ကာကွယ်ဆေးအပြည့်ထိုးထားသူများ ဒယ်တာဗီဇပြောင်းရောဂါပိုးကို ၆၉ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်

စင်ကာပူနိုင်ငံက   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနဲ့ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးတို့ရဲ့ ဆက်စပ်မှုကို သုတေသနပြုလေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်။

အဲဒီသုတေသနမှာ တွေ့လိုက်ရတာကတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများဟာ ဒယ်တာဗီဇ ပြောင်းရောဂါပိုးကူးစက်မှုကို ၆၉ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်ဆိုတာပါပဲ။

၆၉ ရာခိုင်နှုန်းဆိုတာ ရောဂါလက္ခဏာပြတဲ့ ရောဂါပိုးဖြစ်စေ၊   ရောဂါလက္ခဏာမပြတဲ့ ရောဂါပိုးဖြစ်စေ အဲဒီအချက်တွေကို ထည့်မတွက်ဘဲ  ရရှိထားတဲ့ပမာဏ ဖြစ်ပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးရဲ့ထိရောက်မှုက ရောဂါလက္ခဏာပြတဲ့ရောဂါကူးစက်မှုကိုတော့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်းရှိတယ်လို့   သုတေသနမှာ ဖော်ပြထားပါတယ်။

ဒါတင်မကသေးပါဘူး။ အောက်ဆီဂျင်ပေးဖို့လိုအပ်တဲ့၊  အထူးကြပ်မတ်ကုသမှုခံယူဖို့ လိုအပ်တဲ့၊ သေဆုံးနိုင်ခြေရှိတဲ့အထိ

ပြင်းထန်တဲ့ရောဂါကူးစက်မှုတွေကနေ ၉၃ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ဒီသုတေသနကိုတော့   ကူးစက်ရောဂါဆိုင်ရာ အမျိုးသားဗဟိုဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က ပူးပေါင်း လုပ်ဆောင်တာပါ။

သူတို့က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ ဒီနှစ်  မေလအထိ သုတေသနလုပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့သုတေသနထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ အယောက် ၁၀၀၀ ရဲ့ အိမ်ထောင်စုတွေ ပါဝင်ပါတယ်။

အခုလိုမျိုးတွေ့ရှိမှုက ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးနဲ့ ကာကွယ်ဆေးတို့ရဲ့အကြောင်းကို ပိုမိုနားလည်စေဖို့ စင်ကာပူနိုင်ငံရဲ့ ကြိုးပမ်းမှုဖြစ်ပြီး ဒီတွေ့ရှိမှုကိုလည်း မကြာခင်မှာ    နိုင်ငံတကာကသိရှိအောင် ထုတ်ပြန်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

သူတို့ရဲ့စမ်းသပ်မှုတွေအရ ဒီနှစ်ရဲ့ဧပြီလ  ၁၁ ရက်နောက်ပိုင်း ပြည်တွင်းကူးစက်မှုတွေထဲမှာမှ ကာကွယ်ဆေးထိုး ထားလျက်နဲ့ အောက်ဆီဂျင်ပေးဖို့ လိုအပ်တဲ့အထိ ဖြစ်ရတဲ့ လူနာအရေအတွက်ဟာ ၁ ရာခိုင်နှုန်းသာရှိပြီး အထူးကြပ်မတ်ကုသမှု ခံယူဖို့ လိုအပ်တဲ့သူ   တစ်ဦးမျှမရှိဘူးဆိုတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် ကာကွယ်ဆေးထိုးပြီးသူတွေ အနေနဲ့ ပြင်းထန်တဲ့ရောဂါပိုးကူးစက်နိုင်မှုက အလွန်နည်းပါးတယ် ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံကလုပ်တဲ့သုတေသနတစ်ခုမှာတော့    ကာကွယ်ဆေးတစ်လုံးထိုးရုံနဲ့ ဒယ်တာဗီဇပြောင်း ရောဂါပိုးကူးစက်မှု ကနေကာကွယ်နိုင်စွမ်းက ၃၅ ရာခိုင်နှုန်းရှိတာကို တွေ့ရပြီး ကာကွယ်ဆေးနှစ်လုံးစလုံး ထိုးပြီး သူတွေကတော့   ရောဂါကူးစက်မှုကနေ ၇၉ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်ဆိုတာကို တွေ့ရပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ဒီနေ့အချိန်အထိ ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူ   ၃၉ ရာခိုင်နှုန်း ရှိပါတယ်။    အသုံးပြုနေတဲ့ ကာကွယ်ဆေးတွေကတော့ ဖိုင်ဇာ-ဘိုင်အိုအန်တက်နဲ့ မိုဒါနာကုမ္ပဏီထုတ် ကာကွယ်ဆေးတွေပါ။

ထိုးပေးပြီးတဲ့ကာကွယ်ဆေး အလုံးပေါင်းက ၅ ဒသမ ၉ သန်းရှိပြီး လူဦးရေ ၂ ဒသမ ၁ သန်းက ကာကွယ်ဆေးနှစ်လုံးစလုံးထိုးပြီးသူတွေ ဖြစ်ပါတယ်။

ဒါကြောင့်  လက်ရှိအနေအထားအရကြည့်မယ်ဆိုရင် စင်ကာပူနိုင်ငံက တစ်ရက်ကို ကာကွယ်ဆေးအလုံးပေါင်း ၇၆၀၀၀ အထိ ထိုးပေးနေတာကို တွေ့ရပါတယ်။

ကာကွယ်ဆေးထိုးပေးနိုင်မှု နှုန်းများပြားတဲ့နိုင်ငံတွေမှာ   သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို  ဦးစားပေး ထိုးနှံပေးတာဖြစ်တဲ့အတွက် ကာကွယ်ဆေး မထိုးရသေးတဲ့လူငယ်တွေမှာ    ရောဂါကူးစက်မှုများပြားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ဆေးရုံတက်ရောက်ကုသရမှုနှုန်းနဲ့ ရောဂါပြင်းထန်မှုနှုန်းတွေကြည့်မယ် ဆိုရင်တော့ ကာကွယ်ဆေးမထိုးရသေးတဲ့

သက်ကြီးရွယ်အိုတွေသာ များပြားနေတာကို တွေ့ရပါတယ်။

ဒီအတွက်ကြောင့် သက်ကြီးရွယ်အိုတွေအနေနဲ့   ကာကွယ်ဆေးထိုးဖို့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။ အကယ်၍ သက်ကြီး ရွယ်အိုတွေအနေနဲ့    အိမ်အပြင်လည်း မထွက်တဲ့အတွက် ကာကွယ်ဆေးမထိုးချင်ဘူးလို့ ဆိုလာနိုင်ပေမယ့် မိသားစုဝင်တစ်ဦးဦးက အိမ်ကိုရောဂါပိုး သယ်လာမိတဲ့အချိန်မှာ အဘိုးအဘွားတွေဟာ   အလိုလိုနေရင်း ရောဂါကူးစက် ခံရနိုင်ပါတယ်။

လက်ရှိအခြေအနေမှာ ကာကွယ်ဆေးတွေက လိုအပ်သလောက်မရတဲ့အတွက် ကာကွယ်ဆေးထိုးချင်ပေမယ့် မထိုးလိုက်

ရတဲ့သူတွေ ရှိနေမှာပါ။

သို့ပေမယ့်လည်း ကာကွယ်ဆေးထိုးခွင့်ရတဲ့သူတွေကတော့   ကာကွယ်ဆေးကို မဖြစ်မနေထိုးထားမှသာ ရောဂါပိုးတွေဟာ ဗီဇတွေအမျိုးမျိုးပြောင်းပြီး ကူးစက်ပျံ့နှံ့လာမှုကို တားဆီးကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကိုလည်း အဆုံးသတ်စေမှာ ဖြစ်ပါတယ်။  

Source: CNA