ကာလရှည်လော့ဒေါင်း ချမှတ်ပါက အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ဟု မလေးရှားစီးပွားရေး လုပ်ငန်းအဖွဲ့ သတိပေး

မလေးရှားနိုင်ငံ၌ ကာလရှည်လော့ဒေါင်းချမှတ်ပါက အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ကြောင်း  စီးပွားရေး လုပ်ငန်းများနှင့်  ကုန်သွယ်ရေးလုပ်ငန်းများစွာ ပါဝင်သော အဖွဲ့က   အစိုးရကို သတိပေးလိုက်ကြောင်း သိရသည်။

အစိုးရအနေဖြင့်   လော့ဒေါင်းများ ချမှတ်ခြင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း   ပြောင်းပြန်အကျိုးဆက်အဖြစ် ပြည်သူများ အစာရေစာငတ်ကာ သေဆုံးလာနိုင်ကြောင်း ထိုအဖွဲ့က  ဇူလိုင် ၆ ရက်တွင် ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း မလေးရှားနိုင်ငံ၌ အလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ကာ  ထိုပမာဏသည် ဆယ်စုနှစ်သုံးခုအတွင်း  အလုပ်လက်မဲ့နှုန်းအမြင့်ဆုံးဖြစ်သည်။

ယခုနောက်ဆုံးစာရင်းများအရ  နိုင်ငံအတွင်း အလုပ်လက်မဲ့နှုန်းမှာ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိလာပြီ ဖြစ်ပြီး  အစိုးရက လော့ဒေါင်း ချမှတ်ထားသည်မှာ တတိယမြောက်ဖြစ်လာကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ အားလုံးနီးပါး ပိတ်ထားရသည်အထိ လော့ဒေါင်းချမှတ်ထားသော်လည်း   နေ့စဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်မှာ  သိသိသာသာ လျော့ကျသွားခြင်း မရှိသေးကြောင်း သိရသည်။

Ref: TST