အမေရိကန် အစိုးရအား အံ့အားသင့်စေခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှု

အမေရိကန်၌   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့သည့်    ဆိုက်ဘာ တိုက်ခိုက်မှုသည် အမေရိကန် အစိုးရအား အံ့အားသင့်စေခဲ့သည်။   ဆိုက်ဘာတိုက်ခိုက်သူများသည် စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀၀ ခန့်ကို ပစ်မှတ်ထားပြီး အမေရိကန်သတင်းနှင့် နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် Kaseya ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆိုက်ဘာ တိုက်ခိုက်ခံရသည့်စီးပွားရေး လုပ်ငန်းများတွင် ဆွီဒင်နိုင်ငံမှ အကြီးဆုံး စူပါကုန်တိုက်ကြီးတစ်ခု ပါဝင်ပြီး ယင်းသို့ တိုက်ခိုက်ခံရပြီးနောက်   အဆိုပါကုမ္ပဏီသည် ၎င်းတို့၏ စတိုးဆိုင်ပေါင်း ၈၀၀ ခန့်ကို ယာယီပိတ်ပစ်ခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့ အစည်းက လုပ်ဆောင်ခဲ့သည်ကို အမေ ရိကန် အစိုးရက စုံစမ်းလျက်ရှိသည်။ ကနဦးတွင် ရုရှားနှင့် ဆက်နွှယ်နေသည့် REvil ဟက်ကာအဖွဲ့၏  လက်ချက်ဖြစ်သည်ဟု အမေရိကန်ဆိုက်ဘာ  လုံခြုံရေးကုမ္ပဏီ Huntress Labs က ဆိုထားသည်။

သို့ရာတွင်      ယခုဖြစ်ပွားခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုတွင်   ရုရှားပါဝင်ဆက်နွှယ်မှု ရှိ၊ မရှိ အတိအကျပြောဆိုနိုင်ခြင်းမရှိကြောင်း   အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကိုယ်တိုင်က   ထုတ်ဖော်ပြောကြားထားသည်။  ထို့ကြောင့်  ဆိုက်ဘာတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်းကို   ဖော်ထုတ်ရန် ထောက်လှမ်းရေး အေဂျင်စီများကို  ညွှန်ကြားထားကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။  အကယ်၍ ယင်းဆိုက်ဘာတိုက်ခိုက်မှုသည်  ရုရှားနှင့်ဆက်နွှယ်နေသည် ဆိုပါက  အမေရိကန် အစိုးရအနေဖြင့် တုံ့ပြန်ရန် စီစဉ်ထားသည်။

အမည်မသိဟက်ကာအဖွဲ့သည် ဖလော်ရီဒါပြည်နယ် မိုင်ယာမီအခြေစိုက် Ka-seya ကုမ္ပဏီအား ဇူလိုင် ၂ ရက်က ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများက ၎င်းတို့၏ ဖောက်သည်များထံသို့ ပေးပို့သည့် ဖိုင်များတွင်  စကားဝှက်များ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။   အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုသည် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသည့်အဟန့် အတားများကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုနိုင်သည်။

ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပိုင်းတွင်  ဆွီဒင်နိုင်ငံမှ အကြီးဆုံးစူပါကုန်တိုက်ကြီးဖြစ်သည့် Coop  မှာ ဖောက်သည်များထံမှ ငွေကြေးပေးချေမှုကို လက်ခံနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ ဆိုက်ဘာတိုက်ခိုက်မှု၏ ဂယက်သည်  မီးရထားဝန်ဆောင်မှုလုပ်ငန်းများနှင့်    ဆေးဝါးအရောင်းဆိုင်ခွဲ အများအပြားပေါ်သို့ပါ ရိုက်ခတ်ခဲ့သည်။

ထို့ကြောင့် ဟက်ကာများက ယခုလုပ် ဆောင်ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုသည် အလွန်အန္တရာယ်   ကြီးမားသောကြောင့် အမေရိကန် အေဂျင်စီများနှင့်  စီးပွားရေး လုပ်ငန်းများအနေဖြင့် ထိုသို့သောဆိုက်ဘာ တိုက်ခိုက်မှုများကို  ကာကွယ်နိုင်ရေး လုံခြုံရေးအရ အသင့်ပြင်ထားမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ် နေပြီဖြစ်သည်ဟူသော ပြောဆိုချက်များ ထွက်ပေါ်လာခဲ့သည်။

ရုရှားစစ်ထောက်လှမ်းရေး အဖွဲ့သည် ဆိုက်ဘာတိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု   အမေရိကန်နှင့်ဗြိတိန်ထောက်လှမ်းရေး အဖွဲ့များက စွပ်စွဲပြောဆိုပြီးနောက်ပိုင်းတွင်  Kaseya  ကုမ္ပဏီ အပေါ်    ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်အစိုးရသည်   နိုင်ငံအတွင်း ဆိုက်ဘာတိုက်ခိုက်မှု  ဖြစ်ပွားပြီဆိုပါက ရုရှားနိုင်ငံအား စွပ်စွဲပြောဆိုသည့်အလေ့ အကျင့်ရှိနေသည်။

ရုရှားအစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်က   အမေရိကန်တွင် ကျင်းပသည့်   ရွေးကောက်ပွဲ၌ ဝင်ရောက် စွက်ဖက်ရန် ကြိုးပမ်းခဲ့ပြီး သမ္မတဂျိုးဘိုင်ဒင်၏ ရွေးကောက်ပွဲမဲဆွယ်မှုကို    အနှောင့်အယှက်ပြုရန်  ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။

သို့ရာတွင် အဆိုပါစွပ်စွဲချက်အားလုံးကို ရုရှားက ငြင်းဆိုထားသည်။

ထို့ပြင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်တို့ကြား ယခုနှစ် ဇွန် ၁၆ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင်ကျင်းပသည့်  ထိပ်သီးဆွေးနွေးပွဲ၌   ဆိုက်ဘာတိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီးဖြစ်သည်။

ရုရှားအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ နယ်မြေပိုင်နက်များတွင်   အခြေပြု လုပ်ဆောင်နေသည့်   ဆိုက်ဘာ တိုက်ခိုက်မှုများကို   နှိမ်နင်းပေးရန်  ဂျိုးဘိုင်ဒင်က သမ္မတပူတင်အား တောင်းဆိုခဲ့ပြီး ဆိုက်ဘာ တိုက်ခိုက်မှုများကြောင့်    ထွက်ပေါ်လာနိုင်သည့် တုံ့ပြန်ချက်များနှင့် စပ်လျဉ်း၍လည်း သတိပေး ပြောကြားခဲ့သည်။

ဆိုက်ဘာရာဇဝတ်မှုများကို   ဖော်ထုတ်အရေးယူခြင်းသည်   ရုရှားနိုင်ငံက အကောင်အထည်ဖော်   ဆောင်ရွက်နေသည့်    ဦးစားပေး လုပ်ငန်းစဉ်များ ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရ အနေဖြင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို   လုပ်ဆောင်တတ်သည့် အလေ့အကျင့်ကို စွန့်လွှတ်နိုင်လိမ့်မည်ဟု ရုရှားအစိုးရက မျှော်လင့်ကြောင်း၊ နိုင်ငံတကာ သတင်းအချက်အလက်ဆိုင်ရာ   လုံခြုံမှုပိုမို ကောင်းမွန်တိုးတက် လာစေရန် ရုရှားကျွမ်းကျင်သူများနှင့်   ပူးပေါင်းဆောင်ရွက်ရေးကိုသာ   အဓိက အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း ရုရှားနိုင်ငံက ပြန်လည် တုံ့ပြန်ထားသည်။

တစ်နည်းအားဖြင့် ဆိုရပါမူ ရုရှားနိုင်ငံ၏   အဆိုပါတုံ့ပြန်ချက်သည်  ယခင်အမေရိကန် အစိုးရက ပြောဆိုထားသည့် စွပ်စွဲချက်များမှာ အခြေအမြစ်မရှိကြောင်းနှင့်   ရုရှားနိုင်ငံက   အမေရိကန်အပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ  လုပ်ဆောင်မည်မဟုတ်ဟု  အမေရိကန်အစိုးရအား အတိအလင်း  ပြောကြားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ထို့ကြောင့် ယခုဖြစ်ပွားသည့် ဆိုက်ဘာတိုက်ခိုက်မှုသည်    အမေရိကန်အတွက် အတိုင်းအတာတစ်ခုအထိ အထိနာစေခဲ့သည့်အပြင် အစိုးရအား ဇဝေဇဝါဖြစ်စေ လျက်ရှိသည်ဟု ဆိုနိုင်သည်။ ယင်းဆိုက်ဘာ တိုက်ခိုက်မှုသည် ရုရှားလက်ချက်ဖြစ်သည်ဟု သံသယရှိနေသော်လည်း ရုရှားအစိုးရ၏ ထုတ်ပြန်ချက်ကြောင့်   အမေရိကန်မှာ   ဆိုက်ဘာတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အတိအကျ ပြောနိုင်သည့် အခြေအနေတွင် မရှိပေ။

အကြောင်းမှာ အီရန်အပါအဝင် အမေရိကန်အား   ဆန့်ကျင်သည့်နိုင်ငံများ၏ ဆိုက်ဘာနည်းပညာမှာ တစ်စထက်တစ်စ ပိုမိုမြင့်တက်လာနေသောကြောင့်   ယခုဖြစ်ပွားသည့် ဆိုက်ဘာတိုက်ခိုက်မှုသည် အမေရိကန်အား အထိနာစေသည့်အပြင် ဂျိုးဘိုင်ဒင် အစိုးရအား  အံ့အားသင့်စေခဲ့သည်ဟု ဆိုနိုင်ကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။        ။    

ဇေယျဘုန်း

Ref: CNA, Sputnik