တရားမဝင်ကြားကားများ ပြေးဆွဲနေမှုကို ငွေကျပ် သုံးသောင်းထက် မပိုသော ဒဏ်ငွေထက် ပိုမိုထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် ကြားကားများ ပြေးဆွဲ၍ ခရီးသည်များ  သယ်ယူပို့ဆောင်ပေးနေမှုကို   ငွေကျပ် သုံးသောင်းထက် မပိုသော    ဒဏ်ငွေထက် ပိုမိုထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

''ငွေကျပ် သုံးသောင်းထက်မပိုတဲ့ ဒဏ်ငွေ  ချမှတ်အရေးယူ ဆောင်ရွက်နေရတဲ့ အတွက် အခုထက်ပိုထိရောက်တဲ့ ဥပဒေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။  ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့လည်း  စည်းကမ်းဖောက်ဖျက်တဲ့ ကြားကားတွေကို     ဆက်လက်စောင့်ကြည့် အရေးယူ ဆောင်ရွက်နေပါတယ်'' ဟု  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်  လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ YBS ယာဉ်လိုင်းများ ပြေးဆွဲနေသည့်     လမ်းကြောင်းများ၌  နေ့ရောညပါ  ပြေးဆွဲနေ သော   တရားမဝင် ကြားကားများအား အရေးယူဆောင်ရွက်ခြင်းကို အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)  ကွပ်ကဲမှု အောက်ရှိ အမှတ် (၆/၇/၈/၉)  ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲများက ဆောင်ရွက်ခဲ့ရာ ၂ဝ၁၈ ခုနှစ်တွင် ကြားကား ၁၅၄ စီးကို ဖမ်းဆီး အရေးယူခဲ့ပြီး ၂ဝ၁၉  ခုနှစ်တွင် ကြားကား ၁၄၈ စီး ဖမ်းဆီးအရေးယူနိုင် ခဲ့သည်။   အဆိုပါ စည်းကမ်း ဖောက်ဖျက်သော အငှားယာဉ်အဖြစ် မှတ်ပုံတင်ထား ခြင်းမရှိသည့်   ကြားကားများကို   ၂ဝ၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ   ၆၅ အရ  ငွေကျပ် သုံးသောင်းထက်မပိုသော ဒဏ်ငွေဖြင့်သာ   အရေးယူ ဆောင်ရွက် နေ ခြင်းဖြစ်သည်။

ရန်ကုန်မြို့၌  အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အခန်းကဏ္ဍတွင် ပြည်သူလူထု သွားလာမှုလိုအပ်ချက်အရ  တိုးချဲ့ပြေးဆွဲပေးခဲ့ရာ  နံပါတ်ဖြင့် ပြေးဆွဲသည့်  ယာဉ်လိုင်းပေါင်း ၁ဝ၂ လိုင်းနှင့်  Shuttle Bus လိုင်းများလည်း ပြေးဆွဲ ပေးလျက် ရှိကြောင်း သိရသည်။