ကာကွယ်ဆေးအပြည့်ထိုးပြီးသူများ ထပ်တိုးကာကွယ်ဆေးထိုးရန်မလိုဟု အမေရိကန်တာဝန်ရှိသူများပြော

ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးနှစ်လုံးစလုံး ထိုးပြီးသူ များအနေဖြင့် ထပ်တိုးကာကွယ်ဆေးများထိုးရန် မလိုအပ်ကြောင်း အမေရိကန် ကျန်းမာရေးနှင့်ဆေးဝါးဆိုင်ရာ တာဝန်ရှိသူများက  ဇူလိုင် ၈ ရက်တွင် ပြောသည်။

အကယ်၍ သိပ္ပံနည်းကျလေ့လာမှုများက ထပ်တိုးကာကွယ်ဆေးထိုးရန် ညွှန်ပြလျှင် ထိုသို့ထိုးပေးနိုင်ရေးအတွက် အသင့်ပြင်ဆင်သွားမည်ဖြစ်ကြောင်း  အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနတို့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။

လက်ရှိတွေ့ရှိချက်များအရ ကာကွယ်ဆေး    အပြည့်ထိုးပြီးထားသူများသည် ကူးစက်မြန်ပြင်းထန်သော ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအပါအဝင် အခြားဗီဇပြောင်းရောဂါပိုးများ ကူးစက်မှုမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်ဟု အဆိုပါဌာနများကပြောသည်။

သို့သော်  အသက် ၁၂ နှစ်နှင့်အထက်ရှိပြီး  ကာကွယ်ဆေးမထိုးရသေးသူများအနေဖြင့်  ကာကွယ်ဆေးထိုးထားရန် ၎င်းတို့က တိုက်တွန်းထားသည်။

ကာကွယ်ဆေးမထိုးရသေးသူများသာ ရောဂါကူးစက်နိုင်ခြေများကြောင်း၊ လက်ရှိဆေးရုံတက်ရောက်ကုသမှု ခံယူနေရသူများနှင့် သေဆုံးနေသူများသည် ကာကွယ်ဆေး မထိုးရသေးသူများသာ ဖြစ်သည်ကို တွေ့ရကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိုင်ဇာကုမ္ပဏီကမူ  ၎င်းတို့၏ ကာကွယ်ဆေးထိုးပြီးနောက်  ၁၂  လအတွင်း နောက်ထပ် ကာကွယ်ဆေးတစ်လုံးထပ်ထိုး ခြင်းက   ကိုယ်ခံစွမ်းအားကို ထူးခြားစွာ မြှင့်တင်ပေးနိုင်မည်ဟုဆိုကာ  ထပ်တိုးကာကွယ်ဆေးထိုးခွင့်ပြုရန် အမေရိကန် တာဝန်ရှိသူများကို  တောင်းဆိုထားသည်။

သို့သော် mRNA နည်းပညာအသုံးပြု အဆိုပါကာကွယ်ဆေး  နှစ်လုံးစလုံးကို ထိုးထားသူများသည် ဗီဇပြောင်းရောဂါပိုး များကူးစက်မှုမှ ကာကွယ်နိုင်သည့် ခိုင်မာသော   ကိုယ်ခံအားရရှိပြီးဖြစ်ကြောင်း သုတေသနများတွင် တွေ့ရသည်ဟု တာဝန်ရှိသူများကပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားသည်မှာ  တစ်နှစ်ခွဲရှိလာချိန်တွင် ကမ္ဘာတစ်ဝန်း၌ ထိုရောဂါကြောင့် သေဆုံးသူ ၄ သန်းကျော်လာပြီဖြစ်သည်။

အဆိုပါသေဆုံးသူများအနက် အမေရိကန်နိုင်ငံက အယောက် ၆ သိန်းကျော်ဖြင့် ထိပ်ဆုံးမှရပ်တည်နေပြီး  ၎င်း၏နောက်တွင် ဘရာဇီးနှင့်အိန္ဒိယတို့က အစဉ်လိုက်ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။                

Ref: NBC News