သစ်ထုတ်လုပ်ရေးမှ လွှဲအပ်သစ် လေလံသစ် ခွဲစိတ်သစ်နှင့် ဖမ်းဆီးရမိ သစ်များကို ရောင်းချရာ ငွေကျပ်သန်း ၆၅ဝဝ ကျော် ရရှိ

စက်တင်ဘာ ရက်

မကွေးတိုင်းဒေသကြီးတွင်   ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် သြဂုတ် ၁၅ ရက်အထိ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန သစ်ထုတ်လုပ်ရေးမှ လွှဲအပ်သစ်များ၊ လေလံရောင်းချသစ်များ၊ ခွဲစိတ်ရောင်းချ သစ်များနှင့် သစ်တောမှ ဖမ်းဆီးရမိ သစ်များကို    ပြည်တွင်းသုံးစွဲမှုအတွက်  ရောင်းချပေးရာ ငွေကျပ်သန်း  ၆၅ဝဝ ကျော်အထ ိရရှိကြောင်း   မကွေးတိုင်း ဒေသကြီး  မြန်မာ့သစ်လုပ်ငန်း    ဒုတိယအထွေထွေ မန်နေဂျာ   ဦးသိန်းဦးထံမှ သိရသည်။

''မကွေးတိုင်းဒေသကြီး  ဂန့်ဂေါသစ်ထုတ်လုပ်ရေး ဒေသ၊ မင်းဘူး သစ်ထုတ်လုပ်ရေး ဒေသနဲ့ သရက်သစ်ထုတ်လုပ်ရေး ဒေသသုံးခုမှ ထွက်ရှိတဲ့သစ်တွေနဲ့ သစ်တောဌာနမှ တရားမဝင် ဖမ်းဆီးရမိတဲ့ သစ်တွေကို  အစိုးရသစ်ဆိုင်၊ အစိုးရသစ်စက်များကို လွှဲပြောင်းပြီး  ပြည်တွင်း လိုအပ်ချက်အတွက် တရားဝင် ရောင်းချပေးနေပါတယ်။ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် သြဂုတ်၁၅ ရက်အထိ ကျွန်းသစ် ၆၈၆ တန်နဲ့သစ်မာ ၂၇၆၄၃ တန်ကို  တရားဝင် ရောင်းချခဲ့ရာ  ရောင်းချရငွေကျပ် ၆၅၄ဝ ဒသမ ၈၇၃ သန်း ရရှိခဲ့ပါတယ်'' ဟု မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဦးသိန်းဦးက  ပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ရေးမှ လွှဲအပ်သည့် ကျွန်းသစ် ၂၂၆ တန်၊ သစ်မာ ၁၃၉၄၉ တန်၊ လေလံရောင်းချမှုမှ ကျွန်းသစ် ၂၂၁ တန်၊ သစ်မာ ၁ဝ၅၁ဝတန်၊ ခွဲစိတ်ရောင်းချမှုမှ သစ်မာ ၂၈ဝ၆တန်တို့မှ  ရောင်းချရငွေကျပ်  ၅၃၆၇ ဒသမ  ဝ၆၇ သန်းနှင့်  သစ်တောဌာနမှ တရားမဝင် သစ်ဖမ်းဆီးရမိမှုမှ ကျွန်းသစ် ၂၃၉တန်၊  သစ်မာ  ၃၇၈  တန်တို့မှ ရောင်းချရငွေကျပ် ၁၁၇၃ ဒသမ ၈ဝ၆ သန်း ရရှိခဲ့ကြောင်း သိရသည်။