ရန်ကုန်တိုင်းဒေသကြီးရှိ Facility Quarantine စင်တာများ၌ လုပ်အားပေးမည့် စေတနာ့ ဝန်ထမ်းများ လိုအပ်နေ

ရန်ကုန်  သြဂုတ်  ၃၁

ရန်ကုန်တိုင်းဒေသကြီးရှိ    Facility Quarantine စင်တာများ၌ လုပ်အားပေးမည့်   စေတနာ့ဝန်ထမ်းများ လိုအပ်နေကြောင်း Volunteer For COVID-19 Yangon အဖွဲ့မှ  အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါအဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာန၏ အုပ်ချုပ်မှု လက်အောက်မှ   Facility Quarantine စင်တာများ၌   လုပ်အားပေးနေခြင်း ဖြစ်ပြီး   ယခင်က   ရုံးများ ပိတ်ထားသည့် အတွက် စေတနာ့ဝန်ထမ်း အများအပြား ရှိခဲ့ကြောင်း၊ လက်ရှိတွင် လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်သူများ ရှိသဖြင့် စေတနာ့ဝန်ထမ်း လိုအပ်ချက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  PPE ဝတ်စုံများနှင့် နှာခေါင်းစည်းများလည်း လိုအပ်ပြီး    လက်ရှိတွင် Facility Quarantine စင်တာ  ၁၅  ခု၌  စေတနာ့ဝန်ထမ်း ဦးရေ ၁၅ဝ လုပ်အားပေးလျက် ရှိကြောင်း၊ လိုအပ်နေသော စေတနာ့ဝန်ထမ်းများကို   ထပ်မံဖိတ်ခေါ်ထားပြီး စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးရန် လူဦးရေ ၃ဝ ခန့် စာရင်းပေးသွင်း ထားကြောင်း သိရသည်။

''စေတနာ့ဝန်ထမ်း လိုအပ်နေတဲ့အတွက် ထပ်ခေါ်ထားတယ်။ ဒီမှာ  လုပ်အားပေးနေတဲ့သူ တချို့က    လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်သွားကြတော့ ပုံမှန်လုပ်အားပေးမယ့်သူ နည်းသွားတယ်။ အခုက ပြည်တော်ပြန်တွေနဲ့ စစ်တွေကနေ ဝင်ရောက်လာသူတွေ ရှိတယ်။ ကျွန်တော်တို့အဖွဲ့ကို  စစ်တွေကို သွားပြီးလုပ်အားပေးဖို့  တာဝန်ပေးလာရင်လည်း သွားရောက်ဖို့ ရှိပါတယ်''ဟု ၎င်းကပြောသည်။

သြဂုတ် ၂၃ ရက်အထိ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးရှိ Quarantine စင်တာ ၆၅ ခု၌ အသွားအလာ ကန့်သတ်ထားသည့်လူဦးရေ ၄ဝဝဝ ကျော်ရှိကြောင်း၊ လက်ရှိလုပ်အားပေး အနေဖြင့် ဆောင်ရွက်နေသည့်  စေတနာ့ဝန်ထမ်းများ အတွက် သင်တန်းပို့ချပေးခြင်း အစီအစဉ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက UEHRD Health Care ၏ရန်ပုံငွေဖြင့် လုပ်ဆောင်ရန် စီစဉ်နေကြောင်း၊ COVID-19 ရောဂါဖြစ်ပွားနေသည့်    အခြေအနေများအရ  စင်တာများ၌   အသွားအလာ ကန့်သတ်ထားသူ ဦးရေ များပြားလာပါက စေတနာ့ဝန်ထမ်း လိုအပ်ချက် ရှိလာမည်ဖြစ်သည့်အတွက် စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးလုပ်ကိုင်ရန် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။