အကြမ်းဖက်သမားတွေရဲ့အသုံးချခံဖြစ်နေတဲ့ ကြင်နာတတ်သူတို့ရဲ့နှလုံးသား

လူသားတိုင်းမှာ နှလုံးသားရှိတယ်။အများစုကခံစားတတ်တယ်။   ကြင်နာသနားတတ်တယ်။   ပေးကမ်းစွန့်ကြဲလိုတဲ့ ဆန္ဒအပြည့်ရှိတယ်။

ဒါပေမဲ့ သူတို့မသိတာက အသုံးချခံလိုက်ရတဲ့  သူတို့ရဲ့သနားကြင်နာမှုဟာ သူတို့ကိုသာမက နိုင်ငံတော်ကြီးတစ်ခုလုံး ကိုပါ တစ်နည်းတစ်ဖုံနဲ့ပြန်ဒုက္ခပေးနိုင်တယ်ဆိုတာပါပဲ။

အခုတင်ပြပေးလိုတဲ့အကြောင်းအရာကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပကတိအမှန်တရားဖြစ်ပြီး  တစ်ကမ္ဘာလုံးမှာလည်း သူ့နည်းနှင်နှင် ဖြစ်ပျက်လေ့ရှိတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ခိုင်ရူဂါဇာလီဟာ စားသောက်ဆိုင်တွေ၊ ညလုံးပေါက်ဆိုင်တွေ၊ ကုန်ပဒေသာ တိုက်ကြီးတွေမှာ အလှူခံပုံးလေးတွေ လိုက်ချခြင်းဖြင့် သူ့ရဲ့အချိန်တွေကို ဖြုန်းခဲ့ဖူးပါတယ်။

အဲဒီလိုလျှောက်သွားပြီး အလှူခံပုံးတွေ လိုက်ချရာမှာလည်း တခြားသူတွေသံသယမဝင်အောင် တရားဝင်ယူနီဖောင်းနဲ့ ဆင်တူတဲ့ဝတ်စုံကို ဝတ်ပြီး သွားလာတာပါ။  လမ်းသွားလမ်းလာတွေကလည်း သူတို့လက်ထဲမှာပါလာတဲ့အကြွေစေ့တွေ၊ ငွေစက္ကူအနုတ်တွေကို အလှူခံပုံးတွေထဲထည့်ခြင်းအားဖြင့် ကုသိုလ်ပြုကြပါတယ်။

သူတို့စိတ်ထဲမှာ ထင်နေတာကတော့ အဲဒီအလှူခံပုံးတွေဟာ ဆင်းရဲနေသူတွေ၊ ရင်ခွင်မဲ့ကလေးတွေနဲ့ တခြားပရဟိတ ကူညီထောက်ပံ့ရေးအတွက် ဖြစ်တယ်ဆိုတာပါပဲ။

တကယ်တမ်းကျတော့  အဲဒီအလှူခံပုံးတွေဟာ သူတို့ထင်သလိုမဟုတ်ပါဘူး။ ခိုင်ရူဂါဇာလီဆိုတာ    အစွန်းရောက် အကြမ်းဖက်သမားတစ်ဦး ဖြစ်သလို သူ့ရဲ့အလှူခံပုံးတွေ ဆိုတာကလည်း   ဂျမားအစ္စလမ်မီးယား အဖွဲ့က ပိုင်ဆိုင်တဲ့အရာ တွေဖြစ်ပါတယ်။

ဂျမားအစ္စလမ်မီးယားအဖွဲ့ဆိုတာ အင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပွားတဲ့ လူထိခိုက်ဒဏ်ရာရသေဆုံးမှု အများဆုံးသော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တဲ့   ၂၀၀၂ ခုနှစ် ဘာလီကျွန်း    နိုက်ကလပ်ဗုံးခွဲမှုတွေရဲ့ နောက်ကွယ်က လက်မည်းကြီးပါ။

အကြမ်းဖက်အဖွဲ့တွေဟာ သူတို့အဖွဲ့ဝင်တွေဆီကနေ  ငွေကြေးကောက်ခံမှုများ၊ စေတနာရှင်တွေရဲ့ လှူဒါန်းမှုများ၊ အွန်လိုင်းမှတစ်ဆင့် ရန်ပုံငွေကောက်ခံမှုများ၊ ဆီအုန်းပင်   အမြောက်အမြား စိုက်ပျိုးခြင်းလိုမျိုး တရားဝင်စီးပွားရေးလုပ်ငန်းတွေ ကနေတစ်ဆင့် ငွေကြေးခဝါချမှုများကနေ သူတို့ရဲ့ အကြမ်းဖက်လုပ်ငန်း တွေအတွက် လိုအပ်တဲ့ငွေကြေးတွေကို ရရှိနေပါတယ်။

ဒါပေမဲ့    ဘာလီအကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုဖြစ်စဉ်မှာ အသုံးပြုခဲ့တဲ့ ငွေကြေးတွေကတော့ အဓိကအားဖြင့် အလှူခံပုံး တွေဆီကရတဲ့ ငွေတွေဖြစ်တယ်လို့ ခိုင်ရူဂါဇာလီက ဝန်ခံထားပါတယ်။

အခုအချိန်မှာ အသက် ၅၆ နှစ်ရှိနေပြီဖြစ်တဲ့ ခိုင်ရူဂါဇာလီတစ်ယောက်ကတော့ အစ္စလမ်ဘာသာရေး ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားပြီး အစွန်းရောက်အကြမ်းဖက်သမားဟောင်းတွေရဲ့    အစွန်းရောက် စိတ်ဓာတ်တွေကို ဆေးကြောသန့်စင်ပေးဖို့ ကြိုးစားဆောင်ရွက်နေပါပြီ။

အင်ဒိုနီးရှားနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ မူဆလင်လူဦးရေ အများဆုံးနိုင်ငံဖြစ်သလို ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာလည်း ဟိုတယ်ဗုံးခွဲမှုတွေ၊ တခြားအကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီလိုဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်သမားတွေ ဆိုတာကလည်း ပြင်ပကနေရရှိတဲ့ ထောက်ပံ့မှုကနည်းနည်း၊ အလှူခံပုံးတွေကနေ ရရှိတဲ့ ထောက်ပံ့မှုကများများနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို လုပ်နေနိုင်တာပါ။

မတ်လတုန်းကဆိုရင် မြောက်ဆူမားတြား ပြည်နယ်ရဲတပ်ဖွဲ့က အိုင်အက်(စ်)စစ်သွေးကြွအဖွဲ့ဆီနဲ့ အယ်ကိုင်ဒါအဖွဲ့နဲ့ ဆက်နွှယ်တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေဆီ စီးဆင်းသွားနိုင်ဖွယ်ရှိတဲ့ အလှူခံပုံးအလုံးပေါင်း ၅၀၀ ကျော်ကို  သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလောက်အထိသိမ်းဆည်းနိုင်မှုဟာ အပြင်မှာ တကယ်တမ်းရှိနေတဲ့ အကြမ်းဖက်သမားတွေအတွက် အလှူခံပုံးအရေအတွက်နဲ့နှိုင်းယှဉ်ရင်တော့ သမုဒ္ဒရာထဲက ရေတစ်ခွက်စာမျှသာ ရှိပါတယ်။

ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်တုန်းက ဂျမားအစ္စလမ်မီးယား  အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးကို  လက်ရဖမ်းဆီး နိုင်ခဲ့ပါတယ်။ သူ့ကိုစစ်ကြောချက်အရတော့    အဲဒီအကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ ပရဟိတ ဖောင်ဒေးရှင်းတစ်ခုရှိပြီး တစ်နိုင်ငံလုံးမှာ အဲဒီဖောင်ဒေးရှင်းရဲ့    အလှူခံပုံးဟာ အလုံး ၂၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

များသောအားဖြင့် အဲဒီလို အလှူခံပုံးတွေဟာ    အစွန်းရောက် အဖွဲ့တွေက ကျောထောက်နောက်ခံပြုထားတဲ့  ပရဟိတ ဖောင်ဒေးရှင်းတွေ ဒါမှမဟုတ် အစွန်းရောက်အဖွဲ့ကို ထောက်ခံအားပေးသူတွေနဲ့ ဆက်စပ်နေလေ့ရှိပြီး   သူတို့ကလည်း တာဝန်ရှိသူတွေဆီမှာ  တရားဝင်မှတ်ပုံတင်ထားလေ့ ရှိပါတယ်။

အဲဒီအလှူခံပုံးတွေ ကနေရလာတဲ့ ငွေကြေးတွေနဲ့ လုပ်ငန်းတွေက နေရလာတဲ့ အမြတ်ငွေတွေကို   တာဝန်ရှိသူတွေထံ တင်ပြရပြီး လှူဒါန်းထောက်ပံ့မှုတွေ လုပ်ရပါတယ်။

ဒါပေမဲ့လည်း    သူတို့လှူဒါန်းလိုက်တဲ့ မရှိဆင်းရဲသားတွေ၊    ရင်ခွင်မဲ့ကလေးဂေဟာတွေဆိုတာ   တကယ်တမ်းတော့ အပေါ်ယံဟန်ပြ သက်သက်သာဖြစ်ပြီး နောက်ဆုံးမှာတော့    အဲဒီငွေတွေက အကြမ်းဖက်သမားတွေဆီကိုသာ စီးဆင်းသွားတာပါ။

အင်ဒိုနီးရှား နိုင်ငံတစ်ဝန်းမှာ တရားမဝင် အလှူခံပုံးအရေအတွက် ဘယ်လောက်အထိရှိမယ်ဆိုတာကိုတော့   တရားဝင် စာရင်းဇယားတွေမရှိတဲ့အတွက် မသိရပါဘူး။ ဒါပေမဲ့ အဲဒီအလှူခံပုံးတွေဟာ နိုင်ငံရဲ့မြို့တိုင်း၊ နယ်တိုင်းမှာ ပျံ့နှံ့ရောက်ရှိနေမယ် ဆိုတာကတော့ အသေအချာပါပဲ။

အဲဒီလိုရိုက်စားလုပ်ပြီး ရရှိလာတဲ့ငွေကြေးတွေက အလွန်တရာရှေးရိုးစွဲလွန်းတဲ့ အာချေးပြည်နယ်ရှိ  ဂျီဟတ်အဖွဲ့တွေရဲ့ လေ့ကျင့်ရေးစခန်းတွေနဲ့ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ အရှေ့အင်ဒိုနီးရှား မူဂျာဟစ်ဒင်အဖွဲ့တို့ဆီ ရောက်သွားတာကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းတွေ့ရှိ ထားပါတယ်။

အရှေ့အင်ဒိုနီးရှား မူဂျာဟစ်ဒင်အဖွဲ့ဆို တာကတော့ ပြီးခဲ့တဲ့လက ဆူလာဝေဆီကျွန်းမှာ ခရစ်ယာန်ဘာသာဝင် လယ်သမားတွေကို ခေါင်းဖြတ်သတ်ခဲ့တဲ့ သူတွေပါ။

ဒါ့အပြင်  အလှူခံပုံးတွေထဲက အလှူငွေတွေဟာ  အင်ဒိုနီးရှားအကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့ရဲ့ ချေမှုန်းခြင်းကို ခံရတဲ့ ဒါမှမဟုတ် ဖမ်းဆီးထောင်ချခြင်းကို ခံရတဲ့ အစွန်းရောက်သမားတွေရဲ့  ကျန်ရှိတဲ့မိသားစုတွေကို ထောက်ပံ့ရာမှာ သာမက ဂျီဟတ်သမားတွေကို ဆီးရီးယားနိုင်ငံ ဆီစေလွှတ်တဲ့  လမ်းစရိတ်အနေနဲ့လည်း အသုံးချခံနေရပါတယ်။

သာမန်လူတွေဆိုတာကတော့ အလှူခံပုံးမြင်ရင် အလှူငွေထည့်မယ်။ အဲဒီအလှူခံပုံးက   ဘာအတွက်လဲ ဆိုတာကိုတော့ ဘယ်သူမှရေရေရာရာမသိပါဘူး။

ဒါကြောင့်ပဲ    ကြင်နာမှုရှိတဲ့သူတွေ လှူဒါန်းလိုက်တဲ့  ငွေကြေးအများစုဟာ အကြမ်းဖက်မှုအတွက် ထောက်ပံ့ကြေးလို ဖြစ်သွားရတာပါပဲ။

အထက်မှာဆိုခဲ့သလိုမျိုးပဲ လူတွေမှာ နှလုံးသားရှိတယ်။   ခံစားတတ်တယ်။ ကြင်နာသနားတတ်တယ်။ အလှူအတန်းဆိုရင်လက်မနှေးဘူး။ အဲဒီလိုစိတ်ထားတွေရှိတာဟာ  မကောင်းဘူးလားဆိုတော့ အလွန်တရာမွန်မြတ်လှတဲ့စိတ်ထားတွေပါ။

ဒါပေမဲ့လည်း     ကိုယ်လှူလိုက်တဲ့ငွေကြေးက ဘယ်ကို စီးဆင်းသွားမယ်ဆိုတဲ့ အကြောင်းရင်းခံကိုမသိဘဲ စေတနာသဒ္ဓါ တရားထက်သန်စွာ လှူဒါန်းလိုက်မှုတွေဟာ ကိုယ့်ကိုပြန်သတ်မယ့် သူတွေကို လက်နက်တပ်ပေးလိုက်သလို ဖြစ်နေတတ်တာကိုတော့ သတိချပ်သင့်ပါတယ်။

အခုအခါမှာတော့ ကမ္ဘာတစ်ဝန်းမှာ အကြမ်းဖက်အဖွဲ့တွေ ပြန်လည်ခေါင်းထောင်လာဖို့ တာစူနေချိန် ဖြစ်တဲ့အတွက် ကြင်နာတတ်သူတို့ရဲ့ နှလုံးသားဟာ အကြမ်းဖက် သမားတွေရဲ့ အသုံးချခံ မဖြစ်စေဖို့ သတိနှင့် ယှဉ်နိုင်ပါစေကြောင်း သတိပေးတိုက်တွန်း လိုက်ရပါတယ်။     ။