ဂျပန်၌ မိုးသည်းထန်စွာ ရွာသွန်းနိုင် ဒေသခံနှစ်သိန်းခွဲနီးပါးကို ဘေးကင်းရာရွှေ့ပြောင်းခိုင်းထား

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်သောကြောင့် ဒေသခံ နှစ်သိန်းခွဲနီးပါးကို    ဘေးကင်းရာသို့ ရွှေ့ပြောင်းခိုင်းထားကြောင်း မိုးလေဝသဌာနမှ တာဝန်ရှိသူများက ဇူလိုင် ၁၀ ရက် တွင်ပြောသည်။

မိုးရွာသွန်းနိုင်မှု အခြေအနေသည် အမြင့်ဆုံးအဆင့်အန္တရာယ်ရှိသည့် အဆင့် ၅ သတ်မှတ်ထားသည့်အတွက် ဒေသခံများ အနေဖြင့် အိမ်ခေါင်မိုးများကဲ့သို့ ဘေးကင်းရာနေရာများတွင် နေထိုင်ရန်နှင့် မြစ်ကမ်းများ၊ တောင်ကုန်းများအနီးသို့  မသွားရန် တာဝန်ရှိသူများက သတိပေးထားသည်။

အဆင့် ၅ သတ်မှတ်ချက်မှာ ဖြစ်အံ့ဆဲဆဲသော အန္တရာယ်ကြီးနှင့်   ကြုံရမည့်အခြေအနေတွင် ရှိနေသော်လည်း ကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ရန် မစွမ်းသာသော အခြေအနေမျိုးကို သတ်မှတ်ထားခြင်း ဖြစ်သည်။

အထူးသဖြင့်   ကာဂိုရှီးမားဒေသရှိ ပြည်သူများအနေဖြင့်  ရွှံ့နွံပြိုကျမှုများနှင့် မြစ်ရေကြီးမှုများကို အထူးသတိထား စောင့်ကြည့်ရန် လိုအပ်ကြောင်း ဂျပန်မိုးလေဝသဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် အတာမီမြို့၌ ရွှံ့နွံပြိုကျမှုများဖြစ်ပွားရာ လူနေအိမ်များသည် ရွှံ့ရေစီးကြောင်း နှင့်အတူ မျောပါသွားသည့်အတွက်   လူကိုးဦးသေဆုံးထားပြီး အယောက် ၂၀ မှာပျောက်ဆုံးနေဆဲ ဖြစ်သည့်အတွက် ကယ်ဆယ်ရေး အဖွဲ့က ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။        

Ref: Kyodo