမှုများ အားလုံးကို ဆောင်ရွက်နိုင်ရပါမယ်။
ကိုယ်ပျောက်တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး နောက်ဆုံးပေါ်ရေဒါမှာ ပုံရိပ်ပေါ်မှု လျှော့ချတဲ့ နည်းပညာကို အသုံးပြု ထားရပါမယ်။ အရွယ်အစားကလည်း ကြီးမားရမှာဖြစ်ပြီး ဒါမှသာ လောင်စာဆီ ပိုထည့်နိုင်ကာ ခရီးရှည်သွားနိုင်မှာ ဖြစ်သလို လက်နက်တွေ အများကြီးဆံ့တဲ့ နေရာလည်း ပါဝင်ရပါမယ်။
တတိယမျိုးဆက်နဲ့ စတုတ္ထမျိုးဆက်တိုက်လေယာဉ်တွေကတော့ သူတို့ရဲ့ ဆီတိုင်ကီတွေ၊ လက်နက်တွေကို လေယာဉ်ကိုယ်ထည်နဲ့ တောင်ပံတွေအောက်မှာ ချိတ်ဆွဲခြင်းဖြင့် သူတို့ရဲ့ ခရီးဝေးသွားနိုင်မှု ပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။
ပဥ္စမမျိုးဆက်တိုက်လေယာဉ်တွေကတော့ ကိုယ်ပျောက်စွမ်းဆောင်ရည်ကို အဓိကဦးစားပေးလာတဲ့အတွက် ဆီတိုင်ကီတွေ၊ လက်နက်တွေကို လေယာဉ်ကိုယ်ထည်အတွင်းပိုင်းထဲမှာသာ ထည့်လာရပါတယ်။
အခုရေတပ်ကလိုချင်တာက မျိုးဆက်သစ်ဖြစ်တဲ့အတွက် ဆဋ္ဌမမျိုးဆက်တိုက် လေယာဉ်ဖြစ်ရမှာဖြစ်ပြီး ဒါဟာလက်တွေ့ မှာအမှန်တကယ်ဖြစ်လာနိုင်လား၊ မဖြစ်လာနိုင်ဘူးလားဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မသိသေးပါဘူး။
ဒါပေမဲ့ ခန့်မှန်းတွက်ချက်မှုတွေ အရဆိုရင် ဒီလိုဖြစ်လာဖို့ဆိုတာ တော်တော်လေး အလှမ်းဝေးနေတာကို တွေ့ရပါတယ်။ ပထမဆုံးနဲ့ အဓိက အကျဆုံး အခက်အခဲက ခွင့်ပြုငွေပါ။
လာမယ့်အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူနိုင်သည်ဖြစ်စေ အမေရိကန် ကာကွယ်ရေးအသုံးစရိတ်က ၅ ရာခိုင်နှုန်း အထိလျော့ကျနိုင်မယ့် အလားအလာ ရှိပါတယ်။
ဒါ့အပြင် ကမ္ဘာ့ကပ်ရောဂါကြောင့် အမေရိကန်ရဲ့ စီးပွားရေး ကျဆင်းမှုကလည်း ရေတပ်ရဲ့ အိပ်မက်တွေကို ပျက်စီးစေနိုင်ပါတယ်။
အခုရေတပ်က ၂၀၃၀ ပြည့်နှစ်အလွန်မှာ မျိုးဆက်သစ်တိုက်လေယာဉ်ကို လိုချင်တာဖြစ်တဲ့အတွက် အချိန်အားဖြင့် ယခင်ကထက် ထက်ဝက်မျှနည်းပါးနေပါတယ်။
ဒါကြောင့် အမေရိကန်ရေတပ်ဟာ သူတို့လိုချင်တဲ့မျိုးဆက်သစ်တိုက်လေယာဉ်တွေအစား အဖြစ်နိုင်ဆုံးကတော့ F-35 ရဲ့မျိုးကွဲတစ်မျိုးဖြစ်တဲ့ F-35D ကိုသာ လက်ခံရနိုင်ဖွယ်ရှိပါတယ်။
F-35D ကတော့ လက်ရှိမှာ မထုတ်လုပ်ရသေးပါဘူး။ ထုတ်လုပ်ဖို့စီစဉ်နေဆဲဖြစ်ပါတယ်။ အင်ဂျင်အမျိုးအစားအသစ်၊ လေယာဉ်ကိုယ်ထည်ဒီဇိုင်းအသစ်တွေကြောင့် ရေတပ်ကလိုချင်တဲ့ ခရီးဝေးသွားလာနိုင်မှု ပမာဏကို ရရှိစေမှာပါ။ ဒါ့အပြင် လက်နက်စနစ်မှာဆိုရင်လည်း လေဆာလက်နက်တောင်မှ ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။