ယူရို ၂၀၂၀ ပြိုင်ပွဲ၌ ချက်အသင်းကို အနိုင်ရရှိပြီး အသင်းသမိုင်းတစ်လျှောက် ၁၉၉၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒိန်းမတ်အသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်

ယူရို ၂၀၂၀ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဇူလိုင် ၃ ရက်ညပိုင်းက ဒိန်းမတ်အသင်းနှင့်  ချက်အသင်းတို့  ယှဉ်ပြိုင်ကစားရာ  ဒိန်းမတ်အသင်းက ၂ ဂိုး-၁ ဂိုးဖြင့်  အနိုင်ရရှိပြီး  အသင်းသမိုင်းတစ် လျှောက် ၁၉၉၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ်   ဆီမီးဖိုင်နယ်အဆင့်သို့   တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်၌ ဒိန်းမတ်အသင်းက ချက်အသင်း ကို   အကောင်းဆုံး ဖိအားပေးကစားနိုင်ကာ   ပွဲချိန် ၅ မိနစ်တွင် ဒီလေးနီနှင့် ပွဲချိန် ၄၂ မိနစ်တွင် ဒေါ့ဘတ်တို့က ဒိန်းမတ်အသင်းအတွက် ဂိုးများသွင်းယူပေးပြီး   ပွဲချိန်ပထမပိုင်းတွင် ဒိန်းမတ်အသင်းက နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ပွဲချိန်ဒုတိယပိုင်းတွင် ချက်အသင်းက ပြန်လည်ဖိအားပေးကစားခဲ့ရာမှ  ပွဲချိန် ၄၉  မိနစ် တွင်  ချက်အသင်း၌  ခြေစွမ်းပြကစားလျက်ရှိသည့်   ပက်ထရစ်ရှစ်က အသင်းအတွက်  ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီးဆုံးချိန်အထိ နှစ်သင်းစလုံး ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက်  ပွဲ ပြီးဆုံးချိန်တွင်  ဒိန်းမတ်အသင်းက ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခြင်း ဖြစ်သည်။   အဆိုပါ ပွဲစဉ်၌    ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားဆု ဖြစ်သည့် Star  of  the  Match ဆုကို ဒိန်းမတ်အသင်းအတွက်  ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်  ဒီလေးနီက ရရှိခဲ့သည်။

ဒိန်းမတ်အသင်းသည် လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲ အုပ်စုပွဲစဉ် တစ်လျှောက်တွင် အသင်းမှ အဓိကကွင်း လယ်ကစားသမား အဲရစ်ဆင်၏ အသက်အန္တရာယ် တွေ့ကြုံခဲ့ရသည့် ဖြစ်ရပ်နှင့်အတူ  အုပ်စုပွဲစဉ်များ၌   ဖင်လန်အသင်းနှင့်  ဘယ်လ်ဂျီယံအသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့သော်လည်း အုပ်စုနောက်ဆုံးပွဲစဉ် တွင် ရုရှားအသင်းကို ၄ ဂိုး-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိခြင်းကြောင့် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက် ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒိန်းမတ်အသင်းသည်  အုပ်စုပွဲစဉ်များ၌  ရုန်းကန်ခဲ့ရသော်လည်း  ၁၆   သင်းရှုံးထွက် အဆင့်တွင် ဝေးလ်အသင်းကို ၄ ဂိုး- ဂိုးမရှိဖြင့် လည်းကောင်း၊  ဇူလိုင်  ၃  ရက်ညပိုင်းက ကစားသည့်   ကွာတားဖိုင်နယ် အဆင့်တွင် ချက်အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဒိန်းမတ်အသင်းနှင့် ပွဲစဉ်၌  ချေပဂိုးသွင်းယူပေးသည့်  ချက်အသင်းမှ ပက်ထရစ်ရှစ်က  ပြိုင်ပွဲ၌ သွင်းဂိုးငါးဂိုး သွင်းယူနိုင်ခဲ့ကာ လက်ရှိအချိန်ထိ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင်   ပေါ်တူဂီ အသင်းမှ တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် ငါးဂိုးစီသွင်းဂိုး တူညီပြီး ဦးဆောင်လျက်ရှိကြောင်း သိရသည်။

ဒိန်းမတ်အသင်းသည် ဇူလိုင် ၈ ရက်တွင် ယူရို ၂၀၂၀  ပြိုင်ပွဲ  ဆီမီးဖိုင်နယ်ပွဲစဉ် ကစားရမည်ဖြစ်ကြောင်း သိရသည်။               

Ref;90Min