ဗြိတိန်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ခရစ္စမတ်ကာလအရောက်တွင် ရရှိနိုင်

ဗြိတိန်နိုင်ငံထုတ်  နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးသည်  ခရစ္စမတ်ကာလ အရောက်တွင်  ရရှိနိုင်မည်ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးမတ်ဟန်ကော့က ပြောသည်။

ဗြိတိန်နိုင်ငံသည်   Brexit ဖြစ်စဉ်ပြီးနောက် အကူးအပြောင်းကာလတွင် ရှိနေပြီး ဥရောပ၏ ဥပဒေများနှင့် စည်းမျဉ်းများ ကိုလိုက်နာနေရစဉ် အစိုးရဝန်ကြီးများ အနေဖြင့် ကာကွယ်ဆေးကို အတည်ပြုမည့် ဥရောပတာဝန်ရှိသူများကို မစောင့်ဘဲ ဥပဒေကိုပြောင်းလဲမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

သို့သော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိချိန်အထိ လူစုလူဝေး မဖြစ်စေရေးနှင့် ခြေရာခံစစ်ဆေးရေး မူဝါဒများကို ချမှတ်ထားမည်ဖြစ်ကြောင်း မတ်ဟန်ကော့က ဆိုသည်။

ဗြိတိန်နိုင်ငံ အနေဖြင့်  ထိရောက်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်မျိုးမျိုးကို တရားဝင်ခွင့်ပြုချက် မရရှိမီ အရေးပေါ်အသုံးပြုမည့်   ဥပဒေကိုပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း  AP သတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင်    ဖော်ပြထားသည်။

ဗြိတိန်၏ ထိုဆုံးဖြတ်ချက်ကိုကြိုဆိုကြောင်း ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေအဖွဲ့(RDIF)မှ  အမှုဆောင် အရာရှိချုပ် ကီရေးဒီမစ်ထရစ်က သြဂုတ်လနှောင်းပိုင်းတွင် ပြောသည်။

ကပ်ရောဂါဖြစ်ပွားနေစဉ် ဘေးကင်းလုံခြုံပြီး  ထိရောက်သော ဆေးဝါးများကို လျင်မြန်စွာ မှတ်ပုံတင်ရန် လိုအပ်သည်ကို အနောက်နိုင်ငံများက တဖြည်းဖြည်းသိရှိလာကြောင်း ကီရေးဒီမီထရစ်က ပြောသည်ဟု သိရသည်။             

Ref: Sputnik