အခြေခံပညာ အထက်တန်းကျောင်းများ ယာယီပိတ်ထားသဖြင့် အဝေးရောက် ဆရာ ဆရာမများကို မိမိတို့ ဒေသများသို့ ပြန်ခွင့်ပြု မပြု ဆုံးဖြတ်ပေးမည်

တစ်နိုင်ငံလုံးရှိ အခြေခံပညာ အထက်တန်းကျောင်းများ သြဂုတ် ၂၇ ရက်မှစ၍ ယာယီပိတ်ထားရာ အဝေးရောက် ဆရာ၊ ဆရာမများကို မိမိတို့နေထိုင်သည့် ဒေသများသို့   ပြန်ခွင့်ပြု၊ မပြု အမြန်ဆုံး ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း   အခြေခံ ပညာဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာတင်မောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

''လက်ရှိမှာ  COVID-19    ရောဂါက  ပြည်တွင်းမှာ  ကူးစက်တာများတယ်။ Lockdown ချလိုက်ရင် ဆရာ၊ ဆရာမတွေ သွားဖို့၊လာဖို့ အရမ်းခက်ခဲသွားမှာလည်း စိုးတယ်။ ဒါကြောင့် အဝေးရောက်နေတဲ့ ဆရာ၊ဆရာမတွေအတွက် စဉ်းစားပြီး အမြန်ဆုံး ထုတ်ပြန်ပေးမှာပါ''  ဟု ဒေါက်တာ တင်မောင်ဝင်း ကပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်   ဖွင့်လှစ်ရန်လျာထားသည့်  အခြေခံပညာ အထက်တန်းကျောင်းပေါင်း    ၇၁၇၃ ကျောင်းရှိရာ  သြဂုတ်  ၁၆  ရက်တွင် စစ်တွေမြို့၌   COVID-19 ရောဂါ ပြည်တွင်း ကူးစက်လူနာတစ်ဦး စတင်တွေ့ ရှိရာမှ နောက်ဆက်တွဲ ကူးစက်ပြန့်ပွားလာခြင်းကြောင့် အထက်တန်းအဆင့်  အခြေခံပညာကျောင်း အားလုံးကို သြဂုတ် ၂၇ ရက်မှစ၍ အကန့်အသတ်မရှိ  ပြန်လည်ပိတ်ထားခြင်း ဖြစ်ကြောင်း   သိရသည်။