ပြည်တွင်း၌သာ ကစားလိုသောကြောင့် ပြည်ပအသင်းများ၏ ကမ်းလှမ်းမှုများကို ငြင်းပယ်ပြီး ဂျူဗင်တပ်စ် အသင်းသို့သာ ကွင်းလယ်ကစားသမားလိုကာတယ်လီ ပြောင်းရွှေ့ဖွယ်ရှိနေ

ဆက်ဆူအိုလိုအသင်း    ကွင်းလယ်ကစားသမား လိုကာတယ်လီက ပြည်ပကလပ် အသင်းများ၏ ကမ်းလှမ်းမှုများ ရှိနေသော်လည်း  အီတလီပြည်တွင်းလိဂ်၌သာ ဆက်လက်ကစားလိုသည့်အတွက် ဂျူဗင်တပ်စ် အသင်းသို့သာ  ပြောင်းရွှေ့ကစားရန် နီးစပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ဘောလုံးရာသီက ဆက်ဆူအိုလိုအသင်းနှင့်   ခြေစွမ်းပြနိုင်ခဲ့သည့်    လိုကာတယ်လီသည် လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲတွင်လည်း အီတလီအသင်းနှင့်အတူ   အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်း အသင်းကြီး အများစု၏ စောင့်ကြည့်မှုကို ခံခဲ့ရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက  အာဆင်နယ်အသင်းသည် ကွင်းလယ်ကစားသမား   ရှာကာနေရာ၌  အစားထိုး လိုသည့်အတွက် လိုကာတယ်လီကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ ဖြင့် တရားဝင် ကမ်းလှမ်းခဲ့သကဲ့သို့  ဂျူဗင်တပ်စ်အသင်းကလည်း ချိတ်ဆက်မှုများ ရှိနေသည်။ အလားတူ ဒေါ့မွန်အသင်းနှင့် မန်စီးတီးအသင်း တို့ကလည်း ၎င်းကို ကမ်းလှမ်းရန် စောင့်ကြည့်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

လိုကာတယ်လီကိုယ်တိုင်ကလည်း အီတလီပြည်တွင်းလိဂ်၌သာ  ကစားလိုသည့်အတွက် ဂျူဗင်တပ်စ် အသင်းကိုသာ ဦးစားပေးရွေးချယ်ဖွယ် ရှိနေပြီး ၎င်း၏ အပြောင်းအရွှေ့ကို ယူရို ၂၀၂၀ ပြိုင်ပွဲ အပြီးတွင် စတင်လာဖွယ် ရှိကြောင်း သိရသည်။

Ref;Sky Sports