တောင်ကိုရီးယားက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေး ဖိုင်ဇာ၊ မိုဒါနာတို့နှင့် ဆွေးနွေး

တောင်ကိုရီးယားအစိုးရက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက်     mRNA နည်းပညာ အသုံးပြုကာကွယ်ဆေး ထုတ်လုပ်သူများဖြစ်သော ဖိုင်ဇာ၊ မိုဒါနာကုမ္ပဏီတို့နှင့် ဆွေးနွေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးအလုံးပေါင်း ၁ ဘီလီယံအထိကို ချက်ချင်းထုတ်လုပ်နိုင်သည်အထိ ပြင်ဆင်ထားကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အစီအစဉ်သာ ဖြစ်မြောက်ပါက အထူးသဖြင့် အာရှဒေသအတွင်း ကာကွယ်ဆေးရရှိမှု ကျပ်တည်းနေခြင်းကို ဖြေရှင်းပေး နိုင်မည်ဖြစ်သည့်အပြင် တောင်ကိုရီးယားနိုင်ငံကို ပင်မကာကွယ်ဆေး ထုတ်လုပ်ရေး ဒေသဖြစ်လာစေမည် ဖြစ်သည်။

အာရှဒေသသည် ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်မှုတွင် မြောက်အမေရိကနှင့် ဥရောပဒေသတို့ထက် များစွာ နောက်ကျကျန်နေသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသည် အက်စထရာဇီနီကာ၊  နိုဗာဗက်ကုမ္ပဏီတို့နှင့် ရုရှားနိုင်ငံတို့က ဖော်စပ်ထားသော ကာကွယ်ဆေးသုံးမျိုးကို   ပြည်တွင်းတွင် ထုတ်လုပ်ခွင့်ရရှိထားပြီး ဖြစ်သည်။ ထို့ပြင် မိုဒါနာကုမ္ပဏီ၏  ကာကွယ်ဆေးများကို ပုလင်းအတွင်း ထည့်သွင်းခြင်းနှင့် ထုပ်ပိုးခြင်းတို့အတွက်လည်း သဘောတူညီချက်ရရှိထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မေလတွင် တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်နှင့် တွေ့ဆုံစဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်မှုအတွက်   ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူပြီးနောက် တောင်ကိုရီးယားနိုင်ငံက ကာကွယ်ဆေး တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုကို  ပိုမိုအားထုတ်လာခြင်း ဖြစ်သည်။

လတ်တလောတွင် mRNA နည်းပညာ အသုံးပြုကာကွယ်ဆေးက    ထိရောက်မှု ပိုကောင်းသည်ကို   တွေ့ရသည့်အတွက် တောင်ကိုရီးယားအစိုးရက ဖိုင်ဇာနှင့်မိုဒါနာ ကုမ္ပဏီတို့မှ အဆိုပါ နည်းပညာ အသုံးပြု ကာကွယ်ဆေးအလုံးပေါင်း ၁၀၆  သန်း ဝယ်ယူရန်  သဘောတူညီချက်ရရှိထားပြီး ဖြစ်သည်။

Ref: CNA