COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော တပ်မတော်

ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသော ကပ်ရောဂါ COVID-19 သည် ကူးစက်မှု လျင်မြန်လာပြီး  ယခုလပိုင်းအတွင်း တစ်ကျော့ပြန် ဖြစ်ပွားလျက်ရှိသည်။ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပြည်သူသို့ ပန်ကြားချက် ထွက်ပေါ်လာပြီး မရှေးမနှောင်းတွင် မြန်မာနိုင်ငံတွင်လည်း ရောဂါပိုးတွေ့ရှိမှု ပိုမိုများပြားလာခဲ့သည်။

သြဂုတ် ၂၉ ရက် တစ်ရက်တည်းတွင် ရောဂါပိုးတွေ့လူနာ ၉ဝ ဦး ထပ်တိုးတွေ့ရှိခဲ့သဖြင့်  စံချိန်ထပ်ချိုးလိုက်ပြန်သည့် COVID-19 ပိုးတွေ့လူနာဦးရေ ဟူ၍ပင် မြဝတီသတင်းစာ  ရှေ့ဆုံးစာမျက်နှာ၌ သတိပေး ဖော်ပြထားရှိပေသည်။

တပ်မတော်သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ဖော်မကြေညာမီကပင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို  အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်မှာ  ယနေ့တိုင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မလျော့သော ဇွဲလုံ့လဝီရိယနှင့် မပေါ့ဆသော ကျန်းမာရေးအသိဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ အထူးကု ဆေးရုံ ဝေဘာဂီနှင့် ကုသရေး ဆေးရုံများ၌ COVID-19 ရောဂါ (Quarantine) ဆောင်ရွက်ထားရှိသည့် သံသယလူနာများမှ  ရောဂါပိုး တွေ့ရှိသူများ တိုးပွားလာ၍  ကျန်းမာရေး ဝန်ထမ်းများ   မလုံလောက်မှု အခက်အခဲ ဖြစ်ပေါ်လာသည်။  ထို့ကြောင့်  အသစ်ထပ်မံ ဖွင့်လှစ်လိုက်သည့်   လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေး ဌာန(ဖောင်ကြီး)တွင်   တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ရသည်။ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများနှင့် ဆေးမှူးဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့က သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

အဆိုပါ ဆေးတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုသည် သာမန်အားဖြင့်ကြည့်ပါက ဆရာဝန်နှင့်လူနာ ဆေးကုပေးခြင်း ဖြစ်သည်ဟုသာ မြင်နိုင်ဖွယ်ရှိသည်။ အမှန်တကယ်အားဖြင့် သူတို့သည် COVID-19 ရောဂါ သံသယရှိလူနာများ၊ ရောဂါခံစားနေရသူများကို သက်စွန့်ဆံဖျား ကာကွယ် ကုသပေးနေခြင်းဖြစ်သည်။ စစ်မြေပြင်တွင်တိုက်ပွဲဝင်နေရသူများကဲ့သို့ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ရန်ရှာနေသော COVID-19 ရန်သူကို အသက်စွန့် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ အသက်စွန့်ဟူသော စကားရပ်ကိုလေ့လာလျှင်  ဆေးတပ်ဖွဲ့ဝင်များသည်    သတိတစ်ချက် ပေါ့လျော့မိပါက COVID-19 ရောဂါသည်  မိမိကိုယ်ပင် ပြန်လည်ကူးစက်နိုင်ကြောင်း သိလျက်နှင့် တိုက်ပွဲဝင် နေခြင်း ဖြစ်၍ အသက်စွန့်ဟူသော စကားရပ် သုံးနှုန်းလိုက်ခြင်းဖြစ်သည်။ 

တပ်မတော်အနေဖြင့်  COVID-19 ရောဂါ  ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ   တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းခြင်း၊ ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊   ဌာနဆိုင်ရာ ဝန်ထမ်းများ  စားရေးသောက်ရေးတွင် အဆင်ပြေစေရန် တန်ဖိုးသင့်ထမင်း၊ဟင်းများ၊ ဟင်းသီးဟင်းရွက်များ၊ အသား၊ငါးများ၊ ဥအမျိုးမျိုးနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

တပ်မတော်အနေဖြင့်  COVID-19 ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း နိုင်ငံအနှံ့ရှိ အထူးကုဆေးရုံများ၊ တိုက်နယ် ဆေးရုံများနှင့် ကျေးလက် ကျန်းမာရေးဌာနများသို့ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းလျက်ရှိရာ  မေ ၉ ရက်တွင် ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ  ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် စစ်တွေမြို့တွင်  ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးမည့် ဆေးအဖွဲ့နှင့် အတူ Surgical Masks ၄၆၅ဝဝ ခု၊ Surgical Gloves ၄၄ဝဝ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၈၅ဝ စုံ၊ Goggles   ၈၅ ခု၊ NonContact Thermometer  ၁ဝ ခု၊  Hand Sanitizer ၄၄ဝ ဘူး၊  Bleaching Powder ၁၄ ပုံး၊ BP Cuff ၁ဝ ခုနှင့်    ဆေးဖျန်းပုံး ၂ဝ ပုံးနှင့် သံတွဲမြို့တွင် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးမည့် ဆေးအဖွဲ့နှင့် အတူ  Surgical Masks ၃၅ဝဝ ခု၊ Surgical  Gloves  ၆ဝဝ ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၁၅ဝ စုံ၊ Goggles  ၁၅ ခု၊ Hand Sanitizer ၆ဝ ဘူးနှင့် Bleaching Powder တစ်ပုံးတို့ကို လည်းကောင်း၊  မေ ၁၁ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကြွီတဲတောရကျောင်း၊ ကျားမသောက် ကျောင်းတိုက်နှင့် သက္ကယ်ပြင်ဗလီတို့သို့ လည်းကောင်း၊ အမ်းမြို့ရှိ အောက်ရွာ ဘုန်းတော်ကြီးကျောင်းတိုက်၊ စာရုတောင် ဗောဓိကုန်းတောရ ကျောင်းတိုက်နှင့် ပြည်သူ့ဆေးရုံ ခုတင်-၁ဝဝ ဆံ့တို့သို့ လည်းကောင်း၊ ဂွမြို့ရှိ ဝိစိတ္တာရာမ ညောင်ဝိုင်းကျောင်းတိုက်၊   နန္ဒရံသီကင်းရုံ ကျောင်းတိုက်၊ ဘုရားသခင်၏ အသင်းတော်(မြန်မာပြည်) ခရစ်ယာန်ကျောင်း၊    စိန်မေရိရိုမာန်ကက်သလစ် ဘုရားကျောင်းနှင့် ပြည်သူ့ဆေးရုံ ခုတင်-၅ဝ ဆံ့ တို့သို့ လည်းကောင်း  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊   အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ် ဖုန်းမြတ်နှင့် အရာရှိကြီးများ၊ ဆေးအဖွဲ့များက သွားရောက်၍ ဆေးအထောက်အကူ ပစ္စည်းများဖြစ်သည့် Surgical  Masks များ၊ Surgical Gloves များ၊ Personal Protective Equipment (PPE)ဝတ်စုံများ၊ Goggles များ၊ NonContact Thermometer များ၊ Hand Sanitizer များ၊ Bleaching Powder များ၊ BP Cuff များနှင့် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ၊ အာဟာရဖြည့်စွက်အစာများကို လည်းကောင်း   ပေးအပ်လှူဒါန်းကြသည်။

 ထို့ပြင် မေ ၁၂ ရက်တွင် စစ်တွေမြို့ရှိ   အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ ဒုံးပြင်တောင်ဗလီ၊ မင်းပြားမြို့ ပြည်သူ့ဆေးရုံ၊  မောင်တောမြို့ရှိပြည်သူ့ဆေးရုံ၊ ဇောတိကာရုံကျောင်းတိုက်၊ မြို့မကျောင်းတိုက်၊ သျှီရီးရာဒါးခြိချ်နော် ဟိန္ဒူဘုရားရှိခိုးကျောင်း၊ ကညင်တန်းဗလီ၊  ရမ်းဗြဲမြို့ရှိ ပြည်သူ့ ဆေးရုံနှင့်  ပုဏ္ဏားတောင် ကျောင်းတိုက်၊ ကျောက်ဖြူမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံ၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်၊ ယပ်လှဲပရိယတ္တိစာသင်တိုက်၊ မင်းကျောင်းတိုက်၊ မြို့မကရာနီနှစ်ခြင်း အသင်းတော်တို့သို့ သွားရောက်၍ တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း   (Surgical Mask) များ၊ N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံး လက်အိတ်(Surgical Gloves)) များ၊ မျက်မှန်(Goggles/EyeShield) များ၊ Non-Contact Thermometer များ၊ Hand Sanitizer  များ၊ Bleaching Powderများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊  မေ ၁၄ ရက်တွင်  ရခိုင်ပြည်နယ်၊ အမ်းမြို့၊  ကျောက်ကြီးတောင်   ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တပညာဝံသ၊   မဟာဂန္ဓာရုံ အေးရိပ်သာ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတသာရနှင့်  မဟာဂန္ဓာရုံ တပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအရှင်ပညိဿရတို့အား  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များက သွားရောက် ဖူးမြော်၍   ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများအား လည်းကောင်း ဆက်ကပ် လှူဒါန်းကြသည်။

 မေ ၂၂ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံ(ခုတင်-၅ဝဝ)သို့ COVID-19 ရောဂါ ကာကွယ်ရေး အတွက် ဆေးအထောက်အကူပစ္စည်းများ လှူဒါန်းခြင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များက   Surgical   Mask ၃ဝဝဝ ခု၊ Face  Shield  ၆ဝဝ ခု၊ OT Cap ၆ဝဝ ခု၊ Portable Suction Unit တစ်ခု၊ Sodium Hypochloride 20 L နှစ်ပုံးနှင့်  အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက အမ်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ COVID-19 ရောဂါကာကွယ်ရေး အတွက် ဆေးအထောက်အကူပစ္စည်းများ ဖြစ်သည့် Surgical Mask ၃ဝဝဝ ခု၊ OT Cap ၅ဝဝ ခု၊ Sodium Hypochloride နှစ်ပုံး၊ ECG Machine တစ်ခု၊ Suction Machine  တစ်ခုနှင့် ဆေးရုံတက်လူနာများ အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လည်းကောင်း ပေးအပ်လှူဒါန်းသည်။

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါပိုး အတည်ပြုလူနာ များပြားလာသည့် ကာလအတွင်း၌ သြဂုတ် ၂၁ ရက်တွင်  Surgical Mask ၆ဝဝဝဝဝ ခု၊ Personal Protective Equipment (PPE)ဝတ်စုံ ၂၅ဝဝ စုံ၊ N95 Mask ၂၅ဝဝ ခု၊ Goggles ၂၅ဝဝ ခု၊ Examination Glove  ၄ဝဝဝ ခု၊ Surgical Glove ၃ဝဝဝ ခု၊ Face Shield ၂ဝဝ ခု၊ Hand Gel၇ဝဝ ဘူး၊  Hand Sanitizer ၂ဝဝ ဘူး၊ Non Contact  Infrared Thermomete  ၄ဝ ခု၊ Bleaching Powde ၁ဝ ပုံး၊ Sodium Hypochloride (15L) ၁ဝ ပုံး၊ ဆေးဖျန်းပုံး ငါးပုံး၊ OT Gown၂ဝဝဝ စုံ၊ OT Cap၂ဝဝဝ စုံ၊ Biosafety Cabinet Uni တစ်လုံးနှင့် Test Kit  ၂ဝဝ ချောင်းတို့ကို ပထမအကြိမ်ဖြစ်   နေပြည်တော်လေဆိပ်မှ တစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ လည်းကောင်း၊   သြဂုတ် ၂၆ ရက်တွင်  ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်မှ မေ့ဆေးပါရဂူ တစ်ဦး၊ ဓာတ်ခွဲပါရဂူ တစ်ဦး၊ ဆေးပါရဂူ တစ်ဦး၊ ဆေးမှူးနှစ်ဦးနှင့်  သူနာပြု ၁ဝ ဦးတို့နှင့်အတူ တပ်မတော်က လှူဒါန်းသော ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ဆေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ Oxygen Plant တစ်လုံး၊ ICU Ventilator(SV-300)တစ်လုံး၊ ICU Bed နှစ်လုံး၊ Suction Machineသုံးလုံး၊ Pulse Oxymeter သုံးလုံး၊  Patient Monitor သုံးလုံး၊ Infusion Pump သုံးလုံး၊  Syringe Pumpသုံးလုံး၊ Video Laryngoscope တစ်လုံး၊ Mini-Centrifuge တစ်လုံး၊ Oxygen Cylinder(40L)၂ဝ လုံး၊  Oxygen Concentrator(5L) တစ်လုံး၊ BP Cuff သုံးလုံး၊ UV Lump ငါးချောင်း၊ ဆေးနှင့် ဆေးပစ္စည်း ၁၃၄ မျိုးအပြင် စားသောက်ဖွယ်ရာ များနှင့် အသုံးအဆောင် ပစ္စည်းများ၊ Oxygen  လိုအပ်ချက်ကို အထောက်အကူဖြစ်စေရန်   တစ်ရက်လျှင် Oxygen Cylinder ခြောက်လုံး ထုတ်လုပ်ပေးနိုင်သည့် Oxygen Plant  စက်တစ်လုံးတို့ကို လည်းကောင်း   ဒုတိယအကြိမ်အဖြစ် ရန်ကုန်လေဆိပ်မှ တစ်ဆင့်   တပ်မတော် လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် သြဂုတ် ၂၇ ရက်တွင်လည်း Surgical Masks ၆၅ဝဝဝဝ ခုနှင့် Examination Glove ၁ဝဝဝဝဝ ခုတို့ကို တပ်မတော်လေယာဉ်ဖြင့် နေပြည်တော် လေဆိပ်မှတစ်ဆင့် စစ်တွေမြို့သို့ ထပ်မံပို့ဆောင် လှူဒါန်းခဲ့သည်။

သြဂုတ် ၁၆ ရက်မှစတင်၍ ရခိုင်ပြည်နယ်တွင်   COVID-19   ကူးစက်ဖြစ်ပွားမှုသည်   အထူးမြန်ဆန်လျက်ရှိသည်။ စစ်တွေမြို့နယ်၌ လက်ရှိဖြစ်ပွားနေသော ဗိုင်းရပ်ပိုးသည် မျိုးဗီဇပြောင်းနေသည့် အမျိုးအစား ဖြစ်နိုင်သောကြောင့်  ဆေးသုတေသန ဦးစီးဌာန၌  ဗိုင်းရပ်ပိုး၏ မျိုးဗီဇကို စစ်ဆေးလျက်ရှိသည်။ ပြည်သူများအကြား၌  ရောဂါလက္ခဏာ မပြဘဲ ကူးစက်နေသူများလည်း ရှိကြောင်း သိရသည်။  ရခိုင်ပြည်နယ်အတွင်း Coronavirus Disease  2019 (COVID-19)ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများပြားလာသည့် အတွက် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် အတွင်းနှင့်  နိုင်ငံအဝန်း၌ COVID-19   ရောဂါ  ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်သည် အိမ်နီးချင်းနိုင်ငံနှင့် ထိစပ်နေသည့်အတွက်  မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ COVID-19   ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အထူးလိုအပ်လျက်ရှိပါသည်။ တပ်မတော်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိရာ COVID-19   ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အင်တိုက်အားတိုက် လုပ်ဆောင်နေမည်ဖြစ်ပါကြောင်းရေးသား တင်ပြလိုက် ရပေသည်။  ။

ဘုန်းမောင်ဝင်း(ဖျာပုံ) ၊ ခင်ဝါဝါကျော်