တောင်ဆူဒန် အစိုးရက သောင်းကျန်းသူအဖွဲ့ ငါးဖွဲ့နှင့် သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆို

တောင်ဆူဒန်အစိုးရသည် သြဂုတ် ၃၁ ရက်တွင် သောင်းကျန်းသူအဖွဲ့ငါးဖွဲ့နှင့် သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးချုပ်ဆိုကြောင်း သိရသည်။

အဆိုပါ   သဘောတူညီချက်သည် ခေါင်းဆောင်ဟောင်း  အိုမာအယ်ဘာရှာလက်ထက်တွင် ထိန်းမနိုင်သိမ်းမရ ဖြစ်သည့် အမြစ်တွယ်နေသော ပဋိပက္ခများကိုဖြေရှင်းရန် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်။

၂၀၁၉ ခုနှစ် ဧပြီလတွင်  အိုမာအယ်ဘာရှာဖြုတ်ချခံရပြီးနောက် အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များက အာဏာခွဲဝေယူကာ ဆယ်စုနှစ်များစွာ ကြာဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခကို အဆုံးသတ်စေရေးက ၃၉ လကြာ အသွင်ကူးပြောင်းမှုကာလအတွင်း ထိပ်တန်းဦးစားပေးကိစ္စ ဖြစ်သည်ဟု အဆိုပါခေါင်းဆောင်များက ပြောထားသည်။

တောင်ဆူဒန်နိုင်ငံ    ဂျူးဘားမြို့၌ လက်မှတ်ထိုးသည့်   အဆိုပါ သဘောတူစာချုပ်အရ သောင်းကျန်းသူများ အနေဖြင့် နိုင်ငံရေးအရ ကိုယ်စားပြုမှုနှင့် အာဏာခွဲဝေလွှဲပြောင်းမှု၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ပေါင်းစည်းမှု၊  စီးပွားရေးနှင့်မြေယာ အခွင့်အရေးများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် နေရပ်ပြန်လာခွင့်တို့ကို ရရှိမည် ဖြစ်သည်။

အဆိုပါ စာချုပ်၌  လက်မှတ်ထိုးသည့် အဖွဲ့များတွင် တရားမျှတရေးနှင့် သာတူညီမျှလှုပ်ရှားမှုအဖွဲ့၊  ဆူဒန်လွတ်မြောက်ရေး တပ်မတော်၊ ဆူဒန်ပြည်သူ့လွတ်မြောက်ရေး လှုပ်ရှားမှု မြောက်ပိုင်းအဖွဲ့တို့လည်း ပါဝင်သည်။ ၂၀၀၃ ခုနှစ်တွင် အစိုးရတပ်ဖွဲ့များနှင့် အဓိကအားဖြင့် အာရပ်ပြည်သူ့စစ်များက အာရပ်မဟုတ်သော သောင်းကျန်းသူများကို ချေမှုန်းမှုကြောင့် ဒါဖာဒေသ၌ ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လူပေါင်းသုံးသိန်းကျော် သေဆုံးပြီး စစ်ဘေးရှောင်ရသူ နှစ်သန်းခွဲဝန်းကျင်ရှိကြောင်း သိရသည်။

Ref: CNA