မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက် သွားရေး ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၁

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ   နိုင်ငံရေး ဗျူရို အဖွဲ့ဝင် မစ္စတာရန်ကျဲ့ချိ ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄နာရီ ၁၅မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်   သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  နှစ်နိုင်ငံဆက်ဆံရေး  ပိုမိုတိုးတက်ခိုင်မာစေရေး၊ လယ်ယာစိုက်ပျိုး ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး စသည့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးချဲ့သွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ အလွန်တွင်  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော် သွားနိုင်ရေး၊    မြန်မာနိုင်ငံ အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ကူညီ  ပံ့ပိုးပေးရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အပြုသဘောဆောင် အကူအညီ ပေးသွားရေး၊ ၂ဝ၂ဝ ပြည့်နှစ် ဇန်န ဝါရီလ အတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ခရီးစဉ်တွင် ရရှိခဲ့သည့်  သဘောတူညီ ချက်များကို အရှိန်အဟုန်မပြတ် အကောင် အထည်ဖော်ရေး၊  ပြည်သူ အချင်းချင်း ထိတွေ့ ဆက်ဆံမှုမြှင့်တင်ရန်အတွက် ယဉ်ကျေးမှု နှင့်ခရီးသွားလာရေးနှစ် ၂ဝ၂ဝကို စနစ်တကျ နှစ်ဖက်ညှိနှိုင်း စီစဉ် ဆောင်ရွက်သွားရေး၊ ပြည်သူများ အကြား ပုံမှန် ကူးလူးဆက်ဆံမှု အမြန်ဆုံး အကောင် အထည်ဖော်သွား နိုင်ရေးနှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပသွားနိုင်ရေး၊ မြန်မာနိုင်ငံ၌ နိုဝင်ဘာလ အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွား နိုင်ရေး ကိစ္စများ ကို ဆွေးနွေးကြသည်။

ထို့ပြင် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက်နီးကပ်စွာ ပူးပေါင်း ဆောင်ရွက် သွားရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးကျော်တင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နှင့်အတူ အဆင့်မြင့်အရာရှိ ကြီးများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး   မစ္စတာချန်းဟိုင်တို့တက်ရောက်ကြကြောင်း သိရသည်။