လီဗာပူးအသင်း ဇူလိုင် ၁၂ ရက်မှစတင်ကာ သြစတြီးယားနိုင်ငံ၌ ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်မည်

လီဗာပူးအသင်းသည်  ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စခန်းသွင်း လေ့ကျင့်မှုများကို သြစတြီးယားနိုင်ငံ၌ ဇူလိုင် ၁၂  ရက်မှစတင်ကာ ပြုလုပ်မည်ဟု  ထုတ်ပြန်ထားကြောင်း သိရသည်။

လက်ရှိတွင်  COVID-19 ရောဂါအခြေအနေကြောင့် ခရီးသွားလာခွင့် ကန့်သတ်ချက်များ ရှိနေ၍ ပရီးမီးယားလိဂ်မှ ထိပ်တန်းအသင်းကြီး များအနေဖြင့် လာမည့် ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုများကို  ပြည်တွင်း၌သာ  ပြုလုပ်နေကြချိန်တွင် လီဗာပူးအသင်းက ပြည်ပခရီးစဉ်အဖြစ် သြစတြီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

ယူရို ၂၀၂၀ ပြိုင်ပွဲ၌ပါဝင်ခြင်းမရှိသည့်  လီဗာပူး အသင်းမှ ကစားသမားများအနေဖြင့်   လက်ရှိတွင်  အသင်းနှင့် ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပြီး အသေးစား လေ့ကျင့်ခန်းများကို  ပြုလုပ်နေသကဲ့သို့ ပြီးခဲ့သည့် ဘောလုံးရာသီ တစ်ခုလုံးနီးပါး လွဲချော်ခဲ့ရသည့် အဓိက ကစားသမားများ ဖြစ်သော  ဂိုမက်ဇ်နှင့်  ဗန်ဒိုက်တို့သည်လည်း ဒဏ်ရာပြန်လည် သက်သာလာပြီ ဖြစ်သည့်အတွက် အသင်းနှင့် ပူးပေါင်း၍ စခန်းသွင်း လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

လီဗာပူးအသင်းသည်  ယူရို ၂၀၂၀ ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် အင်္ဂလန်အသင်း၌ ကစားနေသော ကစားသမားများမှ လွဲပြီး ကျန်ကစားသမားများ အနေဖြင့်  မကြာမီ အသင်းနှင့် ပြန်လည်ပူးပေါင်း၍     သြစတြီးယား နိုင်ငံသို့    သွားရောက်မည်ဖြစ်ကာ အားလပ်ရက်ရရှိထားသည့် ကစားသမားလည်း  လာရောက် ပူးပေါင်းမည် ဖြစ်ကြောင်း သိရသည်။

Ref;Dailymail