ကမ္ဘာ့ကျန်းမာရေး အဖွဲ့က တရုတ်နိုင်ငံကို ငှက်ဖျားကင်းစင်နိုင်ငံအဖြစ် ဇွန် ၃ဝ ရက်တွင် အသိအမှတ်ပြုလိုက်ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ငှက်ဖျားရောဂါကို အမြစ်ပြတ် တိုက်ထုတ်နိုင်သည့်အတွက် ဂုဏ်ယူကြောင်း၊ ဆယ်စုနှစ်ပေါင်းများစွာကြာ ရည်မှန်းချက်ထားပြီး အစဉ်တစိုက် လုပ်ဆောင်လာခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်မှုကို ရရှိခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် ကမ္ဘာကြီးအနေဖြင့် အနာဂတ်တွင် ငှက်ဖျားရောဂါ ကင်းစင်သော နေရာဖြစ်လာနိုင်သည်ကို ပြသနေခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ယခုအခါ တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြုမှုကို ရရှိသည့် ငှက်ဖျားကင်းစင်သော အခု ၄ဝ မြောက်ဒေသဖြစ်လာသည်။
နိုင်ငံအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ သုံးနှစ်ဆက်တိုက် မရှိသည့်နိုင်ငံများ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ငှက်ဖျားကင်းစင်သောနိုင်ငံအဖြစ် အသိအမှတ်ပြုမှုကို လျှောက်ထားနိုင်သည်။ ထိုသို့လျှောက်ထားရာတွင် ခိုင်မာသော သက်သေအထောက်အထားများအပြင် ရောဂါကူးစက် ပျံ့နှံ့မှုပြန်လည်ဖြစ်ပွားမှုကို တားမြစ်မည့် လုပ်ဆောင်ချက်တို့ကို ထုတ်ဖော်ပြသရသည်။ ၁၉၄ဝ ပြည့်နှစ် အလွန်ကာလ များတုန်းက တရုတ်နိုင်ငံ၌ နှစ်စဉ်ငှက်ဖျားရောဂါ ဖြစ်ပွားသူ သန်း ၃ဝ အထိရှိပြီး ယခုအခါ ပြည်တွင်း၌ ငှက်ဖျားရောဂါ ဖြစ်ပွားသူ တစ်ဦးမျှမရှိသည်မှာ လေးနှစ်ဆက်တိုက်ရှိလာပြီဖြစ်သည်။
ငှက်ဖျားရောဂါသည် ရောဂါပိုး သယ်ဆောင်လာသည့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အချိန်မီဆေးကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်တတ်ကြောင်း သိရသည်။
Ref: Bangkok Post