အကြမ်းဖက်သမားများက လူငယ်များကိုလွှမ်းမိုးနိုင်ရေး ကွန်ပျူတာဂိမ်းများကိုဖန်တီးနေ

အကြမ်းဖက်သမားများအနေဖြင့် လူငယ်များကိုလွှမ်းမိုးနိုင်ရေးအတွက်  အကြမ်းဖက်တိုက်ခိုက်မှုများကို သဏ္ဌာန်တူတုပထားသည့်  ကွန်ပျူတာဂိမ်းများကို ဖန်တီးနေကြောင်း  ရုရှားဗဟိုလုံခြုံရေးဌာနမှူး အလက်ဇန်းဒါး ဘော့နီကော့က ပြောသည်။

လူငယ်များသည် လူမှုကွန်ရက်များနှင့် လူပေါင်းစုံပါဝင်သော ထင်ရှားသည့်ဂိမ်းများ၏   စကားပြောခန်းများ မှတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ  စည်းရုံးမှုအပါအဝင် အကြမ်းဖက်သမားများ၏ လွှမ်းမိုးမှုအောက်သို့ ကျရောက်နိုင်ခြေနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက (၉)ကြိမ်မြောက် မော်စကိုအပြည်ပြည်ဆိုင်ရာ   လုံခြုံရေးညီလာခံမိန့်ခွန်းတွင် ထည့်သွင်းပြောသည်။

ထို့ပြင် အစ္စလာမ်မစ်အဖွဲ့များအနေဖြင့် အသံဖြင့်ဆက်သွယ်မှုသာမက အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သည့် ပုံစံဖြင့် ဆော့ကစားရသော ဂိမ်းများတွင် ကစားသူများကို ပါဝင်စေခြင်းဖြင့်  အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့အပေါ် ထောက်ခံနိုင်ဖွယ်ရှိသူများ၏ စိတ်ကို လွှမ်းမိုးနိုင်စေမည့် ကိုယ်ပိုင်ဂိမ်းပုံစံများကို ဖန်တီးနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါညီလာခံသည်   နိုင်ငံတကာစစ်ဘက်ရေးရာလုပ်ငန်းနှင့် ပတ်သက်၍ ဖြစ်ရိုးဖြစ်စဉ်များနှင့် အရေးပေါ်ကိစ္စများကို  ဆွေးနွေးရန် ကာကွယ်ရေးတာဝန်ရှိသူများ တက်ရောက်သော နှစ်စဉ်ကျင်းပသည့် အစည်းအဝေးတစ်ခု ဖြစ်သည်။

ယခုညီလာခံသို့ နိုင်ငံပေါင်း ၅၀ နီးပါးမှ အစိုးရမဟုတ်သော  ကျွမ်းကျင်ပညာရှင်များ၊    နိုင်ငံတကာအဖွဲ့အစည်းများ၊ ကာကွယ်ရေးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။

Ref: Sputnik