ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၇ မြို့နယ်ကို နေအိမ်တွင်နေထိုင်ရေး  (Stay at Home) အစီအစဉ်တွင် အကျုံးဝင် ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အမိန့်အမှတ်၊ ၁ဝဝ/၂ဝ၂ဝ

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ(ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကိုထုတ်ပြန်လိုက်သည်။

၁။      ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည်  လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019-COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲ အတည်ပြုလူနာများ နှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများ တွေ့ရှိရမှု များပြားလာသဖြင့် ရောဂါ ကူးစက် ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သော မြို့နယ်များတွင် နေထိုင်သည့်ပြည်သူများ အနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။      သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အောက်ပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများ အနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home ) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည်-

(က)   သင်္ဃန်းကျွန်းမြို့နယ်၊

(ခ)     အင်းစိန်မြို့နယ်၊

(ဂ)    မြောက်ဥက္ကလာပမြို့နယ်၊

(ဃ)   သာကေတမြို့နယ်၊

(င)     လှိုင်မြို့နယ်၊

(စ)    ပုဇွန်တောင်မြို့နယ်၊

(ဆ)   မင်္ဂလာဒုံမြို့နယ်။

၃။      အဆိုပါမြို့နယ် ၇မြို့နယ်ရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ် တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည်-

(က)   မိမိနေအိမ်တွင်သာ နေထိုင်ရန်(အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန် ထမ်းဆောင်ရန် သွားရောက်သူများမပါ)

(ခ)     မဖြစ်မနေဈေးဝယ်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာ သွားရောက်ရန်၊

(ဂ)    ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင်နှစ်ဦးသာ သွားရောက်ရန်၊

(ဃ)   နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း (mask)  တပ်ရန်၊

(င)     တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြု ထားသော ယာဉ်များကိုသာ ရပ်ကွက် ကျော်လွန်သွား လာခွင့်ပြုရန်၊

(စ)    ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ၊ ဆေးခန်းသွား ရောက်ခြင်း အတွက်  ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်။

၄။ အပိုဒ် ၃အပိုဒ်ခွဲ(ခ)၊ (ဂ)နှင့် (စ)တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင်ဖြစ်စေ၊ အခြား အရေးပေါ် ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သို့  သတင်း ပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန် ထမ်းဆောင်ရန် သွားရောက်/ ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်း ကောင်း ဝင်/ထွက်ခွင့် မပြုရန် ဖြစ်သည်။

၅။      ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်မည်ဖြစ်သည်။

၆။      ဤအမိန့်သည် ၂-၉-၂ဝ၂ဝ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။

ဒေါက်တာမြင့်ထွေး

ပြည်ထောင်စုဝန်ကြီး