ကမ္ဘာ့ကပ်ရောဂါက ကမ္ဘာ့ကျန်းမာရေးစနစ် တိုးတက်မှုများကို အချိန်တိုအတွင်း ပျက်စီးစေနိုင်

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုသည် နှစ်ပေါင်းများစွာ ကြာမှသာရရှိသည့် ကမ္ဘာ့ကျန်းမာရေး စနစ်တိုးတက်မှုများကို အချိန်တိုအတွင်း ပျက်စီးစေနိုင်ကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၃၁ ရက်တွင် သတိပေးထားသည်။

အခြေခံကျသော ကျန်းမာရေးလုပ်ငန်းများအပေါ် ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုက အလွန်အမင်းစိုးရိမ်ရမှု၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ရရှိသော ကျန်းမာရေးစနစ် တိုးတက်မှုများမှာ အချိန်တိုအတွင်း ပျက်စီးစေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းတွင် ကမ္ဘာ့ကပ်ရောဂါနှင့် ပတ်သက်၍ နိုင်ငံပေါင်း ၁၀၀ ကျော်၏ မေလမှ ဇူလိုင်လအတွင်း တုံ့ပြန်ဆောင်ရွက်ချက်များ ပါဝင်သည်။

ထိုစစ်တမ်းအရ   အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့ပါဝင်သော အရှေ့ပိုင်းမြေထဲပင်လယ်ဒေသက ကမ္ဘာ့ ကပ်ရောဂါ၏ ရိုက်ခတ်မှုကို အဆိုးဆုံးခံရကာ အာဖရိကနှင့် အရှေ့တောင်အာရှဒေသတို့က  ဒုတိယနေရာလိုက်ကြောင်း သိရသည်။ ထို့ပြင်   ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဟုတ်သော်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် ကျန်းမာရေးစနစ် ယိုယွင်းရသည့်အတွက် ဒေသအချို့တွင်  အခြားရောဂါများဖြင့် သေဆုံးမှုမှာ မြင့်တက်လာကြောင်းနှင့် စာရင်းကောက်ယူနိုင်ရန် ခက်ခဲနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းတွင်  ဖော်ပြထားသည်။

ကမ္ဘာ့ကပ်ရောဂါကြောင့် ကျန်းမာရေးစနစ်ပျက်စီးမှုများသည် ထိုကပ်ရောဂါပြီးဆုံးသွားသည့် နောက်တွင်လည်း ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတိပေးထားသည်ဟု သိရသည်။

Ref: CNA