လက်ဆေး၊ Mask တပ်၊ အပြင်မထွက်နဲ့ ကူးဖို့အသင့်စောင့်နေတဲ့ ဒယ်တာနဲ့ဒယ်တာ(+)

ယမန်နေ့မှအဆက်

အမေရိကန်နိုင်ငံမှာတော့ ပြည်နယ်ပေါင်း ၅၀ စလုံးမှာ ဒယ်တာဗီဇပြောင်း ရောဂါပိုးပျံ့နှံ့နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးထိုးနှုန်း နည်းပါးတဲ့ဒေသတွေမှာပါ။

အာရှဘက်မှာဆိုရင်လည်း သြစတြေးလျလိုနိုင်ငံက တင်းကျပ်တဲ့ လော့ဒေါင်းတွေကို ချမှတ်ထားရပါတယ်။  ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ တစ်နိုင်ငံလုံးကို လော့ဒေါင်းချထားပြီးပါပြီ။  နိုင်ငံအတွင်း ရောဂါကူးစက်မှုက လွန်စွာမြင့်တက်လာပြီး   တစ်ရက်အတွင်း သေဆုံးမှုနှုန်းကလည်း စံချိန်တင်သွားတဲ့အတွက် ဖြစ်ပါတယ်။

တောင်အာဖရိကမှာဆိုရင် ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုကို သက်တမ်းတိုးပြီး ဂျာမနီ၊ ဟောင်ကောင်နဲ့ တရုတ်(တိုင်ပေ)တို့မှာတော့ ခရီးသွားလာမှုတွေကို တင်းကျပ်ထားပါတယ်။ အထူးသဖြင့်တော့ ဒယ်တာဗီဇပြောင်း ရောဂါပိုး  ကူးစက်ပျံ့နှံ့နေတဲ့ နိုင်ငံတွေကနေ ဝင်ရောက်မှုကို တင်းကျပ်ထားတာပါ။

ဒယ်တာနဲ့ကာကွယ်ဆေး

အခုလက်ရှိဖြစ်နေတဲ့ ဒယ်တာဗီဇပြောင်းရောဂါပိုးက ကာကွယ်ဆေးထိုးပြီး သူတွေကိုတောင်မှ ကူးစက်နေတယ်ဆိုတာကို တွေ့နေရပါတယ်။

ဒါဆိုရင် ဒယ်တာဗီဇပြောင်း ရောဂါပိုးက ကာကွယ်ဆေးကို ခုခံနိုင်လားဆိုတဲ့ မေးခွန်းက မေးစရာ ဖြစ်လာပါတယ်။ သူ့အတွက်အဖြေကတော့   ဒယ်တာကကာကွယ်ဆေးကို အထိုက်အလျောက် ခုခံနိုင်ပါတယ်ဆိုတာပါပဲ။

ဆိုလိုတာက ကိုယ်ကကာကွယ်ဆေးထိုးပြီးထားပေမယ့်လည်း ပေါ့ပေါ့ဆဆနေလို့ မရပါဘူး။ ရောဂါပိုးအရေအတွက် နည်းရင် ကာကွယ်ဆေးက  ထိရောက်နိုင်ပေမယ့် ရောဂါပိုးအရေအတွက်   များရင်တော့ ကာကွယ်ဆေးလည်း မကယ်နိုင်ပါဘူး။

ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးသားသူတွေက    ဒယ်တာဗီဇပြောင်းရောဂါပိုး ကူးစက်ခံရရင်လည်း ရောဂါပြင်းထန်မှု မရှိဘဲ အချိန်တိုအတွင်း နာလန်ထူနိုင်ပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးက အရေးမပါဘူးလားဆိုတော့ လွန်စွာ အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့  ကာကွယ်ဆေး အပြည့်အဝ ထိုးခြင်းကသာ  ဒယ်တာဗီဇပြောင်း ရောဂါပိုးကို အကောင်းဆုံး ကာကွယ်နိုင်မှာ မို့လို့ပါပဲ။

ဒါပေမဲ့လည်း လက်ရှိအချိန်မှာ ကာကွယ်ဆေးရရှိနိုင်မှုက အကန့်အသတ် ရှိနေသေးတာကြောင့် လူတိုင်းကာကွယ်ဆေးထိုးဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး။

ဒယ်တာဗီဇပြောင်း ရောဂါပိုးက ကာကွယ်ဆေးထိုးပြီးသား သူတွေကိုတောင်မှ ကူးစက်နိုင်တယ်ဆိုတော့  ကာကွယ်ဆေးမထိုးရသေးတဲ့ သူတွေအတွက်တော့ ဆိုဖွယ်ရာတောင် မရှိတော့ပါဘူး။

အထူးသဖြင့် ကာကွယ်ဆေးထိုးနှုန်း နည်းပါးတဲ့ဒေသတွေနဲ့ ကာကွယ်ဆေးထိုးနှုန်းများတဲ့ နေရာတွေမှာ ဖြစ်ပေါ်တဲ့ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ အရေအတွက်ကို ကြည့်ရင်  ကွဲကွဲပြားပြား သိနိုင်ပါတယ်။ ကာကွယ်ဆေးထိုးနှုန်း နည်းတဲ့ဒေသတွေမှာ ရောဂါကူးစက်မှုနှုန်း များတာပါ။

ဒါ့အပြင် ကလေးငယ်တွေနဲ့လူငယ်တွေဟာလည်း ရောဂါကူးစက် ခံရနိုင်ခြေများတဲ့ အထဲမှာ ပါပါတယ်။ ဗြိတိန်နိုင်ငံရဲ့ သုတေသနတစ်ခုမှာ ကလေးငယ်တွေနဲ့အသက် ၅၀ အောက် အရွယ်ရောက်ပြီးသူတွေဟာ ဒယ်တာဗီဇပြောင်း ရောဂါပိုး ကူးစက်နိုင်ခြေ နှစ်ဆခွဲပိုများတယ်လို့ ဆိုပါတယ်။

သက်ကြီးပိုင်းတွေက ကာကွယ်ဆေးထိုးပြီးကြချိန်မှာ  သက်ငယ်ပိုင်းတွေက ကာကွယ်ဆေး မထိုးရသေးတဲ့ အတွက်လည်း သူတို့ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ခြေများသူတွေ ဖြစ်လာရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကာကွယ်ဆေးနဲ့ ဒယ်တာဗီဇပြောင်း ရောဂါပိုး ဆက်စပ်မှုကို အချုပ်ပြောရမယ်ဆိုရင် ကာကွယ်ဆေးထိုးပြီးသား သူတွေလည်း အဲဒီရောဂါပိုးကူးနိုင်ပါတယ်။

ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကတော့  ပိုလို့တောင်မှ  ကူးစက်နိုင်ခြေများ ပါသေးတယ်။ သူတို့တွေရောဂါပိုးကူး စက်ခံရပြီဆိုရင်တော့ ရောဂါပြင်းထန်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒယ်တာကိုနိုင်မယ့်ကာကွယ်ဆေး

ဒယ်တာဗီဇပြောင်းရောဂါပိုးက ကာကွယ်ဆေးတွေကို အထိုက်အလျောက် ခုခံနိုင်တယ်လို့  အထက်မှာ ဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ကိုနှိမ်နင်းနိုင်မယ့် ကာကွယ်ဆေးတွေ ထွက်လာပါပြီ။ ဒါကလည်း သုတေသနတွေလုပ်ရင်းနဲ့မှ သိရှိလာကြတာပါ။

မော်ဒါနာကုမ္ပဏီဆိုရင်   သူတို့ရဲ့ကာကွယ်ဆေးက   ဒယ်တာဗီဇပြောင်းရောဂါပိုးကို နှိမ်နင်းနိုင်စွမ်းရှိတာကို တွေ့ရတယ်လို့  မကြာသေးခင်ကမှ  ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သူတို့က သူတို့ကုမ္ပဏီထုတ်ကာကွယ်ဆေးအပြည့်ထိုးပြီး သူတွေရဲ့ သွေးနမူနာကို ယူပြီး စမ်းသပ်မှုတွေ လုပ်ရာမှာ အဲဒီသူတွေရဲ့ခန္ဓာကိုယ်ထဲမှာ   ဒယ်တာအပါအဝင် တခြားဗီဇပြောင်းရောဂါပိုးတွေ အားလုံးကို ကာကွယ်တိုက်ထုတ်နိုင်မယ့် ပဋိပစ္စည်းတွေ ထွက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဟိုတစ်နေ့ကလည်း ဂျွန်ဆင်အန်ဂျွန်ဆင်ကုမ္ပဏီက သူတို့ကုမ္ပဏီထုတ်ကာကွယ်ဆေးဟာ ပထမတစ်လုံး ထိုးပြီးတာနဲ့ ၂၉ ရက်အတွင်း   ဒယ်တာဗီဇပြောင်းရောဂါပိုးကို တိုက်ဖျက်နိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ကာကွယ်နိုင်စွမ်းလည်း ပိုပြီးတိုးတက်လာတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

သူတို့တင်ပဲလားဆိုတော့ ဖိုင်ဇာ-ဘိုင်အိုအန်တက်နဲ့ အက်စထရာဇီနီကာကုမ္ပဏီထုတ် ကာကွယ်ဆေး တွေကလည်း ဒယ်တာဗီဇပြောင်း ရောဂါပိုးရဲ့ ပြင်းထန်တဲ့ သက်ရောက်မှုကို လျှော့ချနိုင်တယ် ဆိုတာ တွေ့ရပါတယ်။

အင်္ဂလန်ပြည်သူ့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုအရဆိုရင် ဖိုင်ဇာ-ဘိုင်အိုအန်တက် ကုမ္ပဏီထုတ်ကာကွယ်ဆေး အပြည့်အဝထိုးပြီး သူတွေဟာ ဒယ်တာဗီဇပြောင်းရောဂါပိုးကူးစက်ခံရတာတောင်

ရောဂါပြင်းထန်မှုမရှိဘဲ ဆေးရုံတက်ရောက်ကုသရနိုင်ခြေကို  ၉၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

အက်စထရာဇီနီကာကုမ္ပဏီထုတ်ကာကွယ်ဆေးကလည်း အလားတူဖြစ်ပြီး ၉၂ ရာခိုင်နှုန်းအထိ အာနိသင်သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။

ပြည်သူ ၆၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်တဲ့အတွက် လူထုကိုယ်ခံအား ရရှိထားပြီလို့ ဆိုနိုင်တဲ့  အစ္စရေးနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဒယ်တာဗီဇပြောင်း ရောဂါပိုးကူးစက်မှုတွေ ရှိတာကို တွေ့လာရပါတယ်။ ရောဂါကူးစက်ခံရသူတွေကလည်း ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးပြီး သူတွေပါ။

ဒီလိုရောဂါကူးစက်မှုတွေ မြင့်တက်လာပေမယ့်လည်း ဆေးရုံတက်ရောက်ကုသရတဲ့အထိ  ပြင်းထန်တဲ့ လူနာကတော့   မရှိသလောက်ကို နည်းပါးပါတယ်။   ဒါဟာ ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးကြောင့်ပါပဲ။

ဒယ်တာနဲ့နှာခေါင်းစည်း

ဒီအပိုင်းကတော့ သိပ်လည်းအရေးကြီးသလို အယူအဆအမျိုးမျိုးလည်း ထွက်ပေါ်နေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ အဲဒါကတော့ ကာကွယ်ဆေးထိုးပြီးသူတွေကလည်း နှာခေါင်းစည်းတပ် နေရဦးမှာလား ဆိုတဲ့အကြောင်းပါ။

နှာခေါင်းစည်းတပ်ခြင်းနဲ့ ပတ်သက်ပြီး ဒီနေရာမှာ နှစ်မျိုးခွဲလို့ရပါတယ်။ ပထမတစ်မျိုးကတော့  ကာကွယ်ဆေးမထိုးရသေးတဲ့ သူတွေနဲ့ ဒုတိယတစ်မျိုးကတော့ ကာကွယ်ဆေးထိုးပြီးသားသူတွေ ဖြစ်ပါတယ်။

ကာကွယ်ဆေးမထိုးရသေးသူတွေကတော့ နှာခေါင်းစည်းတပ်ရမလား၊ မတပ်ရဘူးလားဆိုတာကို ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ဘယ်နေရာကိုသွားသွား၊ ဘယ်နေရာမှာရှိရှိ၊ ဘယ်သူနဲ့ပဲတွေ့တွေ့ နှာခေါင်းစည်းကို တပ်ထားရမှာပါ။

ဒုတိယတစ်မျိုးဖြစ်တဲ့  ကာကွယ်ဆေးထိုးပြီးသူတွေအပိုင်းမှာတော့  သူတို့ရော နှာခေါင်းစည်းတပ်ရဦး မှာလားဆိုပြီး မေးလာကြပါတယ်။   ဒီအတွက်  အဖြေကတော့ ကာကွယ်ဆေးထိုးပြီး သူတွေလည်း နှာခေါင်းစည်း တပ်နေရပါဦးမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

တချို့ဒေသတွေဆိုရင် ကိုယ်ပိုင်ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး ကာကွယ်ဆေးထိုးပြီးသား သူတွေချည်းပဲရှိတဲ့ မိုးလုံလေလုံ အခန်းတွင်းမှာတောင်မှ နှာခေါင်းစည်းတွေ တပ်ခိုင်းထားပါတယ်။

တချို့ကလည်း ကာကွယ်ဆေးထိုးပြီးသားသူတွေကို နှာခေါင်းစည်းတပ်ခိုင်းတာ မကြိုက်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးက ရောဂါပိုးကူးစက်မှုကို အမှန်တကယ် မကာကွယ်ပေးနိုင်ဘူးဆိုတဲ့ အမြင်ကို အများကမြင်သွားမှာ စိုးလို့ပါ။ အဲဒီလိုသာ မြင်သွားရင် ဘယ်သူမှကာကွယ်ဆေးထိုးကြတော့မှာ မဟုတ်ပါဘူး။

ဒါနဲ့ပတ်သက်ပြီး   ပြန်ဖြေရှင်းရမယ်ဆိုရင်တော့ ကာကွယ်ဆေးက ဒယ်တာဗီဇပြောင်းရောဂါပိုးကို ထိရောက်စွာ မကာကွယ်နိုင်ဘူးဆိုတာ မှန်သင့်သလောက်မှန်ပေမယ့် ရောဂါပြင်းပြင်းထန်ထန်တော့ မခံစားရပါဘူး။

အကောင်းဆုံးကတော့ ဘယ်လိုအမျိုးအစား၊   ဘယ်လိုအမှတ်တံဆိပ်ပဲဖြစ်ဖြစ် သက်ဆိုင်ရာက တရားဝင်အသိအမှတ်ပြုထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆိုရင် ရအောင်ထိုးထားလိုက်ခြင်းပါပဲ။

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းသည် ဆိုတဲ့   စကားအတိုင်းပဲ ကိုဗစ်-၁၉ ရောဂါပိုးရဲ့ ဘယ်လိုဗီဇပြောင်းပဲ ဖြစ်ဖြစ် ကူးစက်မခံရစေဖို့ ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။

ကာကွယ်ခြင်းဆိုတဲ့အထဲမှာ  အချိန်အတိုင်းအတာ တစ်ခုအထိ အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ နေခြင်းက အကောင်းဆုံးပါ။   မဖြစ်မနေထွက် ရမယ်ဆိုရင်လည်း ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ နှာခေါင်းစည်းတပ်သွားပါ။ ရောက်တဲ့နေရာတိုင်းမှာ  လက်ကိုစင်ကြယ်အောင်ဆေးပါ။

ကာကွယ်ဆေးထိုးခြင်းကလည်း ကြိုတင်ကာကွယ်တဲ့နေရာမှာ  အထိရောက်ဆုံးနဲ့ ကမ္ဘာ့ကပ်ရောဂါကြီးကို   တိုက်ဖျက်ဖို့ အမှန်ကန်ဆုံးနည်းလမ်း ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့  စာဖတ်သူတွေကို ဒီနေရာကနေ သတိတစ်ခုပေးလိုက်ချင်ပါတယ်။ ဘာလဲဆိုတော့  ကိုယ်ကသတိ တစ်ချက်လေး ပေါ့ဆလိုက်တာနဲ့ ဒယ်တာနဲ့ဒယ်တာ(+)သာမက တခြားသော ကိုဗစ်-၁၉ ရောဂါပိုးတွေကပါ ကိုယ့်ကိုကူးစက်ဖို့ အသင့်စောင့်နေတယ် ဆိုတာပါပဲ။   ။

ထက်မြက်