ကမ္ဘာ့မြောက်ခြမ်းဆောင်းရာသီနဲ့ အသက်ပြင်းတဲ့ ကိုရိုနာဗိုင်းရပ်

မိမိတို့ရဲ့ကမ္ဘာကြီးကို  အလယ်ကနေ စိတ်မှန်းနဲ့ ကန့်လန့်ဖြတ်ပိုင်းထားတဲ့ မျဉ်းကိုအီကွေတာလို့ခေါ်ပြီး အီကွေတာရဲ့အပေါ် ဘက်ရှိကမ္ဘာခြမ်းကို မြောက်ကမ္ဘာခြမ်း၊ အီကွေတာရဲ့ အောက်ဘက်ရှိ ကမ္ဘာခြမ်းကို တောင်ကမ္ဘာခြမ်းလို့ ခေါ်ပါတယ်။ မိမိတို့ မြန်မာနိုင်ငံသည်လည်း မြောက်ကမ္ဘာခြမ်းထဲမှာ ကျရောက်နေပါတယ်။

မကြာမီအချိန်အတွင်းမှာ မြောက်ကမ္ဘာခြမ်းအတွက် ဆောင်းဦးရာသီ ကျရောက်တော့မှာ ဖြစ်ပြီး  ဆောင်းဦးရာသီပြီးရင် ဆောင်းရာသီ ဆက်လက် ကျရောက်တော့မှာပါ။

ဒီအချိန်မှာ အမေရိကန်သုတေသီတွေရဲ့ လေ့လာမှုတစ်ခုက လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်နိုင်ရေးအတွက် သိပ်ကိုအရေးပါနေပါတယ်။

သူတို့တွေ့ရှိထားတာကတော့ ကမ္ဘာ့ကပ်ရောဂါကို ဖြစ်စေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ နေအိမ်အဆောက်အအုံတွေရဲ့ ပြင်ပမှာ နဂိုခန့်မှန်းထားတာထက် အချိန်ပိုမိုကြာမြင့်စွာ အသက်ရှင်သန်နိုင်စွမ်း ရှိတယ်ဆိုတာပါပဲ။

သာမန်ရာသီဥတုဆိုရင် ပြဿနာသိပ်မရှိပေမယ့် ဆောင်းဦးရာသီ၊ ဆောင်းရာသီလိုမျိုး အပူချိန်နည်းပြီး စိုထိုင်းဆများတဲ့ ရာသီဥတုမှာတော့ ဗိုင်းရပ်က အချိန်ပိုမိုကြာမြင့်စွာ အသက်ရှင်နိုင်တယ် ဆိုတာကို သုတေသီတွေက တွေ့ရှိထားတာပါ။

နွေရာသီလို အပူချိန်မြင့်တက်တဲ့ ရာသီမှာ ပြင်ပမှာရှိတဲ့ ဗိုင်းရပ်က တစ်ရက်ကနေ သုံးရက်အထိသာ အသက်ရှင်နိုင်ပေမယ့် အပူချိန်ကျဆင်းတဲ့ အချိန်မှာတော့ သီတင်းပတ်တစ်ပတ်အထိ အသက်ရှင်သန်နိုင်တယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် ဆောင်းဦးရာသီ၊ ဆောင်းရာသီတို့မှာ ခြေကျင်ခရီးထွက်သူ တစ်ယောက်ရဲ့ အပေါ်အင်္ကျီမှာ တင်ကျန်နေတဲ့ဗိုင်းရပ်က   သီတင်းပတ်တစ်ပတ် အတွင်းမှာပဲ တခြားသူတွေကို ကူးစက်နိုင်စေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီလိုအပူချိန်ကျဆင်းချိန်နဲ့ ဗိုင်းရပ်ကလည်း  နေအိမ်အဆောက်အအုံပြင်ပမျက်နှာပြင်တွေမှာ အချိန်ပိုမိုကြာမြင့်စွာ ရှင်သန်နိုင်ချိန် တို့ကြောင့်   နောက်ထပ်ကြီးမားတဲ့ ကူးစက်မှုကြီးတစ်ခုကို ဖြစ်စေနိုင်တယ်လို့ ကန်ဆက်ပြည်နယ် တက္ကသိုလ်မှ တိရစ္ဆာန်အဏုဇီဝပညာရှင်   ပါမောက္ခယူဂန်ရစ်က ပြောပါတယ်။

ဒါ့အပြင် အပူချိန်ကျဆင်းနေချိန်မှာဆိုရင် ဗိုင်းရပ်ဟာ နေအိမ်အဆောက်အအုံပြင်ပမျက်နှာပြင်တွေမှာပဲ   အချိန်ကြာမြင့်စွာ ရှင်သန်နိုင်သည်သာမက အေးမြပြီး စိုထိုင်းဆများတဲ့  ဘယ်လိုအခြေအနေမျိုးမှာမဆို အချိန်ကြာမြင့်စွာ ရှင်သန်နိုင်စွမ်းရှိတယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

ဒါကြောင့်     ပြည်သူတွေအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပြီး ညစ်ညမ်းနိုင်ဖွယ်ရှိတဲ့ မျက်နှာပြင်တွေ ဥပမာအားဖြင့်   တံခါးလက်ကိုင်တွေ၊ ပြတင်းပေါက်တွေကို  ပုံမှန်ပိုးသတ်ပေးဖို့ ပါမောက္ခယူဂန်ရစ်နဲ့ အဖွဲ့က တိုက်တွန်း ထားပါတယ်။ ဒါမှသာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဆောင်းဦးရာသီမှာ ဗိုင်းရပ်ကူးစက်မှုအခြေအနေ ပိုဆိုးလာနိုင်ဖွယ်နဲ့ ပတ်သက်ပြီး အမေရိကန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာနက သြဂုတ်လအစောပိုင်းမှာ သတိပေးချက်ထုတ်ပြန်ပြီးနောက် ပါမောက္ခယူဂန်ရစ် တို့ရဲ့သုတေသန ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီဗိုင်းရပ်ကူးစက်မှုဟာ   နွေရာသီမှာ နည်းပါးသွားလိမ့်မယ်ဆိုပြီး သုတေသီတွေက အရင်တုန်းက တွေးထင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့  အမေရိကန်နိုင်ငံရဲ့နွေရာသီမှာ နေ့စဉ်ဗိုင်းရပ်ကူးစက်မှုက ၈၀၀၀၀ နီးပါးအထိ မြင့်တက်ခဲ့တာကြောင့် သုတေသီတွေဟာ ရာသီဥတု အခြေအနေ ပြောင်းလဲမှုက ဗိုင်းရပ်ရဲ့ ရှင်သန်နိုင်စွမ်းအပေါ် ဘယ်လိုသက်ရောက်စေလဲ ဆိုတာကို သိရှိနိုင်စေဖို့ လေ့လာမှုတွေ လုပ်ခဲ့တာပါ။

ဒါကြောင့် နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ အပူချိန်မြင့်တက်ချိန်မှာ ကူးစက်မှုမလျော့သွားပေမယ့်    အပူချိန်ကျဆင်းချိန်နဲ့ စိုထိုင်းဆများတဲ့အချိန်မှာတော့ ပိုမိုအသက်ရှင်နိုင်စွမ်း ရှိတာကို ရှင်းရှင်းလင်းလင်း တွေ့ရှိရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒီသုတေသနမှာ   သုတေသီတွေဟာ အပူချိန်အမျိုးမျိုးမှာ လူအများစုထိတွေ့မှုရှိတဲ့အရာဝတ္ထု အမျိုးမျိုးအပေါ် ဗိုင်းရပ်ရဲ့

ရှင်သန်နိုင်စွမ်းကို လေ့လာခဲ့ကြပါတယ်။

အဲဒီလိုလေ့လာရာမှာ တစ်ကိုယ်ရေ အကာအကွယ်ဝတ်စုံနဲ့    မိုးကာစလို အရာဝတ္ထုတွေမှာ ဗိုင်းရပ်က ပိုမိုရှင်သန်နိုင်ပြီး သူ့ရဲ့သက်တမ်းဝက်က ၄၅ နာရီအထိ ရှိတာကို တွေ့ရပါတယ်။

ဆောင်းဦးရာသီမှာ နောက်ထပ်ဖြစ်လာ နိုင်တာကတော့ တုပ်ကွေးရောဂါလိုမျိုး ကူးစက်ရောဂါတွေပါပဲ။ ဒီလိုကူးစက်ရောဂါတွေသာ အဖြစ်များလာပြီဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေက မနိုင်မနင်း ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင်   ကူးစက်ခံရတဲ့လူနာတွေ အနေနဲ့ကလည်း   ပိုမိုများပြားတဲ့ရောဂါလက္ခဏာတွေကို ခံစားရနိုင်သေးတယ်လို့ မကြာသေးမီကလုပ်တဲ့ သုတေသနတွေမှာ သုတေသီတွေက သတိပေးထားပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး  ရောဘတ်ရတ်ဖီးက ပြည်သူများအတွက် အချက်လေးချက်ကို အကြံပြုထားပါတယ်။

အဲဒါတွေကတော့ နှာခေါင်းစည်းတပ်ပါ၊ လူတစ်ဦးနှင့်တစ်ဦး ပူးပူးကပ်ကပ်မနေပါနဲ့၊ လက်ဆေးပါ၊ လူစုလူဝေးနဲ့ ပတ်သက်ပြီး သတိရှိပါတို့ ဖြစ်ပါတယ်။

ဒီအချက်လေးချက်ကိုမှ မလိုက်နာဘူးဆိုရင်တော့   ဘယ်တုန်းကမှ မကြုံဘူးတဲ့ ဆိုးဝါးတဲ့ ဗိုင်းရပ်ကူးစက်မှု အခြေအနေကို ထိပ်တိုက်ရင်ဆိုင် ရလိမ့်မယ်လို့ ရောဘတ်ရတ်ဖီးက သတိပေးထားပါသေးတယ်။

အားလုံးကို  ခြုံငုံသုံးသပ်ရမယ်ဆိုရင် လက်ရှိသုတေသနအရ   နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ဘယ်လိုနေရာမဆို၊ ဘယ်လို ရာသီဥတုမဆိုရှင်သန်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ အဆိုးဆုံးက အေးမြတဲ့ရာသီဥတုနဲ့ စိုထိုင်းဆများတဲ့ အခြေအနေတွေမှာ အချိန်ပိုမိုကြာမြင့်စွာ ရှင်သန်နိုင်တဲ့အပြင် ကူးစက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီတွေ့ရှိချက်တွေဟာ လူတွေအနေနဲ့ မပေါ့ဆသင့်တဲ့ တစ်နည်းအားဖြင့် ဗိုင်းရပ်ကူးစက်မှုအပေါ်   လျှော့မတွက်သင့်တဲ့ တွေ့ရှိချက်တွေဖြစ်နေပါတယ်။

ယနေ့ကမ္ဘာမှာ ကူးစက်မြန်သန္ဓေပြောင်းဗိုင်းရပ်က ကူးစက်မှုအများဆုံး ဖြစ်နေပါတယ်။   ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ဗိုင်းရပ်ကူးစက်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပြီး တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တာ၊ လူထူထပ်တဲ့နေရာတွေကို မသွားဘဲရှောင်ကြဉ်တာ၊ နှာခေါင်းစည်းတပ်တာမျိုးတွေကို   မဖြစ်မနေလုပ်ဆောင်သင့်ကြောင်း တိုက်တွန်း လိုက်ရပါတယ်။

Ref: SCMP