အင်ဒိုနီးရှားက အောက်ဆီဂျင်အိုးများကို ပြည်ပမှတင်သွင်းမည်

အင်ဒိုနီးရှားနိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ တစ်နေ့တခြား မြင့်တက်လာသည့်အတွက် လိုအပ်သည့် အောက်ဆီဂျင်အိုးများ ပြတ်လပ်မှု မရှိစေရန် အစိုးရက အောက်ဆီဂျင်အိုးများကို ပြည်ပမှ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသူများဖြင့် ပြည့်နှက်နေသောကြောင့် ရောဂါမပြင်းထန် သူများအနေဖြင့် နေအိမ်တွင်သာနေ၍ ကုသမှုခံယူရန် အစိုးရက တိုက်တွန်းထားကြောင်း ကျန်းမာရေးဝန်ကြီးက ဇူလိုင် ၅ ရက်တွင် ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေအထူထပ် ဆုံးဒေသဖြစ်သော ဂျာဗားကျွန်းရှိဆေးရုံများတွင် အောက်ဆီဂျင် ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။  ထို့ပြင် ယိုဂျာကာတာမြို့ရှိ ဆေးရုံတစ်ရုံ၌ ခေတ္တမျှအောက်ဆီဂျင်ပြတ်လပ်သွားစဉ်  ကိုဗစ်-၁၉ လူနာ အယောက် ၃၀ ကျော်သေဆုံးသွားကြောင်း သတင်းဌာနတစ်ခုကလည်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိဆေးရုံများတွင် ခုတင်လစ်လပ်မှုမှာ ၂၆ ရာခိုင်နှုန်းသာကျန်ရှိစဉ် အချို့ဒေသများရှိ ဆေးရုံများတွင် ခုတင်နေရာလပ် မရှိတော့ကြောင်း   အမျိုးသားဆေးရုံများ အဖွဲ့အစည်းမှ အတွင်းရေးမှူးချုပ်က ပြောသည်။

Ref: TST