ငယ်ဘဝ

ယမန်နေ့မှအဆက်

ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်နိပါတ်တော်များ၊ သမိုင်းဆိုင်ရာပုံပြင်များနှင့် မဏိကတ်ဇာတ်လို အခြားသော ပုံပြင်များစွာတို့ကို   အဖေကြီးက ပြောပြသည်။

မောင်ငြိမ်းချမ်းကို အဖေကြီးပုံပြောလျှင် အမေကြီးနှင့် ဦးလေးပါ နားထောင်ကြသည်။

မောင်ငြိမ်းချမ်း ပုံပြင်များကို ပို၍စိတ်ဝင်စားလာသည်။ အိမ်မှာရှိသမျှ စာအုပ်များမှာ ပုံပြင်လိုက်ရှာသည်။   လစဉ်ထုတ် အဖေကြီးရလာသည့် ပညာတန်ဆောင်စာအုပ်များမှာ ပုံပြင်ပါသည်ကို တွေ့ရသည်။

ပုံပြင်ရှာဖတ်ရင်းမှ ပညာတန်ဆောင် စာအုပ်များနှင့် ရင်းနှီးလာသည်။ ဖတ်မိလာသည်။

မောင်ငြိမ်းချမ်း စာဖတ်ဝါသနာပါသည်ကို အဖေကြီး သဘောကျဟန်တူပါသည်။ တစ်လတွင် လခထုတ်ပြီး အပြန်မှာ    စာအုပ်ကလေး တစ်အုပ်ပါလာသည်။ အမေရိကန်သမ္မတကြီး   အေဘရာဟင်လင်ကွန်း အကြောင်း ရေးထားသော စာအုပ်ကလေးဖြစ်သည်။

လင်ကွန်းလေးသည် ဆင်းရဲ၍ စာသင်စာဖတ်ခြင်းကို ညအချိန်မှာ မီးပုံမီးရှို့ပြီး သင်ရဖတ်ရသည်။ မြေပြင်မှာ တုတ်နှင့်ခြစ်ပြီး စာရေးရသည်။ သစ်တောထဲမှာ သစ်ခုတ်ရသည်။ သစ်လုံးအိမ်လေးမှာ နေရသည်။

စာတစ်အုပ်ဖတ်ရဖို့အရေး မိုင်များစွာဝေးသော ခရီးကို သွားငှားရသည်။ လွယ်လွယ်နှင့်မရ။ သစ်ခုတ်ပေးခဲ့ရသည်။ ဖတ်ပြီးသည်နှင့် လင်ကွန်းက မိုင်များစွာ ဝေးသော ခရီးကို မပျက်မကွက် သွားပေးသည်။

စာဖတ်အလွန်ဝါသနာပါသော   အေဘရာဟင်လင်ကွန်းသည် စာအလွန်ဖတ်ခြင်းနှင့် ရိုးရိုးသားသား ကြိုးစားခြင်းကြောင့် အမေရိကန်နိုင်ငံ၏ သမ္မတကြီး အဖြစ်နှင့် သစ်လုံးအိမ်မှ အိမ်ဖြူတော်သို့ ရောက်ခဲ့ရပုံတို့ကို မောင်ငြိမ်းချမ်း သိရှိအားကျဖြစ်ခဲ့ရသည်။

xxxxx

ကစားဖော်သူငယ်ချင်း

ဘိုအေးသည် မောင်ငြိမ်းချမ်း၏ အိမ်နီးချင်းဖြစ်သလို ကစားဖော်လည်းဖြစ်သည်။ ငယ်စဉ်ကမြေမှုန့် ကစားဖော်ဖြစ်သည်။ ကြီးလာသောအခါ ထွေခင်းကစားဖက်ဖြစ်သည်။ အိမ်နီးချင်းဘိုအေးက အမြဲလိုပင်အိမ်အနောက်ဘက်မှ ညောင်ပင်အောက်မှာ ရောက်နေသည်။

''ဟေ့ကောင်ဘိုအေး... ထွေခင်းမယ်...''

မောင်ငြိမ်းချမ်းက ထွေဒိုးအဖြစ် ထယ်သွားကျိုးကို ယူလာသည်။ မနေ့ကမှ ထယ်ရင်းနှင့် ကျိုးသွားသော ထယ်သွားကျိုးကို ဦးလေးက ထွေဒိုးလုပ်ရန် ပေးထားခြင်းဖြစ်သည်။ ပုဆိုးခါးပိုက်ထဲမှာလည်း လောက်စာလုံး အပြည့်နှင့် ဘိုအေးက မောင်ငြိမ်းချမ်းလက်ထဲမှ ထွေဒိုး(ထယ်သွားကျိုး)ကို သဘောကျစွာကြည့်နေသည်။

ပြောင်ချောပြီး လက်ဆကောင်းသော အရွယ်ဖြစ်၏။

''ခဏစောင့်... ငါ့ထွေဒိုးနဲ့  လောက်စာလုံး သွားယူလိုက်အုံးမယ်''

ဘိုအေး သူ့အိမ်ဘက်သို့ပြန်ပြေးသည်။ သိပ်မကြာလိုက်ပါ။ ခါးပိုက်ထဲမှာ လောက်စာလုံးအပြည့်နှင့် ထွေဒိုးကိုင်လျက်ရောက်လာသည်။ ဘိုအေးလက်ထဲမှ ထွေဒိုးကို မောင်ငြိမ်းချမ်း လှမ်းကြည့်လိုက်သည်။

သူ့အမေဈေးရောင်းသည့် ချိန်ခွင်တောင်းထဲမှ တစ်ဆယ်သား အလေးကို ယူလာခြင်းဖြစ်သည်။ သံလေးအဝိုင်းဖြစ်သည်။ လက်ဆကောင်းသည့် အရွယ်ဖြစ်သည်။

လောက်စာလုံး ဆယ်လုံးကြေးဖြစ်သည်။ လေးလုံးပေါ် တစ်လုံးဆင့်တင်သည့် လောက်စာလုံးပုံလေးပုံကို တန်းစီထားပြီး အဝေးမှထွေဒိုးနှင့် ပစ်ကစားရခြင်းဖြစ်သည်။

နှစ်ပွဲကစားပြီးသောအခါ အုန်းကျော်နှင့်စံတင် ရောက်လာသည်။ ကစားသူလေးယောက်မို့ လောက်စာလုံး အတန်းပိုရှည်လာသည်။

ဘိုအေးအလျင်ပစ်လှည့်မှာ လောက်စာလုံးတန်း ကောက်နေသည်ကို မြင်၍ မောင်ငြိမ်းချမ်း ပြေးသွားသည်။ လောက်စာလုံးပုံကို တန်းအောင်ပြင်လိုက်သည်။

''မပစ်နဲ့အုံးဟေ့...''

မောင်ငြိမ်းချမ်းက လှမ်းအော်ပြောစဉ်မှာပင် ဘိုအေးက သူ့လက်ထဲမှ ဆယ်လေးဒိုးကို ပစ်လွှတ်လိုက်သည်။

''ဒုတ်...''

''အား...''

ဆယ်လေးဒိုးသည် မောင်ငြိမ်းချမ်း၏ လက်ယာဘက် မျက်စိဘေးကို မှန်သည်။    နွေရာသီပူချိန်ဖြစ်၍ သွေးများက ဖြာကျလာသည်။

''မျက်စိထိသွားပြီ''

''ဘိုအေးက ဆယ်လေးနဲ့ ပစ်လိုက်တာ''

မောင်ငြိမ်းချမ်း၏ အဖေကြီး၊ အမေကြီး၊ ဦးလေးတို့ ရောက်လာသည်။

မျက်စိဘေးနားမှာ ပေါက်သွားသည့်နေရာမှ သွေးထွက်နေသည်ကို တွေ့ရသည်။

''မျက်စိဖွင့်ကြည့်၏...''

မောင်ငြိမ်းချမ်းဖွင့်ကြည့်သည်။ မြင်ရသည်။ ဘာမမဖြစ်။

''ဟာ...မျက်စိနဲ့နည်းနည်းလေးပဲ လွဲချော်သွားတယ်ကွာ...ကံကောင်းလို့ပေါ့''

အားလုံးစိတ်အေးသွားကြရသည်။

ထိုအချိန်တွင် ဘိုအေးတို့အိမ်ဘက်မှ ဒေါ်စောရီ၏ တဖုန်းဖုန်းရိုက်နှက်သံ ဘိုအေး၏ အော်သံငိုသံကို ကြားရသည်။

ခဏကြာသောအခါ မောင်ငြိမ်းချမ်း ညောင်ပင်အောက်သို့ ရောက်သွားသည်။ ဘိုအေးကိုညောင်မြစ်ပေါ်မှာ ထိုင်လျက်တွေ့ရသည်။

''ဒီမယ်ကြည့်စမ်း မင်းပစ်လိုက်တာ ကံကောင်းလို့ မျက်လုံးနဲ့နည်းနည်းပဲ လွဲသွားတယ်''

မောင်ငြိမ်းချမ်းက  ပလာစတာ ကပ်ထားသော ဒဏ်ရာကိုပြသည်။

ဘိုအေးက သူ့အင်္ကျီကိုမလှန်၍ သူ့ကျောကုန်းကိုပြသည်။

''အို...''

မောင်ငြိမ်းချမ်း စိတ်မကောင်းဖြစ်မိသည်။ ဘိုအေး ကျောပြင်မှာ ဝါးခြမ်းပြားရာ၊ လက်ငါးချောင်းရာတို့ ထင်နေသည်။ သွေးစို့သောနေရာများကို ရိုက်သော အမေကပင် နနွင်းသိပ်ပေးထားသည်။

မောင်ငြိမ်းချမ်းနှင့် ဘိုအေး  ဘေးချင်းကပ်လျက် နှစ်ယောက်အတူ ထိုင်လိုက်ကြပါသည်။

ဆက်လက်ဖော်ပြပါမည်။