ကလေးနှင့် နာကျင်ကိုက်ခဲဝေဒနာ

-ကလေးတွေကလည်း လူကြီးတွေလို နာကျင်ကိုက်ခဲမှု ဝေဒနာတွေကို ခံစားတတ်ပါသလား။

-ကလေးတွေကလည်း လူကြီးတွေလိုပဲ သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့အတွက် လူကြီးတွေလို နာကျင်ကိုက်ခဲမှု ဝေဒနာတွေကို ခံစားတတ်ပါတယ်။ တကယ်တော့ လူကြီးတွေထက်တောင် ပိုပြီးခံစားရတယ်လို့ ပြောနိုင်ပါတယ်။ ဒီနာကျင်ကိုက်ခဲမှု ဝေဒနာကို ခံစားရတဲ့အခါမှာ ခံစားမှုကို ဦးနှောက်က ပြန်လည်ပြီး ထိန်းချုပ်ထားတဲ့ အာရုံကြောတွေရှိပါတယ်။ အဲဒီအာရုံကြောတွေရဲ့ ဖွံ့ဖြိုးမှုက ကလေးတွေမှာ လူကြီးတွေလောက်မရှိသေးတဲ့အတွက် လူကြီးတွေထက် ပိုပြီးခံစားရတတ်ပါတယ်။ လူကြီးတွေနဲ့ ကွာခြားတာကတော့ သူတို့တွေအနေနဲ့ နာကျင်ခံစားရတာကို လူကြီးတွေလို ပြောပြနိုင်စွမ်းမရှိပါဘူး။ သူတို့ခံစားနေရတာကို ဆရာဝန်တွေ၊ ပြုစုကုသပေးတဲ့ မိဘတွေ၊ ဆရာမတွေက မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်း တစ်ခါတလေ မရှိတတ်ကြပါဘူး။

-မွေးကင်းစကလေးတွေမှာရော နာကျင်မှုကို ခံစားနိုင်ပါသလား။

-မွေးကင်းစကလေးတွေမှာလည်း ဦးနှောက်နဲ့ အာရုံကြောရှိတဲ့အတွက် နာကျင်မှုကို ခံစားနိုင်ပါတယ်။မွေးကင်းစကလေးတွေမှာ သွေးဖောက်တာပဲဖြစ်ဖြစ်၊ ဆေးထိုးတာပဲဖြစ်ဖြစ် တတ်နိုင်သလောက် နာကျင်မှုကို အနည်းဆုံးဖြစ်အောင် စီစဉ်ပေးရပါတယ်။

-လူတွေမှာ ခံစားရတဲ့နာကျင်မှုတွေက ဘာကြောင့်ဖြစ်ပေါ်ပါသလဲ။

-လူတွေရဲ့ခန္ဓာကိုယ်မှာ နာကျင်မှုကို ခံစားတတ်တဲ့ အာရုံခံအင်္ဂါရပ် နှစ်မျိုးရှိပါတယ်။ အဲဒါကတော့ Nociceptive Receptors လို့ခေါ်တဲ့ နာကျင်မှုကို ခံစားတတ်တဲ့ အာရုံခံအင်္ဂါတွေနဲ့ Non-nociceptive အာရုံခံအင်္ဂါ သီးသန့်မရှိတဲ့ နာ့ဗ်ကြောတွေဖြစ်ပါတယ်။Nociceptive Receptors လို့ခေါ်တဲ့ နာကျင်မှုကို ခံစားတတ်တဲ့အာရုံခံ အင်္ဂါလေးတွေကတော့ ခန္ဓာကိုယ် အနှံ့အပြားမှာရှိနေတဲ့ ကိုယ်တွင်း အင်္ဂါတွေဖြစ်တဲ့ အစာအိမ်၊ အူလမ်းကြောင်း၊ ဦးနှောက်၊ ကျောက်ကပ်စတာတွေမှာ ရှိပါတယ်။  အဲဒီနေရာတွေမှာ ပူတာပဲဖြစ်ဖြစ်၊ အေးတာပဲဖြစ်ဖြစ်၊ တုန်ခါတာပဲဖြစ်ဖြစ်၊ ဆွဲဆန့်လို့ ကျဉ်းသွားတာပဲဖြစ်ဖြစ်    ခန္ဓာကိုယ်ရဲ့ ကလာပ်စည်းလေးတွေ ပျက်စီးလို့ ထွက်ပေါ်လာတဲ့ ဓာတုဗေဒပစ္စည်း Mediators  လို့ခေါ်တဲ့ လှုံ့ဆော် ပစ္စည်းလေးတွေနဲ့ထိတွေ့ပြီးရင်ဖြစ်ဖြစ် နာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ တစ်ခါ ဒီဦးနှောက်နဲ့၊ ခန္ဓာကိုယ် အနှံ့အပြား ဆက်နွှယ်နေတဲ့ အာရုံကြောတွေကျတော့ နာကျင်တာအတွက် အာရုံခံစားမှုအ င်္ဂါက သပ်သပ်ရှိစရာမလိုပါဘူး။ အာရုံကြော နာ့ဗ်ဆဲလ်လို့ခေါ်တဲ့ ဒီအာရုံကြောပေါ်မှာရှိတဲ့ ကလာပ်စည်းလေးတွေ ကိုယ်တိုင်ပျက်စီးသွားရင် ဒါမှမဟုတ် ထိခိုက်မှုရှိရင် နာကျင်မှုကို ခံစားရပါတယ်။

-နောက်တစ်နည်းနဲ့  နာကျင်မှုကို ဘယ်လိုခွဲခြားနိုင်ပါသလဲ။

-နောက်တစ်မျိုးနဲ့ နာကျင်မှုကို အချိန်ကာလနဲ့ခွဲခြားနိုင်ပါတယ်။ များသောအားဖြင့် ခေတ္တနာကျင်မှုက နာရီပိုင်းကစပြီး သုံးလလောက်အထိလို့ ဆိုပါတယ်။ နာတာရှည်နာကျင်မှု ဆိုတာကတော့ သုံးလထက်ကြာရင် သတ်မှတ်တယ်လို့ ပြောတာရှိပါတယ်။ဒါကလည်း တစ်ယောက်နဲ့တစ်ယောက်၊ ပညာရှင် အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ကွာခြားချက် အနည်းငယ်ရှိပါတယ်။ ကင်ဆာရောဂါကြောင့်ဖြစ်တဲ့ မခံမရပ်နိုင် နာကျင်မှုမျိုးကတော့  သုံးလကြာမှ နာတာရှည်လို့ သတ်မှတ်ရင်  ကြာလွန်းတဲ့အတွက်   အဲဒီအခါမှာ တစ်လထက်ပိုကြာတဲ့ နာကျင်မှုကိုလည်း နာတာရှည်နာကျင်မှုလို့ သတ်မှတ်လေ့ရှိပါတယ်။

-ကလေးတွေမှာဖြစ်တဲ့ နာကျင်ခံစားမှု ဝေဒနာတွေကို လျှော့တွက်လေ့ရှိတယ်ဆိုတာ မှန်ပါသလား။

-မှန်ပါတယ်။ ကလေးတွေမှာဖြစ်တဲ့ နာကျင်ခံစားမှု ဝေဒနာတွေကို ဆရာဝန်၊ ဆရာမတွေ၊ မိဘတွေအနေနဲ့ လျှော့တွက်လေ့ရှိတယ်ဆိုတာ မှန်ပါတယ်။ ကလေးတွေကတော့ သူတို့ရဲ့နာကျင်မှုကို တစ်ခါတစ်ရံမှာ စကားနဲ့ပြောပြနိုင်စွမ်း မရှိပါဘူး။  ဒါကြောင့် ဒီနာကျင်မှု အတိုင်းအတာကို ဆန်းစစ်မှုမှားတာက ၁၂ နှစ်အောက် ကလေးတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ တချို့ကလည်း အယူအဆ အမှားတွေရှိပါတယ်။   ကလေးဆိုတာ ဘာမှခံစားမှုမရှိဘူး။ ချုပ်ပြီးတော့သာ လုပ်လိုက်ဆိုတဲ့ အယူအဆအမှားတွေ ရှိပါတယ်။ တစ်ခါတစ်ရံကျတော့ မိဘတွေက ကလေးမှာ နာကျင်မှု မရှိပေမယ့်လည်း နာကျင်နေလို့ဆိုပြီး ဆေးခန်းလာပြတာ ရှိပါတယ်။

မကြာခဏဆိုသလို ကလေးတွေမှာ သူတို့ရဲ့နာကျင်မှုကို လျှော့တွက်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့  ဆရာဝန်၊ ဆရာမတွေ၊ အလုပ်သင် ဆရာဝန်တွေအနေနဲ့   ကလေးတွေနဲ့ ပတ်သက်တဲ့ အသေးစားခွဲစိတ်မှု သို့မဟုတ် ရောဂါရှာဖွေ စမ်းသပ်မှု  ဥပမာ သွေးဖောက်စစ်တာတို့၊ ခါးရိုးခြင်ဆီဖောက်တာတို့ လုပ်တဲ့အခါမှာ   ကလေးတွေက လူကြီးတွေထက်စာရင် အင်အားနည်းတော့ ချုပ်ပြီး လုပ်လေ့ရှိပါတယ်။

အဲဒါက မှားယွင်းပါတယ်။ ဒါတွေကို လုပ်တဲ့အခါမှာ လုံလောက်တဲ့နာကျင်မှုကို သက်သာစေတဲ့မေ့ဆေး၊ ထုံဆေးတွေမပေးဘဲ မလုပ်ရပါဘူး။ ကလေးတိုင်းမှာ မွေးကင်းစကလေးကအစ ထုံဆေး၊ မေ့ဆေးအသုံးပြုပြီး လုပ်ရပါတယ်။

-ကလေးတွေမှာ နာကျင်မှုကို ဘယ်လိုပြလေ့ရှိပါသလဲ။

-ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား ငိုတယ်။ နာတဲ့နေရာကို မလှုပ်တော့ဘူး။ ဗိုက်နာတဲ့ ကလေးကျတော့ ခြေထောက်နှစ်ဖက်ကို ဆွဲတင်ပြီးတော့  ကွေးကွေးလေး နေမယ်။ တစ်ခါတလေ တစ်ချိန်လုံးအီမယ်။နို့မစို့ဘူး။ ငိုနေမယ်။ အိပ်မပျော်ဘူးဆိုတဲ့ လက္ခဏာပြပါလိမ့်မယ်။   တစ်ခါတလေမှာ တစ်ကိုယ်လုံး တောင့်တင်းပြီးတော့ မျက်နှာမှာလည်း ရှုံ့နေမယ်။ကြီးတဲ့ကလေးတွေကျတော့ သူတို့က အနည်းငယ် ပြောတတ်လာပြီပေါ့။ ပြင်းပြင်းထန်ထန်အော်မယ်၊ ငိုမယ်၊ စိတ်ဆိုးမယ်၊ ရှောင်ရှားမယ်ပေါ့။ နာကျင်တဲ့နေရာကို အထိမခံဘူး။ အိပ်မပျော်ဘူးဆိုတဲ့ လက္ခဏာတွေ ပြလေ့ရှိပါတယ်။ သုံးနှစ်မှ ငါးနှစ်အရွယ်ကလေးတွေလည်း ဒီလိုလက္ခဏာတွေ ပြလေ့ရှိပါတယ်။ နာတာကို နာတယ်လို့မပြောနိုင်ဘဲ နာကျင်မှုက သူတို့ကို အပြစ်ပေးသလို ခံစားရပါတယ်။ မိဘတွေ၊ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေကို အတင်းတွယ်ကပ်နေမယ်။  တစ်ခါတလေ ချီပါဦး၊ ချော့ပါဦးဆိုပြီး ပြောလေ့ရှိပါတယ်။

-နာကျင်ခံစားနေတဲ့ ကလေးတွေကို ဘယ်လိုစမ်းသပ်ပါသလဲ။

-သူတို့ကိုယ်တိုင်ပြောပြတဲ့ နာကျင်တဲ့ နေရာတွေကို မေးရပါတယ်။  ဘယ်နေရာ နာကျင်သလဲမေးပြီး ညင်ညင်သာသာ စမ်းသပ်မှုပြုရပါမယ်။ အဲဒါတွေအပြင် မျက်နှာနှင့်  အခြားအမူအကျင့် ပြောင်းလဲမှုတွေကို လေ့လာရပါမယ်။ ဥပမာ-သွေးချိန်တက်တာ၊ သွေးခုန်နှုန်း မြန်လာတာကို စမ်းသပ်ရပါတယ်။

- နာကျင်မှုက အတိုင်းအတာ ရှိပါသလား။

-ရှိပါတယ်။ နာကျင်မှုဝေဒနာ ပမာဏပေါ့။ လူကြီးတွေလို ပြောမပြနိုင်တဲ့အတွက် နာကျင်မှုကို တိုင်းတာတဲ့ Scale (အမှတ်ပေးဇယား)လေးတွေ တီထွင်ထားပါတယ်။ တီထွင်ထားတဲ့ ဇယားလေးတွေက နိုင်ငံပေါင်းစုံ၊ အဖွဲ့အစည်း ပေါင်းစုံမှာရှိပါတယ်။ အသုံးများတာက မျက်နှာရဲ့အမူအရာကိုကြည့်ပြီး နာကျင်မှုရဲ့ အတိုင်းအတာကို ဆုံးဖြတ်ပေးတဲ့ Wong-Baker အမှတ်ပေးဇယားပါ။ ဒါကို ပုံလေးနဲ့ ပြထားပါတယ်။ မျက်နှာပြုံးနေတာကနေ တည်သွားတာ၊ မဲ့သွားတာ။ အဲဒါကိုကြည့်ပြီး သုညကနေ တစ်ဆယ်အထိ အမှတ်ပေးထားတယ်။ ပေးထားတဲ့ သုညကနေသုံးအထိ ဆိုရင် နည်းနည်းနာတယ်။ လေးကနေ ခုနစ်ဆိုရင် တော်တော်လေး ပြင်းပြင်းထန်ထန် နာတယ်ဆိုပြီး ဆုံးဖြတ်တဲ့ဇယားပါ။ ကလေးကို မျက်နှာပုံလေးတွေ ပြပြီး ရွေးချယ်ခိုင်းရပါတယ်။

-ကလေးတွေမှာ ဗိုက်နာတာရော အဖြစ်များပါသလား။

-အင်မတန်အဖြစ်များတဲ့   ပြဿနာတစ်ရပ်ပါပဲ။ ကလေးမှာ ဝမ်းဗိုက်က နာတယ်ဆိုတာ  အသက်အရွယ်ကိုလိုက်ပြီး ကွဲပြားနိုင်တာရှိပါတယ်။ တစ်ခါတစ်ရံ ဘာမှမဟုတ်တဲ့ သာမန်တုပ်ကွေး အဖျားတွေမှာလည်း ဗိုက်ထဲမှာရှိတဲ့ အကျိတ်လေးတွေရောင်ပြီး ဗိုက်နာကျင်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ အရေးပေါ် ခွဲစိတ်ဖို့လိုအပ်တဲ့ အူအတက်ရောင်တာ၊ အူကျပြီး ပြန်မဝင်တာ၊ အူခေါက်တာ စသဖြင့် အရေးကြီးတဲ့ ရောဂါတွေဖြစ်နိုင်ပါတယ်။ ဒါတွေကို ခွဲခြားဖို့ကတော့ သက်ဆိုင်ရာကျွမ်းကျင်တဲ့ ဆရာဝန်တွေက သေသေချာချာ စမ်းသပ်ပြီးမှ ဆုံးဖြတ်ရတဲ့ အရာဖြစ်ပါတယ်။

-ကလေးဗိုက်နာတာနဲ့ ပတ်သက်လို့  ပညာရှင်တွေရဲ့ စမ်းသပ်မှုလိုတယ်ဆိုတာ လက်ခံပါတယ်ဆရာ။ဒါပေမဲ့ ဆရာ့အတွေ့အကြုံအရ ကလေးဗိုက်နာတဲ့အခါမှာ အဖြစ်များတဲ့ အရာတွေပြောပြပါဦး။

-ခုနက ကျွန်တော်ပြောသလိုပါပဲ။ ကလေးဗိုက်နာတာက အင်မတန်သေးငယ်တဲ့ အရာကနေ အင်မတန် ကြီးမားပြီး   အန္တရာယ်ရှိတဲ့ အထိဖြစ်နိုင်ပါတယ်။အဖြစ်အများဆုံးကတော့ ကလေးဖျားပြီး ဗိုက်နာခြင်း၊ ဖျားတဲ့အခါမှာ   ဗိုက်ထဲမှာရှိတဲ့ လင့်အကျိတ်များ ရောင်ရမ်းခြင်းကို Mesenteric Adenitis လို့ခေါ်ပါတယ်။ နောက်တစ်ခုက အထက်လှန်အောက်လျှော ဖြစ်ချင်လို့ ဗိုက်နာတာပေါ့။ အဲဒီအခါဆိုလည်း ဗိုက်နာတတ်ပါတယ်။ ကျန်တာ မြန်မာပြည်မှာ အဖြစ်များတာကတော့ သန်ထိုးလို့ ဗိုက်နာတယ်။ ဝမ်းချုပ်လို့ ဗိုက်နာတယ်။ အရေးကြီးတာက အူအတက်ရောင်တာ၊ ကလေးငယ်တွေမှာ အူခေါက်တာ၊ မွေးကင်းစမှာ အူပိတ်တာ၊ နောက်ဆုံးမွေးရာပါ အူပိတ်တာတွေဖြစ်နိုင်ပါတယ်။ စအိုပေါက်မပါရင်လည်း ဗိုက်နာပါတယ်။

-ကလေးဗိုက်နာတဲ့အခါမှာ ဘယ်အချက်တွေကအရေးကြီးတာကို ပြပါသလဲ။

-ကျွန်တော်လည်း ဖြေချင်ပါတယ်။ ကလေးဗိုက်နာတဲ့အခါမှာ Red Flag Signsလို့ခေါ်တဲ့  အလံနီ လက္ခဏာတွေရှိပါတယ်။     ဒီလက္ခဏာတွေရှိရင် အင်မတန် အရေးကြီးတာကို ပြပါတယ်။  ဒါကြောင့်သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ဆန်းစစ်မှု၊ ကုသမှုတွေကို အမြန်ဆုံး ခံယူသင့်ပါတယ်။ အဲဒါတွေကတော့ အန်တဲ့အခါ အစိမ်းရောင်၊ အဝါရောင် အန်တယ်။ အရင်က  ခွဲစိတ်ဖူးတဲ့ ရာဇဝင်ရှိတယ်။ဗိုက်ကိုထိရင် မာတင်းနေမယ် စတဲ့ လက္ခဏာတွေပါ။ ဒါကတော့ ဆရာဝန်၊ ဆရာမတွေပဲ သိဖို့များတယ်။သာမန်အားဖြင့်   ကလေးက မလှုပ်မရှားနေမယ်။ ဖိလိုက်ရင်တအားနာမယ်။   လွှတ်လိုက်ရင်လည်း တအားနာမယ်။ တစ်နေရာတည်းနာမယ်။ ဝမ်းသွားရင် သွေးပါမယ်။ အန်တဲ့အခါ သွေးပါမယ်ဆိုရင် အရေးကြီးပါတယ်။ အဆက်မပြတ် အန်တယ်၊ ဝမ်းလုံးဝမသွားဘူး။  လေလည်းမလည်ဘူး။  ဗိုက်ကလည်း နာမယ်။  ဖောင်းလာမယ်ဆိုရင် ဒါကလည်း အူပိတ်တဲ့ လက္ခဏာပါပဲ။ မစားနိုင် မသောက်နိုင်ခြင်း၊ တက်ခြင်း စသဖြင့်ဆိုရင်တော့ အရေးကြီးတဲ့ လက္ခဏာဖြစ်ပါတယ်။မွေးကင်းစကလေးမှာဆိုရင် ၂၄ နာရီကျော်တဲ့ အထိ ဝမ်းလုံးဝမသွားဘူး။ ငယ်ချီးလုံးဝ မပါဘူးဆိုရင် အရေးကြီးတဲ့ လက္ခဏာဖြစ်ပါတယ်။  တစ်ခါတလေ မွေးကင်းစကလေးမှာ စအိုပေါက်မပါတာကို သတိမထားမိဘဲ  ကလေးကိုနို့တိုက်နေမယ်၊  ဗိုက်ကြီး ဖောင်းကားလာတော့မှ သိတယ် စတာတွေက ဆေးရုံ၊ ဆေးခန်းတွေမှာတောင်     ဖြစ်ပွားမှုရှိခဲ့ပါတယ်။

ဒါကြောင့် စအိုပေါက်ပါ၊ မပါ မွေးမွေးပြီးချင်း ဂရုစိုက်ပြီး ကြည့်ရပါမယ်။ ကြည့်လို့ စအိုကအပြင်မှာ ပါပေမယ့် အတွင်းမှာ စအိုပေါက် ပိတ်နေတာလည်း ရှိပါတယ်။ ပျော့ပျောင်းတဲ့  ရော်ဘာပိုက်ကလေးနဲ့ ထည့်ကြည့်ရပါတယ်။ ၂၄ နာရီကျော်တဲ့အထိ ငယ်ချီးမပါဘူးဆိုရင်တော့ အူပိတ်နေသလား ဆိုပြီး ဂရုစိုက်ပြီး ကြည့်ဖို့လိုပါတယ်။ အခုပြောခဲ့တဲ့ အချက်တွေကတော့ Red Flag Signs  လို့ခေါ်တဲ့   အရေးကြီး လက္ခဏာတွေပဲဖြစ်ပါတယ်။

 ဆက်လက်ဖော်ပြပါမည်။