အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူ ၃ ဒသမ ၇ သန်းကျော်ရှိလာ

အိန္ဒိယအစိုးရသည် နိုင်ငံအတွင်းရှိ ကျောင်းသားသန်းပေါင်းများစွာကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ပြုစဉ် စက်တင်ဘာ ၁ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၃ ဒသမ ၇ သန်းကျော်လာကြောင်း သိရသည်။ နိုင်ငံတစ်ဝန်းရှိ ကျောင်းသားနှစ်သန်းကျော်မှာ ဆေးကျောင်းနှင့် အင်ဂျင်နီယာကျောင်းများအတွက် စက်တင်ဘာ ၁ ရက်တွင် ဝင်ခွင့်ဖြေဆိုရခြင်း ဖြစ်သည်။

ထိုသို့စာမေးပွဲဖြေဆိုစဉ် ကျောင်းသားများသည် နှာခေါင်းစည်းများတပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာမနေခြင်း၊  လက်ဆေးခြင်းနှင့်  ကိုယ်အပူချိန်တိုင်းခြင်းတို့ကို လုပ်ဆောင်ရသည်။

ကျောင်းသားများကို ဝင်ခွင့်စာမေးပွဲဖြေခွင့် ပြုလိုက်ပါက ဗိုင်းရပ်ကူးစက်မှု မြင့်တက်လာမည်ကို စိုးရိမ်ရသည့်အတွက် အစိုးရက အဆိုပါစာမေးပွဲများကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပြီး ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့ပြီးနောက် ဗိုင်းရပ်ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ကာ ယခုအခါ တစ်နိုင်ငံလုံးတွင် ဗိုင်းရပ်ကူးစက်ခံရသူ ၃၇၃၃၉၃၆ ဦးနှင့် သေဆုံးသူ ၆၅၉၂၂ ဦးရှိကြောင်း သိရသည်။            

 Ref: The Straits Times