ဖိလစ်ပိုင်စစ်လေယာဉ်တစ်စင်းပျက်ကျ လူ ၂၉ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

ဖိလစ်ပိုင်စစ်ဘက်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းသည် နိုင်ငံတောင်ပိုင်း၌ ဇူလိုင် ၄ ရက်တွင်ပျက်ကျပြီး မီးလောင်မှုဖြစ်ပွားရာ စစ်သည် ၂၉ ဦးသေဆုံး၍ ၅၀ ကျော်ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ကျောင်းဆင်းစစ်သည်အယောက် ၁၀၀ နီးပါးလိုက်ပါလာသော C-130 Hercules သယ်ယူပို့ဆောင်ရေး လေယာဉ်သည် နေ့လယ်ပိုင်းတွင်  ဆူလူးပြည်နယ် ဂျိုလိုကျွန်းသို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျပြီးမီးလောင်ခြင်းဖြစ်သည်။

စစ်သည်အချို့သည် လေယာဉ်ပျက်ကျပြီး မြေပြင်နှင့်မထိမီ ခုန်ချကြသည်ဟု ယူဆရကြောင်း  ဗိုလ်ချုပ်ဝီလီယံဂွန်ဇာလက်က ပြောသည်။  ယခုဖြစ်ပွားသော လေယာဉ်ပျက်ကျမှုသည် စစ်လေယာဉ်များ ပျက်ကျမှုများအတွင်း  လူသေဆုံးမှု အများဆုံးသော မတော်တဆမှုဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ လေယာဉ်ပျက်ကျမှုအတွင်း လူ ၁၇ ဦးပျောက်ဆုံးနေသည့်အတွက်    ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိသည်။

အင်ဂျင်လေးလုံးတပ် အဆိုပါ လေယာဉ်သည် မင်ဒါနာအိုကျွန်းတောင်ပိုင်း ကာဂိုယန်ဒီအိုရိုမှ ကျောင်းဆင်းစစ်သည်များ ကိုတင်ဆောင်သွားပြီး ဂျိုလိုတွင် ဆင်းသက်ရန် ကြိုးပမ်းစဉ် လေယာဉ်ပြေးလမ်းကျော်ကာ ကျောက်မိုင်းတစ်ခုအနီး ပျက်ကျသဖြင့် ထက်ပိုင်းကျိုးသွားကြောင်း   လေတပ်မှ

ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

C-130 Hercules လေယာဉ်များသည်  ကမ္ဘာတစ်ဝန်းရှိ   တပ်မတော်များတွင် သယ်ယူပို့ဆောင်ရေး လေယာဉ်အဖြစ် အဓိကထား အသုံးပြုနေသည့် လေယာဉ်များ ဖြစ်သည်။              

Ref: Japan Today