Quarantine ဝင်သည့် အာမခံ အလုပ်သမားများနှင့် ကိုယ်ဝန်ဆောင် အာမခံ အလုပ်သမားများအား မကျန်းမာမှု အကျိုးခံစားခွင့် ၆ဝ ရာခိုင်နှုန်းကို ဆက်လက်ခွင့်ပြု ထုတ်ပေးသွားရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

နေပြည်တော်   စက်တင်ဘာ 

လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း ဖြေလျှော့ ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်များအား ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက်၁ဝ နာရီတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကား ပြောကြားသည်။

ယင်းနောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က  ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့က ခွင့်ပြုထုတ်ပေးခဲ့သည့် ငွေကြေးအကျိုး ခံစားခွင့် စုစုပေါင်း ကျပ်သန်း (၂၆,၅၇၆.၇၆၂)အား ထုတ်ပေးခဲ့မှု၊  ကိုဗစ်-၁၉ ရောဂါကို  တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရန်နှင့် အာမခံ အလုပ်သမားများမှ အကျိုးခံစားခွင့်များကို လွယ်ကူလျင်မြန်စွာ ရရှိစေရန် Wave Money  ဖြင့် Pilot  ဆောင်ရွက်မှု၊ လူမှုဖူလုံရေး ဆေးရုံ၊ဆေးခန်းများနှင့် စာချုပ်ဆေးခန်းများ၌ အာမခံ အလုပ်သမားများအတွက် ဆေးဝါး များ၊ ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် ဆေးပစ္စည်း ကိရိယာများကို အသင့်ဆောင်ရွက်ထားမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်း တင်ပြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက အလုပ်လက်မဲ့ အကျိုးခံစားခွင့်အာမခံစနစ်အကောင်အထည်ဖော်ရန် အတွက် ILO၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်နိုင်ရန် EU အဖွဲ့မှ ထောက်ပံ့ကူညီမှုများ ရယူပြီး ဆက်လက် ဆောင်ရွက်ရန်၊ အာမခံ အလုပ်သမားများ ဆေးဖိုးပြန်လည် ခွင့်ပြုထုတ်ပေးခြင်းကို Wave Money ဖြင့် တိုးချဲ့ ဆောင်ရွက်သွားရန်၊ အလုပ်ရှင်များ ထည့်ဝင်ကြေး ပေးသွင်းရာတွင် လွယ်ကူအဆင်ပြေစေရန် အတွက် e-Contribution လုပ်ငန်းကို CCT Function  ဖြင့် Pilot  ဆောင်ရွက်သွားရန်၊   လက်ရှိဆောင်ရွက်နေသော Reform (၄) ဆက်လက် ဆောင်ရွက်ခြင်း၊ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄ဝ ရာခိုင်နှုန်းအား ကျန်ရှိသော အကျုံးဝင် အလုပ်ဌာနများအား ဆက်လက်စိစစ် ခွင့်ပြုသွားရန်၊ Quarantine ဝင်သည့် အာမခံ အလုပ်သမားများနှင့် ကိုယ်ဝန်ဆောင် အာမခံ အလုပ်သမားများအား မကျန်းမာမှု အကျိုးခံစားခွင့် ၆ဝ ရာခိုင်နှုန်းကို ဆက်လက်ခွင့်ပြု ထုတ်ပေးသွားရန်၊   လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် စာရင်းဇယားများ တိကျမှန်ကန်ရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားကြောင်း သိရသည်။