ထိုင်းအစိုးရက ဘန်ကောက်မြို့နှင့်အနီးဝန်းကျင်ဒေသများ၌ ကူးစက်ရောဂါထိန်းချုပ်ရေးစည်းမျဉ်းများ တင်းကျပ်

ထိုင်းနိုင်ငံအစိုးရက နိုင်ငံအတွင်းဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ရေးအတွက် ဘန်ကောက်မြို့နှင့်    အနီးဝန်းကျင်ရှိဒေသများတွင် ကူးစက်ရောဂါထိန်းချုပ်ရေး စည်းမျဉ်းများကို တင်းကျပ်လိုက်ကြောင်း သိရသည်။

တင်းကျပ်လိုက်သည့် စည်းမျဉ်းများတွင် လူငါးဦးထက်ပို၍ စုဝေးမှုကိုတားမြစ်ခြင်း၊ အလှပြင်ဆိုင်များနှင့်   အလှအပရေးရာဆေးခန်းများကိုပိတ်ခြင်း၊ စီးပွားရေးလုပ်ငန်းအချို့၏ အလုပ်ချိန်ကို လျှော့ချခြင်းတို့ ပါဝင်သည်။

ထို့ပြင် ည ၉ နာရီမှ နံနက် ၄ နာရီအထိ အိမ်အပြင်မထွက်ရအမိန့်လည်း ပါဝင်ကာ ပြည်တွင်းခရီးသွားလာမှုများကိုလည်းတင်းကျပ်လိုက်သည့် အဆိုပါ စည်းမျဉ်းများသည် ဇူလိုင် ၁၀ ရက်မှစ၍ အသက်ဝင်မည်ဖြစ်သည်။

ယခုစည်းမျဉ်းများ တင်းကျပ်လိုက်သော ဘန်ကောက်မြို့နှင့်အနီးဝန်းကျင်ရှိ ပြည်နယ်လေးခုသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများဆုံးနေရာများဖြစ်ပြီး   အဆိုပါ စည်းကမ်းတင်းကျပ်မှုက  သီတင်းပတ်နှစ်ပတ်ကြာမြင့်မည် ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း   ရောဂါကူးစက်ပျံ့နှံ့မှုများ တစ်ဟုန်ထိုးမြင့်တက် လာပြီးနောက် နိုင်ငံအတွင်းရှိ ကျန်းမာရေးစနစ်အပေါ်   ဖိအားများရှိလာသည့်အတွက် ယခုကဲ့သို့ စည်းမျဉ်းများကိုတင်းကျပ်ရခြင်း ဖြစ်ကာ အဆိုပါ စည်းမျဉ်းများ တင်းကျပ်မှုကို ဝန်ကြီးချုပ်ပရာယုချန်အိုချာ ဦးဆောင်သော ကူးစက်ရောဂါ   တိုက်ဖျက်ရေးအဖွဲ့က အတည်ပြုထားပြီး ဖြစ်သည်။

Ref: Bloomberg