ဗြိတိန်စစ်သင်္ဘောကဲ့သို့ ရန်စမှုက ပြင်းထန်စွာ တုံ့ပြန်ရမည့်ကိစ္စဖြစ်ဟု ရုရှားဆို

ပြီးခဲ့သည့်လတွင် ခရိုင်မီးယားကျွန်းဆွယ်အနီးရှိ ရုရှားရေပိုင်နက်အတွင်း ဗြိတိန်စစ်သင်္ဘော တစ်စင်း ဝင်ရောက်လာမှုသည် ပြင်းထန်စွာ တုံ့ပြန်ရမည့်ကိစ္စ ဖြစ်ကြောင်း ကရင်မလင်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၄ ရက်တွင် ပြောသည်။

ရုရှားရေတပ်သည်   ထိုစစ်သင်္ဘောကို မောင်းထုတ်ရန် သင်္ဘော၏ လမ်းကြောင်းပေါ်သို့ ဗုံးများပစ်ချပြီး သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တကယ်တမ်းတွင်   ထိုသင်္ဘောကို နှစ်မြှုပ်နိုင်ကြောင်း သမ္မတဗလာဒီမာပူတင်က ဇွန် ၃၀ ရက်တွင် ပြောသည်။

ဗြိတိန်အစိုးရက   ၎င်းတို့၏ သင်္ဘောအနေဖြင့် ထိုရေပိုင်နက်မှ ဖြတ်သန်းခွင့်ရှိကြောင်း ပြောထားသော်လည်း ရုရှားကမူ ဗြိတိန်စစ်သင်္ဘော၏ အဆိုပါ ရေပိုင်နက်သို့ ဖြတ်သန်းခွင့်ကို   တရားမဝင်ကြောင်း ပြောထားသည်။

ထို့ပြင် ဗြိတိန်စစ်သင်္ဘော၏ လုပ်ရပ်သည် ကြိုတင်စီစဉ်ထားသည့် ရန်စကျူးကျော်မှု ဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ် ထိုသို့ဖြစ်ပါက သမ္မတ၏ မှတ်ချက်အတိုင်း တုံ့ပြန်သွားမည် ဖြစ်ကြောင်း ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။

ယူကရိန်းနှင့် NATO အဖွဲ့ဝင်နိုင်ငံများက ပင်လယ်နက်အတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည့်အတွက် တင်းမာမှုများ မြင့်တက်လာစဉ်    ရုရှား၏ပင်လယ်နက်ရေယာဉ်စုကလည်း ၎င်းတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။

NATO  အဖွဲ့သည် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာစေမည့် မတည်ငြိမ်မှုများကို ဖော်ဆောင်နေသော အဖွဲ့ဖြစ်သော်လည်း ရုရှားအနေဖြင့်    ထိုအဖွဲ့နှင့် ဆွေးနွေးရန် လမ်းဖွင့်ထားဆဲ ဖြစ်ကြောင်း ပက်စကော့ကပြောသည်ဟု သိရသည်။  

Ref: CNA