အမေရိကန်အထွက် တာလီဘန်အချက်ဖြစ်လာမည့် အာဖဂန်နစ္စတန်

အာဖဂန်နစ္စတန်၌ တပ်ဖြန့်ထားသည့် အမေရိကန်နှင့် ပြည်ပတပ်ဖွဲ့များ ပြန်လည်ထွက်ခွာရန်   စီစဉ်နေစဉ်အတွင်းမှာပင် တာလီဘန်စစ်သွေးကြွ အဖွဲ့သည် ရရှိလာသော အခွင့်အလမ်းကို ကောင်းစွာအသုံး ချနေသည်။

တာလီဘန်အဖွဲ့သည် မကြာမီရက်ပိုင်းကပင် နိုင်ငံအရှေ့မြောက်ပိုင်းရှိ တာခါခရိုင် နှင့် ဘာဒက်ရှန်းခရိုင်တို့ကို အစိုးရတပ်များထံမှ သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။ တာလီဘန်တို့သည် တာခါခရိုင် ရဲစခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင် များထံမှ သိမ်းပိုက်နိုင်ခဲ့သည့်အပြင်   လက်နက်ခဲယမ်းများနှင့် မော်တော်ယာဉ်များကိုပါ    သိမ်းဆည်းနိုင်ခဲ့သည်ဟု အဆိုပါစစ်သွေးကြွ အဖွဲ့က အတည်ပြုထားသည်။

စစ်သွေးကြွများ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့်    လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ နယ်စပ်ကိုဖြတ်ကျော်ကာ    အိမ်နီးချင်း တာဂျစ်ကစ္စတန်နိုင်ငံ အတွင်းသို့ ထွက်ပြေးသွားကြောင်း တာဂျစ်နိုင်ငံတော်လုံခြုံရေးကော်မတီမှ ထုတ်ပြန်ထားသည်။

တာလီဘန်စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုသည် နိုင်ငံအတွင်းမှ ပြည်ပတပ်များ ပြန်လည်ထွက်ခွာရန် စီစဉ်နေစဉ်  အချိန်ကိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

အမေရိကန်ဦးဆောင်သည့် ပြည်ပတပ်များ   နိုင်ငံအတွင်း   ဆက်လက်ရှိနေစဉ် အတောအတွင်းမှာပင် တာလီဘန် အဖွဲ့က နိုင်ငံအတွင်းရှိ  ခရိုင်အားလုံး၏ သုံးပုံတစ်ပုံကို  ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင် ရှိနေပြီ ဖြစ်သည်။

အာဖဂန်နစ္စတန်၌ အကြမ်းဖျင်းအားဖြင့် ခရိုင်ပေါင်း ၄၂၁ ခုရှိသည်။ တချို့ဒေသများ၌ စစ်သွေးကြွအဖွဲ့သည် လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်ခြင်း မပြုရဘဲ အလွယ်တကူ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အစိုးရတပ်ဖွဲ့ဝင်များသည် တာလီဘန်စစ်သွေးကြွများအား ထိပ်တိုက် ရင်ဆိုင်နိုင်သည့် အလားအလာ နည်းပါးနေသည်။ အဘယ်ကြောင့်ဆိုသော် တာလီဘန်စစ်သွေးကြွများ၏ အရေအတွက်သည် တချို့ဒေသရှိ   လုံခြုံရေးတပ်ဖွဲ့ဝင်အရေ အတွက်ထက် ပိုမိုများပြား နေသည့်အပြင် အစိုးရ၏ ထောက်ပံ့မှုကို ကောင်းစွာ မရရှိသောကြောင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်း နေသည်ဟုလည်း ဆိုနိုင်သည်။ ထိုသို့သော အခြေအနေတွင် တာလီဘန်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာပင် ခရိုင်ပေါင်း ၁၀ ခုကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။

အမေရိကန်နှင့် NATO  တပ်ဖွဲ့တို့သည် အာဖဂန်နစ္စတန်အတွင်း ဆယ်စုနှစ်နှစ်ခုနီးပါးကြာ စစ်ဆင်ရေးများ ဆင်နွှဲခဲ့သော်လည်း    လက်ဆုပ်လက်ကိုင်ပြနိုင်လောက်သည့်    အောင်မြင်မှုမရရှိခြင်းကြောင့် နောက်ဆုံးတွင် အာဖဂန်စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် တာလီဘန် စစ်သွေးကြွများနှင့် ငြိမ်းချမ်းရေးသဘော တူညီချက်တစ်ရပ် ချမှတ်ရန်   ကြိုးပမ်းခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကာတာနိုင်ငံ၏ ကြားဝင်ဖျန်ဖြေမှုဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။  သို့ရာတွင်  အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက် ချမှတ်နိုင်ရန်   ကြိုးပမ်းမှုမှာလည်း   ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေတွင်ပင် ရှိနေသေးသည်။ ထိုအခြေအနေမျိုးတွင် အာဖဂန်၌ ဖြန့်ကြက်ထားသည့် အမေရိကန် တပ်များကို  ယခုနှစ်   စက်တင်ဘာ ၁၁ ရက်ခန့်တွင် အပြီးသတ် ရုပ်သိမ်းရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စီစဉ်ထား သည်။

ဘာကြောင့်    အာဖဂန်နစ္စတန်သို့ အမေရိကန်ဝင်ရောက်လာရသလဲ။

အမေရိကန်သည်    နိုင်ငံအတွင်း၌ ၉။၁၁ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ၂၀၀၁  ခုနှစ်   အောက်တို ဘာလမှစ၍ အာဖဂန်နစ္စတန်သို့ ဝင်ရောက်ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။

အကြောင်းပြချက်မှာ   အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးများ    ဆင်နွှဲရန်ဖြစ်ပြီး   အာဖဂန်နစ္စတန်အတွင်း  အစိုးရတပ်များကို    အကြမ်းဖက်တိုက်ခိုက်နေသည့်အပြင်    အယ်လ်ကိုင်ဒါများနှင့် ဆက်နွှယ်နေသည့်  တာလီဘန်စစ်သွေးကြွ အဖွဲ့ကို     အမြစ်ဖြတ်တိုက်ခိုက်ရန်ဖြစ်သည်။

အမေရိကန် အစိုးရသည် အာဖဂန်စစ်ပွဲအတွက်  အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီ အသုံးပြုခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂  ခုနှစ်အထိ နှစ်နှစ်တာကာလ အတွင်းမှာပင် စစ်ရေးအသုံးစရိတ်အဖြစ် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံနီးပါး အသုံးပြုခဲ့ရသည်ဟုဆိုသည်။

သို့ရာတွင် အမေရိကန်တို့သည် တာလီ ဘန်စစ်သွေးကြွအဖွဲ့ကို အပြီးသတ်ချေမှုန်း နိုင်ခြင်းမရှိဘဲ     ရုန်းကန်နေခဲ့ရသည်။ တာလီဘန်စစ်သွေးကြွများသည် အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက်လုပ် ဆောင်လာ ခဲ့သည့်အပြင်   နိုင်ငံအတွင်း တည်ငြိမ်မှုပျက်ပြားစေရန်နှင့် ပြည်သူများ ကြား လုံခြုံစိတ်ချမှု လျော့ပါးစေရန် အဓိကထား လုပ်ဆောင်လာသည်။

အာဖဂန်နစ္စတန်၌ အမေရိကန်က ၁၃ နှစ်ကြာ  စစ်ရေးအရ  ကြားဝင်စွက်ဖက် ခဲ့သော်လည်း တာလီဘန် စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို လျှော့ချနိုင်ခဲ့ခြင်း မရှိဟုဆိုနိုင်သည်။ အမေရိကန်နှင့်  အပေါင်းအပါများသည် လက်ရှိတွင် တာလီဘန်များအား တိုက်ထုတ်နိုင်ရေးအတွက် အာဖဂန်အစိုးရ တပ်ဖွဲ့ဝင်များကို  လေ့ကျင့်သင်ကြားပေးမှုများ  ပြုလုပ်နေသည်။  သို့ရာတွင်  ယင်းလုပ်ဆောင်ချက်များမှာ  ထိရောက်မှုမရှိကြောင်း တာလီ ဘန်တပ်များ၏ နယ်မြေသိမ်းပိုက်မှုများက သက်သေပြလျက်ရှိသည်။

တာလီဘန်စစ်သွေးကြွအဖွဲ့၏ အောင် ပွဲဖြစ်လာမည်လား။   

အမေရိကန်နှင့် NATO တပ်ဖွဲ့တို့က အာဖဂန်နစ္စတန်မှ ပြန်လည်ထွက်ခွာရန် စီစဉ်ခြင်းကို တာလီဘန်အဖွဲ့က ၎င်းင်းတို့၏ စစ်ရေးအောင်မြင်မှုတစ်ရပ်အဖြစ် ရှုမြင်နေသည်ဟု ပြောဆိုချက်များ ထွက်ပေါ်လာသည်။

ယခုကဲ့သို့အခြေအနေမျိုးတွင်  အမေရိကန်အစိုးရက နိုင်ငံအတွင်း ဖြန့်ကြက်ထားသည့် ၎င်းတို့၏တပ်များကို ပြန်လည်ရုပ်သိမ်းရန်       ဆုံးဖြတ်ခဲ့ခြင်းသည် တာလီဘန်များအား  အောင်ပွဲခံစေရန် လမ်းကြောင်း ဖွင့်လှစ် ပေးခြင်းဖြစ်သည်ဟု  အာဖဂန်နစ္စတန်သမ္မတဟောင်း ဟာမစ်ကာဇိုင်းက စွပ်စွဲထားသည်။

လက်ရှိ အာဖဂန်နစ္စတန် နိုင်ငံအတွင်း ဖြစ်ပွားနေသည့်    လုံခြုံရေး အခြေအနေများသည်   လုံးဝစိတ်ချ၍ မရနိုင်သည့် အခြေအနေမျိုးဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။     အမေရိကန်တပ်များသည် ယခင်က ၎င်းင်းတို့တပ်စွဲခဲ့သည့် စစ်အခြေစိုက်စခန်းများကို   အာဖဂန်နစ္စတန်တပ်များထံ   ပြန်လည်လွှဲပြောင်း ပေးလျက်ရှိသည်။

ထို့ကြောင့် အာဖဂန်အစိုးရတပ်များသည်  လုံခြုံမှုမရှိသောဒေသနှင့်  ခရိုင်များအား ကာကွယ်ပေး နေရသည့်အပြင် တာလီဘန်များက လုပ်ဆောင်လာမည့် ထိုးစစ်ဆင်တိုက်ခိုက်မှု များကိုလည်း ရင်ဆိုင်နေရသည်။ ထိုအခြေအနေမျိုးတွင်  လုံခြုံရေးတပ်များအား      အစိုးရက ထိရောက်စွာ   ထောက်ပံ့ပေးနိုင်ခြင်းမရှိသောကြောင့်  လုံခြုံရေးတပ် များအနေဖြင့်     တာလီဘန်တို့၏ ထိုးစစ်ဆင်မှုကို တားဆီးနိုင်မှုမရှိခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် အာဖဂန်နစ္စတန်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ အစိုးရထံမှ ထောက်ပံ့မှု ကောင်းစွာမရရှိသော်လည်း   တာလီဘန်များ    လာရောက်တိုက်ခိုက်မည့် ရက်ကို စောင့်ဆိုင်းနေရသည့် အခြေအနေမျိုးတွင် ရှိနေသည်။

အချုပ်အားဖြင့်ဆိုရပါမူ အမေရိကန် ဦးဆောင်သည့် ပြည်ပတပ်များ အာဖဂန်နစ္စတန်မှ ပြန်လည် ထွက်ခွာခြင်းသည် တာလီဘန် စစ်သွေးကြွများအတွက် အောင်ပွဲတစ်ရပ် ဖြစ်ပေါ်လာစေနိုင်သည့်အပြင်  တာလီဘန်များအနေဖြင့်လည်း  အမေရိကန်အထွက်၊  တာလီဘန်အချက်ဟူသော  အခြေအနေမျိုးကို  မဖြစ်မနေ   ဖန်တီးရယူမည့်   အခြေအနေရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။                     

Ref: Sputnik,aljazeera,BBC