JICA ထံမှ ချေးငွေဂျပန်ယန်း ၃ဝ ဘီလီယံရယူရေးဆိုင်ရာ မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား လဲလှယ်မှု စာချွန်လွှာနှင့် ချေးငွေစာချုပ်တို့အား လက်မှတ်ရေးထိုး

နေပြည်တော်   စက်တင်ဘာ  ၂

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာထိခိုက်မှုများကို ကုစားနိုင်ရန်ရည်ရွယ် ၍ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ  JICA ထံမှ  ချေးငွေဂျပန်ယန်း ၃ဝ  ဘီလီယံရယူရေး ဆိုင်ရာ နှစ်နိုင်ငံ အစိုးရများအကြား လဲလှယ်မှုစာချွန်လွှာ (Exchange of  Notes) နှင့် ချေးငွေ စာချုပ် (Loan Agreement) တို့အား စက်တင်ဘာ ၁ ရက်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနနှင့် JICA တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။

လဲလှယ်မှုစာချွန်လွှာကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမတို့ကလည်းကောင်း၊ ချေးငွေ စာချုပ်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ကိုယ်စား ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဂျပန်နိုင်ငံ အစိုးရကိုယ်စား ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ မြန်မာနိုင်ငံရုံးခွဲ အကြီးအကဲ ဆာကခုရနိုရိဂျိ တို့က လည်းကောင်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါချေးငွေကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်   အသုံးစရိတ်များတိုးမြှင့်သုံးစွဲခြင်း၊ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားရေး ဆိုင်ရာထိခိုက်မှုများ အတွက် နိုင်ငံတော်က ဦးဆောင်ပံ့ပိုးကူညီရခြင်း၊ နိုင်ငံ တော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်မှုနှင့် စီးပွားရေးကျဆင်းနိုင်မှုတို့ကို ပြန်လည်ထူထောင်နိုင်ရန် အတွက် ကုစားရေး အစီအစဉ်များ စီမံဆောင်ရွက်ရခြင်း တို့အတွက် အဓိကသုံးစွဲနိုင်ရန် ရယူခဲ့ခြင်းဖြစ်ပြီး ချေးငွေ ရယူရေး အတွက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်းသိရ သည်။