ဖူးခက်အပန်းဖြေ စခန်းဖွင့်ပွဲတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့မိသည့် ထိုင်းဝန်ကြီးချုပ် သီးသန့်ခွဲနေမည်

ထိုင်းနိုင်ငံရှိ ဖူးခက်အပန်းဖြေစခန်းဖွင့်ပွဲသို့ တက်ရောက်သူတစ်ဦးသည် နောက်ပိုင်းတွင် ကိုဗစ်-၁၉  ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းနှင့် ထိတွေ့မိသည့် ဝန်ကြီးချုပ်ပရာယုချန်အိုချာ က နေအိမ်၌  ခုနစ်ရက်ကြာသီးသန့်ခွဲ၍ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်သည် အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်လုံး စလုံးထိုးထားပြီး ဖြစ်ကာ နိုင်ငံအတွင်း ကိုဗစ်-၁၉   ရောဂါကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်းများ အပါအဝင် ၎င်း၏ တာဝန်များကို  ပုံမှန်အတိုင်းထမ်းဆောင်သွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇူလိုင် ၅  ရက်တွင် ပြောသည်။

လက်ရှိတွင်ဝန်ကြီးချုပ်အနေဖြင့် ရောဂါပိုးစစ်ဆေးမှု မခံယူရသေးသော်လည်း ရောဂါကူးစက်ခံထားရခြင်းရှိ၊ မရှိ စစ်ဆေးမှု ခံယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဖူးခက်ကမ်းခြေကို ဇူလိုင် ၁ ရက်တွင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ထိုအခမ်းအနားသို့ တက်ရောက်သည့် ထိုင်းကုန်သွယ်ရေးအဖွဲ့မှ   အမှုဆောင်တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ဖြစ်ကာ  ၎င်းနှင့် ထိတွေ့မိသည့်အတွက်    ဝန်ကြီးချုပ်က သီးသန့်ခွဲ၍ နေထိုင်ခြင်း ဖြစ်သည်။

နိုင်ငံ့စီးပွားရေးအတွက်   ခရီးသွားလုပ်ငန်းကို မှီခိုနေရသည့် ထိုင်းနိုင်ငံသည် နိုင်ငံ၏ စီးပွားရေး    နာလန်ထူနိုင်စေရန် ရည်ရွယ်၍ ဖူးခက်ကမ်းခြေကို ဖွင့်လှစ်ခြင်း ဖြစ်ကာ ကာကွယ်ဆေး ထိုးထားပြီးသော ပြည်ပခရီးသွား များကိုသာ လာရောက်ခွင့်ပြုထားကြောင်း သိရသည်။       

 Ref: TST