ငယ်ဘဝ

ယမန်နေ့မှအဆက်

''အေး...အဲဒါဟုတ်သားပဲ။ မင်းဒေါ်လေးတို့ လှူဖြစ်ရင် ငါ့မြေးကို ထည့်ပေးဖို့ အဖေကြီးပြောပေးမယ်''

အဖေကြီး၏ လေသံမှာ ဝမ်းသာအားရဖြစ်သည်။

အမေကြီးလည်း ဝမ်းသာသွားဟန်တူပါသည်။

''လှူဖြစ်မှာပါ...လှူဖြစ်အောင်...နှမ်းတွေကောင်းပါစေလို့ငါ့မြေးကလည်း ဆုတောင်းပေးပေါ့...''

''ဟုတ်ကဲ့...''

မောင်ငြိမ်းချမ်း ဝမ်းသာသွားသည်။  ရှင်လောင်း ဖြစ်တော့မည်။ မြင်းကြီးစီးရတော့မည် ဟူသော အတွေးနှင့် ပျော်သွားသည်။

ဒေါ်လေး၏သားကြီး မောင်မျိုးမှာ မောင်ငြိမ်းချမ်း ထက် တစ်နှစ်ငယ်သည်။   မောင်ငြိမ်းချမ်းက    ကိုးနှစ်၊ မောင်မျိုးက  ရှစ်နှစ်၊   မောင်မျိုးအောက် ညီလေးကခြောက်နှစ်၊ နှမလေးက လေးနှစ်။ ကလေးများငယ်သေး၍ နေမည်ဆို နေနိုင်သေး သော်လည်း ဒေါ်လေးတို့က ငွေကြေးတတ်နိုင်၍ လှူချင်နေကြသည်။

ထိုလှူချင်သော စေတနာကြောင့်လားမသိ ထိုနှစ်က ဒေါ်လေးတို့နှမ်းခင်းများ  အလွန်ကောင်းကြသည်။

မောင်ငြိမ်းချမ်းကလည်း  အမေကြီးပြောသည့်အတိုင်း ဒေါ်လေးတို့ နှမ်းတွေကောင်းကြပါစေဟု ဆုတောင်းပေးသည်။    နှမ်းတွေကောင်းသောအခါ     ဒေါ်လေးတို့ ဝမ်းသာသလို မောင်ငြိမ်းချမ်းလည်း ဝမ်းသာနေသည်။

ဒေါ်လေးတို့ နှမ်းယူထွက်တိုင်း  မောင်ငြိမ်းချမ်း   နှမ်းတလင်းသို့ လိုက်သွားပြီး နှမ်းခါပေးရသည်။ ခါပြီးသား နှမ်းရိုးများကိုပွေ့၍ တလင်းအပြင်သို့ ပို့ရသည်။ စိတ်က တက်ကြွ၍   လူကသွက်နေသည်။   မောသည်မထင်။ပန်းသည်မသိ။

အထူးသဖြင့်     ဒေါ်လေး၏ ယောက်ျားဖြစ်သော ဦးလေးရှေ့မှာဆိုလျှင် မောင်ငြိမ်းချမ်း ပို၍ကြိုးစားသည်။

ဦးလေးမှာ သွေးသားတော်စပ်သည် မဟုတ်။ ဒေါ်လေးနှင့်စပ်မှ ဦးလေး တော်ရခြင်းဖြစ်သည်။

ဒေါ်လေးက  မောင်ငြိမ်းချမ်းကို ချစ်သည်။  အလှူတွင် မောင်ငြိမ်းချမ်း သိပ်ပါချင်နေမှန်းလည်း သိသည်။

ပြီးတော့  ဒေါ်လေးက အဖေကြီး၏သမီး။  အဖေကြီး ပြောလျှင် ပြီးလိမ့်မည်။ ဦးလေး ကျေနပ်ဖို့သာလိုသည်။

ထို့ကြောင့်  ဦးလေးကျေနပ်ပြီး   သနားလာအောင် ကြိုးစားနေရခြင်းဖြစ်သည်။

ဒေါ်လေးတို့ လှူဖြစ်တာ သေချာသွားပြီ။ အလှူမှာ ကျွေးဖို့ ဒုံးခြောက်တွေ ဝယ်လာပြီဟု သတင်းကြားသည်နှင့် မောင်ငြိမ်းချမ်း ဒေါ်လေးတို့အိမ်သို့ အပြေးသွားသည်။ အိမ်ချင်းကလည်း နီးသည်မဟုတ်။ ဒေါ်လေးတို့ နေသည်က ရွာရှေ့အဖျား၊ မောင်ငြိမ်းချမ်းတို့နေသည်က ရွာတောင်ဖျား။ ဒေါ်လေးအိမ် ရောက်သည်နှင့် ဒုံးခြောက်

အိတ်များ  လှည်းပေါ်မှ ချနေကြပြီ။  မောင်ငြိမ်းချမ်း ဒုံးခြောက်အိတ်များကို ကူသယ်ပေးသည်။

နောက်နေ့မှစ၍ ဒုံးခြောက်များကို အမြီးအခွံများ ထုရခွာရသည်။   တစ်နေကုန်ထု၍   တစ်နေကုန်ခွာရသောကြောင့် မောင်ငြိမ်းချမ်း လက်သည်းထိပ်လေးများ နာနေသည်။ နာပါစေ မောင်ငြိမ်းချမ်း ဒုံးခြောက်ထုရင်း ရှင်လောင်း လှည့်လျှင် စီးရမည့်မြင်းကြီးကို မြင်ယောင်နေသည်။

ရွာဓလေ့အရ လှူမည့်အိမ်ရှေ့မှာ တစ်ပတ်ကြို၍ မဏ္ဍပ်ဆောက်ရန် ရွာသားများ ကူညီကြသည်။ တိုင်တူးသည်။ ဝါးတန်းဝါး အချဉ်တင်၍ ဖျာများမိုးကြသည်။

ဘုရားစင်ဆောက်သည်။ ဘုရားပင့်သည်။ ဘုရားစင်ကို ရာဇမက်ကာ ထုံးသုတ်ပြီး  ငှက်ပျောပင်ရှင် စိုက်သည်။

သံဃာစင်ထိုးသည်။ တစ်မနက်လုံး ဝိုင်းဝန်းလုပ်အားပေးကြ၍ မဏ္ဍပ်ကြီး အကြမ်းထည်ပြီးသွားပြီ။ ပန်းချီဆရာ၏ ရွှေရောင်မဏ္ဍပ်ကတော့ အလှူမတိုင်ခင် အလှူဝင်နေ့အမီ လာဆင်မည်ဖြစ်သည်။

ရွာထုံးစံအတိုင်း    မဏ္ဍပ်ဆောက်ပြီးကတည်းက အလှူအိမ်မဏ္ဍပ်ထဲမှာ ကြေးစည်ဆွဲထားပြီး ကြေးစည်သံ တညံညံနှင့်    လူစည်နေပြီ။   အသက်ကြီးသူများက နှီးဖြာကြ၊ လျှော်သပ်ကြ၊ သံဃာစင်ရှေ့မှ ပဒေသာပင်များတွင် လှူဖွယ်ရာများကို ချိတ်ဆွဲပြင်ဆင်ကြသည်။

အမျိုးသမီးများက ဆန်ပြာကြ၊ ဆန်ရွေးကြ၊ ကြက်သွန်လှီးကြ၊ မုန့်ဖြူမုန့်နီ ကြော်ကြသည်။

အလှူမဏ္ဍပ်ပြီးကတည်းက မောင်ငြိမ်းချမ်း အလှူရှိမှန်း သိအောင် တီးလိုက်ရသည့် ကြေးစည်။ တည်လိုက်ရသည့် ရေနွေးအိုး မီးခိုး၍ မျက်ရည်ပေါက်ပေါက်ကျသည်။ မီးမှုတ်ရလွန်း၍ တစ်ခေါင်းလုံး ပြာမှုန်ချည်းဖြစ်သည်။

''ဒီကောင်ကတော့ တကယ်ကြိုးစားလုပ်တဲ့ ကလေးပဲဟေ့...''

ဘုရားလူကြီး ဦးဘအောင် ချီးကျူး၍ ဦးလေးနှင့် ဒေါ်လေးကြား၊ မကြား အကဲခတ်ရသည်။ ကြားလောက်သည့် အကွာအဝေးတွင် ဦးလေး ရှိနေသည်ကို သတိထားမိသည်။

ဘာမျှလုပ်စရာမရှိလျှင် မောင်ငြိမ်းချမ်း ကြေးစည် သွားထုသည်။ အလှူအိမ်ဆိုသည်မှာ ကြေးစည်သံ တဝေဝေနေရမည်ဟု လူကြီးများ ပြောထား၍ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။