ကိုယ်ဝန်ဆောင်များနဲ့ နို့တိုက်မိခင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးရဘူး ဆိုတာ တကယ်လား

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေ ထွက်ပေါ်လာတာ  အခုဆိုရင်  ခုနစ်လဝန်းကျင်ရှိနေပါပြီ။   ကာကွယ်ဆေးတွေ ထွက်ပေါ်လာစတုန်းက  ကောလာဟလတွေ လိုလို၊  ပညာရှင်တွေရဲ့ တားမြစ်ချက်တွေ လိုလို အမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။

အဲဒီထဲကမှ တစ်ခုကတော့   ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊   နို့တိုက်မိခင်တွေ အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရဘူးဆိုတဲ့ အချက်ပါပဲ။

ဘာကြောင့်လဲဆိုတာကတော့ ဘယ်သူမှအတိအကျမသိကြသလို   ဘယ်သူမှလည်း အရေးတယူလုပ်ပြီး မမေးကြပါဘူး။ သိတဲ့သူကလည်း အရေးတယူလုပ်ပြီး မရှင်းပြကြပါဘူး။ ဒီတော့ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ   ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး မထိုးရဘူးဆိုတဲ့ နေရာမှာတင် စကားက လမ်းဆုံးသွားပါတယ်။

ဒီလိုမျိုး ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကောလာဟလလိုလို၊ တားမြစ်ချက်လိုလိုက တကယ်ဖြစ်နိုင်ရဲ့လား ဆိုတာကို သေချာဆန်းစစ်ကြည့်ရအောင်။

တချို့ကပြောကြပါတယ်။ ကာကွယ်ဆေးထဲမှာ    သက်ရှိရောဂါပိုးပါတဲ့အတွက် ကလေးငယ်ကို ကူးစက်နိုင်တယ်။ နို့ထဲက နေပါနိုင်တယ်ဆိုပြီးတော့ပါ။

ဒီနေရာမှာ   စာများများဖတ်တဲ့သူ ဆိုရင်တော့   အတပ်သိနိုင်ပါလိမ့်မယ်။ ဘယ်ကာကွယ်ဆေးထဲမှာမှ    သက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးမပါဘူးဆိုတာကိုပေါ့။ ဒါဆိုရင်  ကာကွယ်ဆေးထိုးခြင်းကြောင့် ကလေးကိုရောဂါပိုးကူးစက်နိုင်တယ်ဆိုတဲ့ပြောဆိုချက်က မဖြစ်နိုင်တော့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး    အထူးသဖြင့် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့   သိပ္ပံပညာရှင်အဖွဲ့ခေါင်းဆောင် ဒေါက်တာဆိုမြဆွာမိနာသန်ရဲ့ ပြောဆိုချက်ကို    ကိုးကားပြီး ပြောလိုပါတယ်။

ဒေါက်တာဆိုမြဆွာမိနာသန်က Science in 5 ဆိုတဲ့    ရုပ်သံအစီအစဉ်မှာ မေးထားတာတွေကို  ပြန်ဖြေထားတာပါ။

ဒီတော့  အမေးအဖြေပုံစံလေးနဲ့ပဲ တင်ပြလိုက်ပါတယ်။

မေး။   ပထမဆုံးမေးခွန်းက ကလေးငယ်တွေကို  နို့ချိုတိုက်ကျွေးနေတဲ့ မိခင်တွေအတွက် ဘယ်လိုများအကြံပြုချင်ပါလဲ။ သူတို့အနေနဲ့  ကာကွယ်ဆေးထိုးလို့ရပါသလား။

ဖြေ။ ဒီအတွက်အဖြေကတော့ တစ်လုံးတည်းဖြေရမယ်ဆိုရင့်နျ ပါ။ လတ်တလော    ကလေးမွေးထားတဲ့မိခင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနိုင်ပါတယ်။ တကယ်လို့ ကာကွယ်ဆေးထိုးခွင့်ရမယ်ဆိုရင် ထိုးထားသင့်ပါတယ်။ သူတို့အနေနဲ့ကာကွယ်ဆေး ထိုးတဲ့အတွက် ဘယ်လိုဘေးထွက်ဆိုးကျိုး၊ ဘယ်လိုအန္တရာယ်မှမရှိပါဘူး။    လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေအားလုံးထဲက ဘယ်ကာကွယ်ဆေးမှာမှ သက်ရှိရောဂါပိုးမပါပါဘူး။ ဒါကြောင့် မိခင်နို့ကနေတစ်ဆင့်  ကလေးငယ်ဆီကို ရောဂါပိုးကူးစက်မှုဆိုတာမဖြစ်နိုင်ပါဘူး။ တကယ်တမ်း ပြောရမယ်ဆိုရင် မိခင်က ကာကွယ်ဆေးထိုးလိုက်လို့ သူ့ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာတဲ့ ပဋိပစ္စည်းတွေက   မိခင်နို့ကနေတစ်ဆင့် ကလေးဆီကို   စီးဆင်းသွားတဲ့အတွက် ကလေးငယ်အနေနဲ့   ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနည်းငယ်ကိုတောင်မှခံနိုင်ပါဦးမယ်။ သေချာတာကတော့ မိခင်အနေနဲ့ ကာကွယ်ဆေးထိုး လိုက်လို့    ကလေးမှာ ဘယ်လိုဆိုးကျိုးမှ မဖြစ်စေပါဘူး။ သိပ်ကိုစိတ်ချရပါတယ်။ ဒါကြောင့်ပြောရမယ်ဆိုရင် နို့တိုက်မိခင်တွေအနေနဲ့ ကာကွယ်ဆေးထိုးခွင့်ကြုံလာပြီဆိုရင် ထိုးထားလိုက်တာကအကောင်းဆုံးဖြစ်ပါတယ်။

မေး။   ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးယူဖို့စီစဉ်နေတဲ့သူတွေအတွက်ဆိုရင်ရော။

ဖြေ။    ဟုတ်ကဲ့။  ဒါကသိပ်ကိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်ဝန်ဆောင်ခြင်းဆိုတာ  မိခင်ရဲ့ကျန်းမာရေးကိုသာမက   လူမဖြစ်သေးတဲ့သန္ဓေသားရဲ့ ကျန်းမာရေးကိုပါ    စိုးရိမ်ရတဲ့အတွက် သိပ်ကိုအရေးကြီးတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒါကြောင့်   ကိုယ်ဝန်ဆောင်စဉ်ကာလမှာပေးတဲ့    ဘယ်လိုသောက်ဆေးမျိုးမဆိုဒါမှမဟုတ်   ထိုးပေးလိုက်တဲ့ ဘယ်လိုကာကွယ်ဆေးမျိုး မဆိုဟာ ဖြစ်လာနိုင်တဲ့ဘယ်လိုဘေးထွက်ဆိုးကျိုးမှ   မရှိစေဖို့ဒါမှမဟုတ် ပြောင်းပြန်အကျိုးသက်ရောက်မှု မရှိစေဖို့အတွက်    ကျွန်မတို့က အမြဲတမ်းအလေးထားရပါတယ်။   အခုကိုဗစ်-၁၉ ရောဂါဖြစ်စဉ်မှာဆိုရင်လည်း ကိုယ်ဝန်ဆောင်မိခင်တွေဟာ ပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက် နိုင်ခြေများတဲ့ အုပ်စုထဲမှာ ပါဝင်နေပါ တယ်။ ဒါ့အပြင်  သူတို့ဟာ  ကိုယ်ဝန်လမစေ့ဘဲ မွေးဖွားနိုင်ခြေ အမြင့်ဆုံးဖြစ်ပါတယ်။ ဒီတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း များပြားတဲ့ နိုင်ငံတစ်နိုင်ငံမှာ အမျိုးသမီးတစ်ယောက်က ရောဂါပိုးနဲ့ထိတွေ့လိုက်တယ်။ ဒါမှမဟုတ် အဲဒီအမျိုးသမီးဟာ ကျန်းမာရေး ဝန်ထမ်းဖြစ်ပြီး   ရောဂါတိုက်ဖျက်ရေးမှာ    ရှေ့တန်းကျကျ ပါဝင်နေရတယ်ဆိုရင်  ရောဂါကူးစက်ခံရမှာ  မလွဲ

ဧကန်ပါပဲ။  ဒီအခြေအနေမှာ  ရောဂါကူးစက်ခံရနိုင်ခြေကို   လျော့ကျစေတာက ကာကွယ်ဆေးထိုးခြင်းပါပဲ။ အဓိကကတော့ လက်ရှိအသုံးပြုနေတဲ့ကာကွယ်ဆေးတွေဟာ RNA နည်းပညာ ဒါမှမဟုတ် အသက် မရှိတော့တဲ့ရောဂါပိုး ဒါမှမဟုတ် တကယ့်ရောဂါပိုးနဲ့  အလားသဏ္ဌာန်တူပေမယ့် ဆိုးကျိုးမရှိတဲ့ရောဂါပိုး     ဒါမှမဟုတ် တကယ့်ရောဂါပိုးအစစ်ရဲ့ အာနိသင်မရှိတဲ့ ပရိုတင်းတို့ကိုသာ အသုံးပြုထားတဲ့အတွက် စိတ်ချရမှုရှိပြီး ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးပျံ့နှံ့စေမှာမဟုတ်ဘဲ တကယ်တမ်း ရောဂါကူးစက်မှုနဲ့ ကြုံရတဲ့အခါ  ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို သူတို့အနေနဲ့ ကာကွယ်ဆေးထိုးလို့ ရရှိလာမယ့် အကျိုးကျေးဇူးတွေနဲ့ ကာကွယ်ဆေးမထိုးရင်ဖြစ်ပေါ်လာမယ့်   အန္တရာယ်တွေကို ကျွမ်းကျင်သူတွေက ရှင်းပြပြီး သူတို့ကိုယ်တိုင်ကာကွယ်ဆေးထိုးဖို့ လိုလားတယ်ဆိုရင်တော့

ထိုးပေးသင့်ပါတယ်။  ဒီတော့ ကျွန်မခုနက ပြောခဲ့သလိုမျိုးပဲ   ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ   ရောဂါကူးစက်ခံရနိုင်ခြေ အများဆုံးဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးထားခြင်းက များစွာသော အကျိုးကျေးဇူး

တွေကို ရရှိပါစေလိမ့်မယ်။

မေး။ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာနေတဲ့အချိန်မှာရော ကာကွယ်ဆေးထိုးသင့်လား။

ဖြေ။    ဒီနေရာမှာ ဓမ္မတာလာနေတဲ့အမျိုးသမီးနဲ့ ကာကွယ်ဆေးထိုးခြင်းက သိပ္ပံနည်း ကျဘယ်လိုမှ ဆက်စပ်မှုမရှိပါဘူး။  ဒါပေမဲ့ သဘာဝအရ သူ့အနေနဲ့ အနည်းငယ်ပိုပြီးတော့ ပင်ပန်းနိုင်ပါတယ်။   ဒါကြောင့် ကိုယ့်အနေနဲ့ ကာကွယ်ဆေးထိုးရမယ့်ရက်က ဓမ္မတာလာတဲ့ရက်နဲ့  တိုက်နေတယ်ဆိုရင်တော့ အဲဒီမတိုင်ခင် ကာကွယ်ဆေးကိုကြိုပြီး ထိုးထားလိုက်တာအကောင်းဆုံးပါပဲ။ ဘယ်လိုပြဿနာမှမရှိလာတော့ဘူးပေါ့။

မေး။   ကျွန်မတို့အနေနဲ့ ကာကွယ်ဆေးကြောင့် မျိုးပွားနိုင်စွမ်း၊ မျိုးမပွားနိုင်စွမ်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်အမှားတွေ အများကြီးကြားနေရပါတယ်။  ဒါနဲ့ပတ်သက်ပြီးတော့ရော သိပ္ပံနည်းက ျဖြေရှင်းပေးနိုင်မလား မသိဘူး။

ဖြေ။    ဟုတ်ကဲ့။  အဲဒါကတော့ဖြစ်နေကျ ကောလာဟလပါပဲ။ ဒီနေရာမှာ ကျွန်မအနေနဲ့ အတိအကျ ပြောလိုတာက ကောလာဟလထဲမှာ ပြောနေသလိုမျိုး   ကာကွယ်ဆေးထိုးရင် အမျိုးသားရော အမျိုးသမီးပါ မျိုးမပွားနိုင်ဘဲ   မြုံနေမယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လိုပဲကြည့်ကြည့် သိပ္ပံနည်းကျ မှန်ကန်ပါတယ်ဆိုတဲ့ အချက်အလက်တွေ တစ်ခုမှမရှိပါဘူး။     အမှန်တရားလည်း မဟုတ်ပါဘူး။    ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးရဲ့အလုပ်က    ရောဂါပိုး ဒါမှမဟုတ် ဗက်တီးရီးယားရဲ့ ပဋိဇာတ် ဒါမှမဟုတ် သီးသန့်ဖြစ်တဲ့  ပရိုတင်းကို ခန္ဓာကိုယ်က တုံ့ပြန်တိုက်ခိုက်နိုင်စေဖို့အတွက် ကိုယ်ခံအားစနစ်ကို နှိုးဆွပေးတာသာဖြစ်ပါတယ်။ အခု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဟာဆိုရင်လည်း  SARS-CoV-2 ရောဂါပိုးရဲ့    စပိုက်ပရိုတင်းကို တုံ့ပြန်နိုင်စေမယ့် ပဋိပစ္စည်းတုံ့ပြန်မှုနဲ့ ကလာပ်စည်းကကြားဝင်ပေးတဲ့  ကိုယ်ခံအားတုံ့ပြန်မှုကိုသာ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးက  အမျိုးသားမှာဖြစ်ဖြစ်၊ အမျိုးသမီးမှာဖြစ်ဖြစ် သူတို့ရဲ့မျိုးပွားအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် ဘယ်လိုသက်ရောက်မှု၊   ဘယ်လိုစွက်ဖက်မှုမှ မရှိစေပါဘူး။ ဒီအတွက် ကာကွယ်ဆေးတွေဟာ မျိုးပွားနိုင်စွမ်းကို  မနှောင့်ယှက်နိုင်ဘူးဆိုတာ လူတွေအနေနဲ့ စိတ်ချလက်ချ ထားပါလို့ ပြောလိုပါတယ်။

တကယ်တော့ သိပ္ပံပညာရှင်တွေဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို စတင်ဖော်စပ်စမ်းသပ်တုန်းက ကာကွယ်ဆေးအသစ် ဖြစ်တဲ့အတွက် သူရဲ့ဘေးထွက်ဆိုးကျိုးက  ဘာမှန်းမသိသေးတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊  နို့တိုက်မိခင်တွေနဲ့ မစမ်းသပ်ခဲ့တာပါ။

ဒါကြောင့်ပဲ  ကာကွယ်ဆေးတွေထွက်လာချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ကို ခေတ္တစောင့်ဆိုင်းဖို့ပဲ ဆရာဝန်တွေက ပြောခဲ့တာပါ။ဒါပေမဲ့ တစ်ဆင့်စကား တစ်ဆင့်ကြားဆိုသလိုမျိုးပဲ ခေတ္တစောင့်ဆိုင်းဖို့ဆိုပြီး ပြောလိုက်တဲ့စကားက   နောက်ဆုံးကျတော့ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ ကာကွယ်ဆေးထိုးလို့မရဘူးဆိုပြီး ဖြစ်လာတာ ဖြစ်ပါတယ်။

အခုဆိုရင်   ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ခြေပိုများတယ် ဆိုတာကို သိလာရပါပြီ။ လူလွတ်တွေက ကိုယ့်မှာရောဂါဖြစ်ရင်   တော်ရုံတန်ရုံ ဘာမှမဖြစ်ပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကတော့ ရောဂါကူးစက်ခံရပြီ ဆိုတာနဲ့ ဗိုက်ထဲကသန္ဓေသားကိုလည်း ဆက်ပြီးကူးစက် သွားစေနိုင်သလို လမစေ့ဘဲ ကလေးမွေးလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

နို့တိုက်မိခင်တွေအနေနဲ့ ရောဂါကူးစက်ခံရပြီ ဆိုရင်လည်း ကိုယ်နဲ့အနီးကပ်နေပြီး ကိုယ့်နို့ကိုစို့နေတဲ့ကလေးက ရောဂါကူးစက်ခံရနိုင်ခြေများ ပါလိမ့်မယ်။

ဒီအတွက်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို   ထိုးသင့်တယ်၊ ထိုးနိုင်တယ်ဆိုတာ အထက်မှာတင်ပြခဲ့တဲ့ အမေးအဖြေလေးကြောင့် သိသွားကြပြီလို့ ထင်ပါတယ်။

တကယ်လို့များ    ကိုယ်ကကာကွယ်ဆေးထိုးရမလား၊ မထိုးရဘူးလား ဝေခွဲမရဖြစ်နေရင်တော့   အောက်ပါအချက် လေးချက်ကို ပြန်တွေးကြည့်လိုက်ပါ-

(၁)     ကိုယ်က ရောဂါကူးစက်ခံရနိုင်ခြေ     ရှိမှု

(၂)      ရောဂါကူးစက်ခံရပြီဆိုရင် ခံစားရ      မယ့်ပြင်းထန်မှု

(၃)     မျက်မြင်တွေ့ရှိထားပြီးဖြစ်တဲ့ ကာကွယ်ဆေးရဲ့သက်ရောက်မှု

(၄)     ကာကွယ်ဆေးထိုးခြင်းရဲ့ ဘေးကင်း  စိတ်ချရမှု

နောက်ဆုံးအနေနဲ့ပြောလိုတာကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးများသာမက နို့တိုက်မိခင်တွေပါ  ဒီဆောင်းပါးလေးကို ဖတ်မိပြီး ကိုယ်နဲ့ကိုယ့်ရင်သွေး ကျန်းမာရေးအတွက်   အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ကို ချနိုင်ပါစေလို့    ဆုတောင်းလိုက်ပါတယ်။   ။

ထက်မြက်