ဥရောပသမဂ္ဂက လူထုကိုယ်ခံအား ရရှိစေမည့် ကာကွယ်ဆေးပမာဏကို ဝေမျှပေးပြီးဖြစ်

ဥရောပသမဂ္ဂသည်    ဒေသအတွင်း လူထုကိုယ်ခံအားရရှိစေမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပမာဏကို ဝေမျှပေး ပြီးဖြစ်ကြောင်း သမဂ္ဂဥက္ကဋ္ဌ  အူဆူလာဗွန်ဒယ်လိုင်ယန်က ဇူလိုင် ၁၀ ရက်တွင် ပြောသည်။

ဆေးပညာသဘောအရ ကူးစက်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် လူထုကိုယ်ခံအားရရှိရေးက အရေးကြီးပြီး ပျမ်းမျှအားဖြင့် လူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းက   ကာကွယ်ဆေးထိုးထားရမည် ဖြစ်သည်။

ထို့ကြောင့်   ဥရောပသမဂ္ဂအနေဖြင့် ဒေသအတွင်းရှိ   လူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေး အလုံအလောက်ကို   ဖြန့်ဝေပေးပြီး ဖြစ်ကြောင်းနှင့်    ကာကွယ်ဆေးထိုးရန်မှာ သက်ဆိုင်ရာနိုင်ငံများမှ  အစိုးရအသီးသီး၏ တာဝန်ဖြစ်ကြောင်း  သမဂ္ဂဥက္ကဋ္ဌက ပြောသည်။

နိုင်ငံပေါင်း  ၂၇  နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂတွင် အချို့နိုင်ငံများ၏ ကာကွယ်ဆေးထိုးနှုန်းမှာ အခြားနိုင်ငံများထက်များစွာ မြန်ဆန်ကြောင်းနှင့်  သမဂ္ဂက ၎င်းတို့၏ ကတိစကားတည်အောင် ဆောင်ရွက်ပေးထားပြီဖြစ်ကြောင်း အူဆူလာဗွန်ဒယ်လိုင်ယန်က ဆက်ပြောသည်။

ဥရောပကော်မရှင်   ဦးဆောင်သော ဥရောပသမဂ္ဂပူးတွဲ ကာကွယ်ဆေးဝယ်ယူရေး အစီအစဉ်သည်  ဖိုင်ဇာ-ဘိုင်အိုအန်တက်ကုမ္ပဏီထုတ်  ကာကွယ်ဆေးအလုံးပေါင်း သန်း ၃၃၀၊ အက်စထရာဇီနီကာ ကုမ္ပဏီထုတ်ဆေး အလုံးပေါင်း သန်း ၁၀၀၊ မိုဒါနာကုမ္ပဏီထုတ်ဆေး အလုံးပေါင်း သန်း ၅၀ နှင့် ဂျွန်ဆင်အန်ဂျွန်ဆင်ကုမ္ပဏီထုတ် ဆေးအလုံးပေါင်း သန်း ၂၀ တို့ကို ခွဲဝေပေးပြီးဖြစ်သည်။

ခွဲဝေပေးထားသည့် ကာကွယ်ဆေးများ အားလုံးအနက် ဂျွန်ဆင်အန်ဂျွန်ဆင်မှလွဲ၍ ကျန်ကာကွယ်ဆေးများ အားလုံးမှာ နှစ်လုံးထိုးဆေးများဖြစ်သည်။   ဥရောပဒေသ၌ ကာကွယ်ဆေးထိုးခွင့်ရှိသည့် အရွယ်ရောက်ပြီးသူ စုစုပေါင်းအရေအတွက်မှာ ၃၆၆ သန်းရှိသည်။

လက်ရှိတွင် ဒေသတွင်းရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးအလုံအလောက် ဖြန့်ဝေပေးပြီးဖြစ်ကာ ဇွန် ၁၁ ရက်တွင် နောက်ထပ်ကာကွယ်ဆေးအလုံးပေါင်း   သန်း  ၅၀၀  ကို  ထပ်မံဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း အူဆူလာဗွန်ဒယ်လိုင်ယန်က ပြောသည်။

၎င်းင်းတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ မတိုက်ဖျက်နိုင်သေးကြောင်း၊ ထိုအချိန်တွင် ဗီဇပြောင်းရောဂါပိုးများကို နှိမ်နင်းရေးအတွက်ပါ ကြိုးပမ်းလုပ်ဆောင်နေရကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ဆေးထိုး လုပ်ငန်းများကို ရှေ့ဆက် လုပ်ဆောင်သွားရမည် ဖြစ်ပြီး   သို့မှသာ ပြည်သူများအားလုံး အသက်ဘေးမှလွတ်မည်ဖြစ်ကြောင်း အူဆူလာဗွန်ဒယ်လိုင်ယန်က ပြောကြောင်း သိရသည်။

Ref: TST