ကလေးနှင့် နာကျင်ကိုက်ခဲဝေဒနာ

ယမန်နေ့မှအဆက်

- ကလေးတွေမှာ ကိုယ်လက်ကိုက်ခဲတာရော အဖြစ်များပါသလား။

- ကလေးတွေမှာ နာတာရှည် ခြေလက်ကိုက်ခဲတာက တော်တော်လေး အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ ကြွက်သားတွေ၊ အရိုးတွေကြောင့်ဖြစ်တဲ့ ရေရှည်ကိုက်ခဲမှုတွေ တွေ့ရပါတယ်။ ရေရှည်ဆိုရာမှာ အမြဲဖြစ်နေတာနဲ့ မကြာခဏ ပြန်ဖြစ်တာလို့ ခွဲခြားလို့ရပါတယ်။                 

- ယေဘုယျအားဖြင့် ဘာတွေကြောင့် အကြောအခြင် ကိုက်ခဲမှုဖြစ်နိုင်သလဲ။

- ယေဘုယျအားဖြင့် ထိခိုက်နာကျင်မှုပေါ့။ ကလေးတွေဆိုတာ ဆော့တယ်။ ဒါကြောင့် ထိခိုက်မှုရှိတယ်။ ဒါကြောင့်ဖြစ်နိုင်တယ်။ ဒါ့အပြင် ဖွံ့ဖြိုးမှုကြောင့် ဖြစ်သောအနာဆိုတဲ့ Growing Pain ဆိုတာ တစ်ခုလည်းရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့်လည်း အရိုးရောင်တယ်၊ ကြွက်သားရောင်တယ် စသဖြင့် ဖြစ်နိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်း ဥပမာ-ဗက်တီးရီးယားကြောင့်ဖြစ်မယ်၊ ဗိုင်းရပ်ကြောင့်ဖြစ်မယ်၊ တီဘီပိုးကြောင့် ဖြစ်နိုင်တယ်။အဲဒီလိုပဲ  Reactive Arthritis လို့ခေါ်တဲ့  တုပ်ကွေးရောဂါ ဖြစ်ပြီးတဲ့နောက်မှာ အဆစ်တွေမှာ သွားပြီး တုံ့ပြန်မှုပြတဲ့ သဘောနဲ့လည်း အဆစ်အမျက်တွေရောင်တာ၊ နာတာဖြစ်တတ်တယ်။ သွေးမတိတ်တဲ့ရောဂါ၊ သွေးကင်ဆာတို့မှာလည်း အဆစ်အမျက်ရောင်တာ၊  ကိုယ်လက်နာတာနဲ့ ပြတတ်ပါတယ်။ နှလုံးလေးဖက်နာလည်း ကျောင်းနေအရွယ် ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ အဲဒါဆိုရင် အဆစ်ကြီးတွေ တစ်ခုပြီးတစ်ခု ရောင်တတ်တယ်။ လူကြီးမှာဖြစ်တဲ့ သွေးလေးဖက်နာလို့ခေါ်တဲ့  Rheumatoid Arthritis က ကလေးမှာလည်း ရှားရှားပါးပါး ဖြစ်ပွားနိုင်ပါတယ်။  Connective Tissueလို့ခေါ်တဲ့  တွယ်ဆက်တစ်သျှူး ရောင်ရမ်းတဲ့ရောဂါတွေလည်း ကလေးမှာ ရှားရှားပါးပါး ဖြစ်နိုင်တယ်။ ဒီရောဂါတွေကြောင့် မကြာခဏ အဆစ်အမျက်ရောင်တာ၊ ဖျားတာစတဲ့ ရောဂါတွေလည်း ကလေးတွေမှာ  ဖြစ်နိုင်ပါတယ်။ နောက်ပြီး အရိုးနုနဲ့ အရိုးမာ ကင်ဆာတွေလည်း ကလေးတွေမှာ ရှားရှားပါးပါးဖြစ်တတ်ပါတယ်။ အဲဒီလိုပဲ ကလေးတွေမှာ အရိုးကို သွေးမလျှောက်တာ၊ ဥပမာ- တင်ပါးဆုံရိုး သွေးမလျှောက်တဲ့ ရောဂါလည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။

- ဒီအထဲမှာပါတဲ့ ဖွံ့ဖြိုးမှုကြောင့်ဖြစ်တဲ့ ဝေဒနာတွေဆိုတာကို ရှင်းပြပါခင်ဗျာ။

- ဒါလည်း သေချာရှင်းပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများဆုံး တွေ့ရလေ့ရှိလို့ပါ။ အဲဒါကို Growing Pain လို့ခေါ်တယ်။ ဖွံ့ဖြိုးမှုကြောင့်ဖြစ်တဲ့ ဝေဒနာလို့  နာမည်ပေးထားပေမယ့်လည်း အမှန်တကယ်တော့  ဖွံ့ဖြိုးမှုကြောင့်ဖြစ်တဲ့ ဝေဒနာလို့ ပြောလို့မရပါဘူး။ တကယ်က ခြေလက်တွေ ညဘက်တွင် ကိုက်ခဲသော၊ အကြောင်းရင်း မသေချာသော အကိုက်အခဲရောဂါလို့ သတ်မှတ်ရင်ရပါတယ်။

(Non- specific aches and pain)။ ကလေး တော်တော်များများ ညဘက်မှာ ခြေလက်တွေ ကိုက်တယ်၊ ပေါင်တို့၊ ခြေသလုံးတို့ ကိုက်တယ်လို့ ပြောလေ့ရှိပါတယ်။ လေးနှစ်မှ ခြောက်နှစ်အရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အဲဒါကြောင့် ကလေးတွေက အိပ်ရာက နိုးလာတယ်။ မနက်ကျ ကောင်းသွားလေ့ရှိပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ ဘယ်တော့မှ ထော့ကျိုးထော့ကျိုး ဖြစ်လေ့မရှိပါဘူး။

အဲဒါဆို ဒီရောဂါရှိမှန်း ဘယ်လိုလုပ်သိမှာလဲ ဆရာ။ ဒီရောဂါကို ရှာဖွေတဲ့နည်းကတော့ ကျွန်တော်တို့က တခြားရောဂါမဟုတ်ကြောင်း ပြပြီးတော့မှ ဒီရောဂါလို့ သတ်မှတ်ရပါတယ်။ အရိုးအဆစ်တွေကို စမ်းသပ်မှုလုပ်ရင် ဘာမှထူးခြားတာ မတွေ့ရပါဘူး။ ဒါမှမသေချာရင် သွေးစစ်တာ၊ ဓာတ်မှန်ရိုက်တာတွေ လုပ်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ဘာလက္ခဏာမှ မတွေ့ဘူး။ ဒီ့ပြင်ရောဂါလည်း မဟုတ်ဘူးဆိုရင်ခုနကပြောတဲ့ ဖွံ့ဖြိုးမှုကြောင့် ဖြစ်တဲ့ဝေဒနာ၊ တစ်နည်းအားဖြင့် အကြောင်းရင်း မသေချာသော အကိုက်အခဲရောဂါလို့ သတ်မှတ်ပါတယ်။

အရေးကြီးတာက မိဘတွေနဲ့ ကလေးတွေကို နှစ်သိမ့်အားပေးမှုပြုရပါမယ်။ ဒီရောဂါကြောင့် ရေရှည်မှာ ဘာမှထိခိုက်မှုမရှိဘူးဆိုတာ ရှင်းပြရပါမယ်။ အဲဒီတော့ လွယ်လွယ်ကူကူနဲ့   အန္တရာယ်ကင်းတဲ့ ကုသမှုမျိုး လုပ်ပေးရပါမယ်။ အေးတဲ့နေရာမှာ ခြေအိတ်စွပ်မယ်။နွေးထွေးတဲ့ ညဝတ်အင်္ကျီဝတ်မယ်။ ပေါင်၊ ခြေသလုံး၊ ခြေထောက်တို့ကို နှိပ်ပေးမယ်၊ ဆန့်ပေးမယ်။ တစ်ခါတလေ ရေနွေးအိတ်ကပ်ပေးမယ်။ တချို့ကလေးတွေဆို အကိုက်အခဲ ပျောက်ဆေး ပါရာစီတမောနဲ့ တစ်ခါတစ်ရံ  Ibuprofen  (ဆရာဝန်ပြပြီးမှ) အကိုက်အခဲပျောက်ဆေး ပေးခြင်းအားဖြင့် ကုသလို့ရပါတယ်။

- ကလေးတွေမှာ ခေါင်းကိုက်တာ အဖြစ်များပါသလားဆရာ။

- နာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာက အဖြစ်အများဆုံး ပြဿနာ တစ်ရပ်ပဲဖြစ်ပါတယ်။ အများစုကတော့  သိပ်အရေးကြီးတဲ့ ရောဂါမဟုတ်ပါဘူး။ သို့သော် အရေးကြီးတဲ့ရောဂါ ဥပမာ-ဦးနှောက်ထဲမှာ အကျိတ်ဖြစ်ပွားနိုင်တာလည်း ရှားရှားပါးပါးရှိပါတယ်။ အဲဒီတော့ အမှန်တကယ် ထိရောက်တဲ့ ကုသမှုကို ရဖို့အတွက် စောစောစီးစီး ရောဂါရှာဖွေဖို့ လိုပါတယ်။

- ကလေးခေါင်းကိုက်တာကို ဘယ်လိုခွဲခြားနိုင်သလဲ။

- အကြမ်းအားဖြင့် အချိန်ကာလကို လိုက်ပြီး ခွဲခြားလို့ရပါတယ်။ ရုတ်တရက်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ မကြာခဏ ပြန်၍ဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ ရေရှည်ခေါင်းကိုက်ခြင်း ဆိုပြီး ခွဲခြားလို့ ရပါတယ်။ ဒီခွဲခြားမှုတွေလုပ်ရင် တစ်ခုနဲ့တစ်ခုကြားမှာ ဖြစ်ပွားတဲ့အခြေခံ အကြောင်းအချက်တွေကတော့ အများကြီး ကွာခြားမှုရှိပါတယ်။

- ဆက်ပါဦးဆရာ

- အတွေ့အများဆုံးကတော့ ဖျားလို့ခေါင်းကိုက်တာပါပဲ။ အပူချိန်ကြီးရင်ကြီးသလို ခံစားမှုတစ်ရပ် အနေနဲ့ ခေါင်းကိုက်တာကတော့ အမြဲတမ်း လိုလိုရှိပါတယ်။

အဲဒါက ဘယ်အခါမှာ ပိုသိသာလဲဆိုတော့ သွေးလွန်တုပ်ကွေးရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ Mycoplasma Pneumonia လို့ခေါ်တဲ့ ကျောင်းနေအရွယ်တွေမှာ ဖြစ်တတ်တဲ့ အဆုတ်အအေးမိရောဂါတစ်မျိုး၊ ဒါတွေမှာဆိုရင်  ခေါင်းကိုက်တာက  သိသာထင်ရှားတဲ့လက္ခဏာတစ်ခုပါ။ ခေါင်းထဲမှာဖြစ်တဲ့ ဦးနှောက် အမြှေးရောင်တာတို့၊ ဦးနှောက်ရောင်တာ၊ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာတို့ကတော့   ပြင်းထန်တဲ့ ခေါင်းကိုက်မှုနဲ့ ပြလေ့ရှိပါတယ်။ အဲဒီအခါကျရင်တော့ ပြင်းထန်တဲ့ ခေါင်းကိုက်ခြင်း ဖြစ်တတ်ပါတယ်။ နောက်ထပ်ခေါင်းကိုက်တဲ့  အကြောင်းလေးတွေကတော့   စိတ်ဖိစီးမှုပေါ့။   စိတ်ဖိစီးမှုဝေဒနာရှိရင်လည်း   ခေါင်းကိုက်တာနဲ့ ပြလေ့ရှိပါတယ်။ 

Tension Headache လို့ ခေါ်ပါတယ်။ အဲဒီလိုပဲ ကလေးမှာ ခေါင်းပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေပေါ့။ ဥပမာ- မျက်စိမကောင်းဘူး။  အဲဒီအခါကျရင် မျက်ရိုးကိုက်တယ်၊  ခေါင်းကိုက်တယ်လို့ ဖြစ်လေ့ရှိပါတယ်။ နားရောဂါဖြစ်တဲ့ နားကိုက်တာ၊ နားပြည်ယိုတာတို့ ဖြစ်ပြီဆိုရင်လည်း ခေါင်းကိုက်တာနဲ့ ပြနိုင်ပါတယ်။ သွားကိုက်တာကလည်း ခေါင်းကိုက်တာနဲ့ ပြလေ့ရှိပါတယ်။ အဲဒါကြောင့်လည်း ကလေးတွေမှာ ခေါင်းကိုက်တာက အမြဲတမ်းလိုလို ကျွန်တော်တို့ တွေ့နေရတဲ့ အကြောင်းအရာ တစ်ရပ်ဖြစ်ပါတယ်။

- ဒီကလေးတွေရဲ့နာကျင်ကိုက်ခဲမှုကို   ကုသဖို့လိုပါသလား။

- သိပ်လိုပါတယ်။ ကလေးတွေမှာလည်း နာကျင်မှုကို လျော့ကျအောင် အတတ်နိုင်ဆုံး ကျွန်တော်တို့က လုပ်ပေးရမှာဖြစ်ပါတယ်။ ကလေးတွေ ကုသတဲ့အရာမှာ အခြေခံ ဥပဒေသကတော့ နာကျင်မှုကို အကောင်းဆုံး သက်သာစေပြီး ဆေးရဲ့မလိုလားအပ်တဲ့ အာနိသင်တွေကို  အနည်းဆုံးဖြစ်အောင် လုပ်ပေးရပါမယ်။ အဲဒီအခါမှာ (6)Rightလို့ခေါ်တဲ့ မှန်ကန်မှု ခြောက်ခုရှိဖို့ လိုပါတယ်။ အဲဒါတွေက မှန်ကန်တဲ့ဆေး၊ မှန်ကန်တဲ့ ဆေးပမာဏ၊ မှန်ကန်တဲ့ ဆေးပေးတဲ့နည်းလမ်း၊ မှန်ကန်တဲ့အချိန်၊  မှန်ကန်တဲ့   မလိုလားအပ်တဲ့ အာနိသင် အနည်းဆုံး  ဆေးရွေးချယ်မှု၊ မှန်ကန်တဲ့ မိဘနဲ့ကလေးကို ချဉ်းကပ်ဆက်ဆံမှု စသဖြင့် အဲဒီ အချက်အလက်တွေ လိုပါတယ်။

- အသုံးများတဲ့ ဆေးဝါးတွေအကြောင်း ပြောပြပေးပါဦးဆရာ။

- NSAID လို့ခေါ်တဲ့ စတီးရွိုက်ဟော်မုန်း မဟုတ်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေထဲမှာ ပါရာစီတမောက အသုံးများပါတယ်။ အခြား NSAID တွေမှာ များသောအားဖြင့် Ibuprofen, Mefenamic Acid စတဲ့ဆေးတွေရှိပါတယ်။ ဒီဆေးတွေက အကိုက်အခဲလည်း ကျတယ်။ အဖျားလည်းကျတယ်။ ဒီဆေးတွေက အစာအိမ်ကို လှုံ့ဆော်တဲ့အတွက် အစာအိမ်ရောင် ရောဂါဖြစ်စေနိုင်ပါတယ်။ ရေရှည်ဆိုရင် ကျောက်ကပ်ရောင်တာ ဖြစ်စေနိုင်ပါတယ်။ သွေးလွန်တုပ်ကွေး လူနာတွေမှာ လုံးဝ မသုံးရပါဘူး။

- ပါရာစီတမောကရော ဆရာ။

- ပါရာစီတမောဆေးက အကိုက်အခဲပျောက်ဆေး အနေနဲ့ရော၊ အဖျားကျတာ အနေနဲ့ပါ အသုံးဝင်ပါတယ်။ ဒါပေမဲ့ ရောင်ရမ်းလို့ဖြစ်တဲ့ ရောဂါတွေ ဥပမာအားဖြင့် အဆစ်အမျက်တွေ ရောင်ရမ်းလို့ ဖြစ်တာမျိုး၊  ကြွက်သားတွေရောင်ရမ်းလို့ ဖြစ်တာမျိုးတို့ရောင်ရမ်းတဲ့အခါမှာတော့ အသုံးမဝင်ပါဘူး။ ပါရာစီတမောကို ကိုယ်အလေးချိန် ၁ ကီလိုဂရမ်မှာ ၁ဝ  ကနေ ၁၅ မီလီဂရမ်ကို လေးနာရီခြား တစ်ခါအထိ သုံးလို့ရပါတယ်။ ကလေးကြီးတွေမှာ အများဆုံး ၆၅ဝ မီလီဂရမ်အထိထက်တော့ ပိုပြီးမသုံးသင့်ပါဘူး။

- ကျန်တဲ့ဆေးတွေကရော ဆရာ။

- ကျန်တဲ့ဆေးတွေက အများကြီးရှိပါတယ်။ ဒီဟာတွေက POM လို့ခေါ်တဲ့ ဆရာဝန် ညွှန်ကြားချက်ပါမှ သောက်ရတဲ့ ဆေးတွေဖြစ်တဲ့အတွက် ကျွန်တော် သိပ်ရှင်းပြစရာ မလိုပါဘူး။ နောက် Opioids လို့ခေါ်တဲ့ ဘိန်းပေါ့။ မော်ဖိန်းတို့၊ ပက်သဒင်းတို့နဲ့ဆက်စပ်တဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဆေးတွေ၊ ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့ ဆင်တဲ့ဆေးတွေ လိုအပ်ရင်သုံးလို့ ရပါတယ်။   လိုအပ်ရင်သုံးပါလို့ပြောရတဲ့အကြောင်းက ဒီဆေးတွေက မလိုလားအပ်တဲ့ အာနိသင်ရှိတယ်။ ဆေးလွန်ရင် အသက်ရှူရပ်နိုင်တယ်။ ကြာကြာသုံးရင် စွဲလမ်းစေတယ်ပေါ့။ ဒါကြောင့်  မလိုအပ်ဘဲ မသုံးရပါဘူး။ တကယ်နာကျင်ကိုက်ခဲနေရင်လည်း မလွဲမသွေ သုံးရပါတယ်။

- အဲဒီဆေးတွေက ထိုးဆေးတွေပဲ ထိုးရတာလား။ သောက်ဆေးတွေရော ရှိပါသလား။

- သောက်ဆေးရှိသလို ထိုးဆေးလည်းရှိပါတယ်။ အကြောထဲကို တဖြည်းဖြည်း သွင်းပြီးတော့ လုပ်ရတာလည်း ရှိပါတယ်။ ငုံဆေးလည်း ရှိပါတယ်။

- တခြားအသုံးပြုသင့်တဲ့ ဆေးဝါးရော ရှိပါသေးသလား။

- အကိုက်အခဲပျောက်ဆေးတွေ၊ Opioids လို့ခေါ်တဲ့ ဘိန်းနဲ့ဆက်နွှယ်တဲ့ ဆေးတွေအပြင် ဒီဆေးတွေ အာနိသင်ကို တွဲဖက်သုံးခြင်းအားဖြင့် ပိုမိုကောင်းမွန်စေတဲ့ အကူအညီဆေးတွေလည်း ရှိပါတယ်။ ဥပမာ- စိတ်ဓာတ်ကျတာ သက်သာစေတဲ့ဆေး၊ စတီးရွိုက်ဟော်မုန်းပါ ဆေးတချို့၊ ပြီးတော့ စိတ်ငြိမ်ဆေးတွေကိုလည်း လိုအပ်ရင်တွဲပြီး သုံးရပါတယ်။

- ဆေးဝါးမဟုတ်ဘဲနဲ့ရော   အဲဒီနာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာအောင် လုပ်လို့မရဘူးလား ဆရာ။

- ဆေးဝါးမဟုတ်ဘဲနဲ့ နာကျင်ကိုက်ခဲတာတွေကို ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါတွေကတော့ တကယ်နာကျင် ကိုက်ခဲနေတဲ့အခါမှာ ဆေးဝါးတွေအစား အသုံးပြုလို့မရဘူး။  ဆေးဝါးတွေကို အကူအညီအနေနဲ့ အထောက်အကူ လုပ်လို့ရပါတယ်။ဥပမာအားဖြင့် Distraction ပေါ့။ စိတ်ပြောင်းပေးခြင်းပါ။ သီချင်းနားထောင်မယ်။ ပုံပြောမယ်။ တီဗွီကြည့်မယ်။ ဒါမှမဟုတ် Relaxation   ပေါ့။ Relaxation လို့ခေါ်တဲ့   စိတ်ကိုပြေလျော့စေတဲ့ အသက်ရှူ လေ့ကျင့်ခန်းလုပ်မယ်။ ရှူရှိုက်လုပ်မယ်။ စိတ်ငြိမ်စေမယ်ပေါ့။ အရင်က အကြောင်းတွေကို စိတ်ကူးခိုင်းမယ်။ တွေးတောခိုင်းမယ် စသဖြင့်ပေါ့။ ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလတွေ ပြန်သိရစေမယ် စသဖြင့် လုပ်လို့ရပါတယ်။

- ဆရာတို့ ကလေးတွေအပေါ်လုပ်တဲ့ နာကျင်စေနိုင်တဲ့ စမ်းသပ်မှုတွေ လုပ်တဲ့အခါမှာရော ဘယ်လိုလုပ်ပါသလဲ ဆရာ။

- ကလေးတွေမှာ တစ်ခါတလေ မလွှဲမရှောင်သာ နာကျင်စေနိုင်တဲ့ လုပ်ရပ်တွေကို လုပ်ရပါတယ်။ ဥပမာ အားဖြင့် သွေးဖောက်မယ်၊ အကြောဆေးထိုးမယ်၊ ခါးရိုးခြင်ဆီယူမယ်၊ ရိုးတွင်းခြင်ဆီဖောက်စစ်မယ် စသဖြင့် လုပ်ရပါတယ်။  အဲဒီလိုလုပ်တဲ့အခါမှာ တတ်နိုင်သလောက် မလိုအပ်ဘဲ မလုပ်ရသလို လုပ်ရရင်လည်း တတ်နိုင်သလောက် နာကျင်မှုကိုနည်းနိုင်သလောက်နည်းအောင် ကြိုးစားရပါမယ်။ အဲဒီအခါမှာ ဆေးဝါးနဲ့လုပ်သလို ဆေးဝါးမဟုတ်တဲ့ နည်းလမ်းတွေပါ သုံးရပါတယ်။    ။

ပါမောက္ခဒေါက်တာစောဝင်း(ကလေးကျန်းမာရေး)