နေကြာဆီနှင့် ကျန်းမာရေး

ကျန်းမာရေးအတွက် သင့်လျော်သော စားသုံးဆီတစ်ခုအဖြစ် နေကြာဆီကို စားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါသည်များအတွက် အကောင်းဆုံးဖြစ်ကြောင်း၊ နေကြာဆီစားသုံးခြင်း သုံးစွဲခြင်းဖြင့် အရေပြားမွဲခြောက်ခြင်း၊ ဆံပင်များမွဲခြောက်ပျက်စီးခြင်း တို့ကို ကာကွယ်နိုင်သည့် ဗီတာမင်ဓာတ်များစွာ ပါဝင်ကြောင်းကို မြဝတီစာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာခင်မောင်လွင် (ၤဗနြ) နှင့်တွေ့ဆုံ မေးမြန်း ဖော်ပြလိုက်ရပါသည်။

မေး။      မင်္ဂလာပါဆရာ  ဒီကနေ့ နေကြာဆီအကြောင်း မဆွေးနွေးခင်မှာ နေကြာပင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို အရင်ဆုံးပြောပြပေးပါဆရာ...

ဖြေ။       နေကြာပင် (Sunflower) ဟာရုက္ခဗေဒအရမျိုးစု (Genus)  Helianthus မှာ ပါဝင်ပြီး မျိုးစိတ်ပေါင်း ၇၀ ကျော်ရှိပါတယ်။ မူရင်းဒေသကတော့ မြောက်အမေရိကတိုက်ကဖြစ်ပြီး ယခုအခါမှာတော့ တစ်ကမ္ဘာလုံးမှာ ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိပါတယ်။

တစ်နှစ်ခံပင်အမျိုးအစားဖြစ်ပြီး နှစ်စဉ်စိုက်ပျိုးဖို့ လိုပါတယ်။ နေကြာပင်ရဲ့ ပန်းပွင့်ဟာ နေမင်းကြီးနဲ့ တူတာကြောင့် နေရှိတဲ့အရပ်ကို အပွင့်တွေကလိုက်ပြီး မျက်နှာမူနေတာမို့ မြန်မာအမည် နေကြာပန်း၊ အင်္ဂလိပ်အမည် Sunflower လို့ ခေါ်တာဖြစ်ပါတယ်။ အချို့နေကြာပင်တွေဟာ ၁၀ ပေခန့်အထိမြင့်ပြီး နေကြာပန်းပွင့်တစ်ပွင့်မှာ နေကြာစေ့ ၁၀၀၀ ခန့်ပါလေ့ရှိပါတယ်။ နေကြာပန်းဝတ်မှုန်နဲ့ ပန်းဝတ်ရည်တွေကို ပျားတွေက အထူးနှစ်သက်လို့ နေကြာခင်းထဲမှာ ပျားပုံးတွေထားထာရင် ပျားရည်နဲ့  ပျားဝတ်မှုန်အမြောက်အမြား ရနိုင်ပါတယ်။ ပျားမွေးမြူရေးနဲ့ တွဲဖက်လုပ်မယ်ဆိုရင် ဝတ်မှုန်ကူးတာ အောင်မြင်ပြီး နေကြာပန်းတွေ ပိုမိုဖွံ့ထွားကာ နေကြာစေ့ အထွက်နှုန်းပိုပြီး ကောင်းစေပါတယ်။ နေကြာစေ့ကိုလှော်ပြီး စားကြသလို ဆီကြိတ်ပြီး နေကြာဆီအဖြစ် စီးပွားဖြစ်ရောင်းကြတယ်။ နေကြာဆီက မှိုပါဝင်မှုလုံးဝမရှိခြင်း၊ အနံ့အရသာကောင်းမွန်ခြင်းနဲ့ အကြော်ခံတာတွေကြောင့် စားသုံးဖို့ သင့်တော်တဲ့ စားသုံးဆီဖြစ်တယ်။ ကမ္ဘာပေါ်မှာ နေကြာပင် စိုက်ပျိုးမှုအများဆုံးနိုင်ငံတွေကတော့ ယူကရိန်းနိုင်ငံ၊ ရုရှားနိုင်ငံ နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေ ဖြစ်တယ်။

မေး။      နေကြာဆီမှာ ဘယ်လိုမျိုးအာဟာရဓာတ်တွေ ပါတယ်ဆိုတာ သိပါရစေဆရာ...

ဖြေ။       နေကြာဆီမှာ အဓိကကတော့ ထရိုင်ဂရစ်စရိုက်ဒ်တွေပါတယ်။ ထရိုင်ဂရစ်စရိုက်ဒ်ဆိုတာ ဖက်တီးအက်စစ်မော်လီကျူး သုံးခုတွဲထားတဲ့ မော်လီကျူး အစုအဝေးဖြစ်တယ်။ အဓိကအနေနဲ့ မပြည့်ဝဆီတွေဖြစ်တဲ့ မိုနိုမပြည့်ဝဆီနဲ့ ပေါ်လီမပြည့်ဝဆီတွေပါလို့ ကျန်းမာရေးအတွက် သင့်တော်တဲ့ စားသုံးဆီတစ်ခုဖြစ်တယ်။ နေကြာစေ့ဆိုတာ နေပူထဲမှာနေရတဲ့ နေကြာပန်းပွင့်ရဲ့ အစေ့ဖြစ်လို့ မှိုတက်ဖို့ အလားအလာလည်း မရှိဘူး။ ဒါကြောင့် မြေပဲဆီမှာလို အာဖလာတောက်ဆင်လို့ခေါ်တဲ့ မှိုဆိပ်အတွက် စိုးရိမ်ဖို့ မလိုပါဘူး။

နေကြာဆီမှာက ဆီတွင်ပျော်ဝင်တဲ့ ဗီတာမင်တွေ ဖြစ်တဲ့ ဗီတာမင်အီးနဲ့ ဗီတာမင်ကေတို့ ကြွယ်ဝစွာပါတယ်။ နေကြာဆီမှာပါတဲ့ ဖက်တီးအက်စစ်အမျိုးအစားက စိုက်ပျိုးဖို့ အသုံးပြုတဲ့ နေကြာမျိုးစေ့၊ စိုက်ပျိုးတဲ့နေရာဒေသ၊ ရာသီဥတု၊ ရိတ်သိမ်းတဲ့ အချိန်နဲ့ ဆီထုတ်တဲ့နည်း စနစ်တွေပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။

မေး။      ထုတ်လုပ်ရောင်းဝယ်နေကြတဲ့ နေကြာဆီအမျိုးအစား ဘယ်နှမျိုးရှိပါသလဲ ဆရာ။

ဖြေ။       ကမ္ဘာပေါ်မှာ အများဆုံးထုတ်လုပ်ရောင်းဝယ်နေတဲ့ နေကြာဆီအမျိုးအစား သုံးမျိုးရှိပါတယ်။ အဲဒါတွေက ပုံမှန်နေကြာဆီအမျိုးအစား (သို့) လီနိုလီရစ်နေကြာဆီ (Standard Sunflower oil or Linoleic      Sunflower) အိုးလီရစ်အက်စစ်ကြွယ်ဝစွာပါဝင်တဲ့ နေကြာဆီ   အမျိုးအစား (Sunflower Oil, High Oleic Acid>70% အိုးလီရစ်အက်စစ် အလယ်အလတ်ပါဝင်တဲ့                   နေကြာဆီ အမျိုးအစား (Sunflower Oil, Mid Oleic Aci) တခြား နေကြာဆီ အမျိုးအစားတွေလည်း ရှိသေးတယ်။ အဓိကအနေနဲ့ ပါဝင်တဲ့ ဖက်တီးအက်စစ် အချိုးအစားပေါ် မူတည်ပြီး ကွဲပြားသွားခြင်း ဖြစ်တယ်။

မေး။      နေကြာဆီကို ဘယ်လိုနေရာတွေမှာ သုံးသင့်တယ်ဆိုတာလေး သိပါရစေဆရာ..

ဖြေ။       အစားအစာတွေ ချက်ပြုတ်ရာမှာ အသုံးဝင်ပါတယ်။ အပူချိန်အနည်းငယ် လိုအပ်တဲ့ ချက်ပြုတ်တာကနေ အပူချိန်မြင့်မြင့်ပေးရတဲ့ ချက်ပြုတ်တာတွေ ထိအောင် အသုံးပြုနိုင်တယ်။ မြန်မာဟင်းလျာတွေ ချက်ပြုတ်ရာမှာ အလွန်သင့်တော်ပါတယ်။

အစားအစာတွေကြော်ရာမှာ အလွန်ကောင်းပါတယ်။ အာလူးကြော်၊ ကြက်သားကြော်၊ ငါးကြော်၊ ဘူးသီးကြော်တို့ ကြော်ရာမှာ အသုံးပြုနိုင်ပါတယ်။

ဆီကြိတ်ပြီးတဲ့  နေကြာစေ့ကြိတ်ဖတ်တွေကို တိရစ္ဆာန်စာအဖြစ်၊ အော်ဂဲနစ်စိုက်ပျိုးရေး သုံးမြေသြဇာ အဖြစ်နဲ့ ဇီဝလောင်စာတွေအဖြစ် အသုံးပြုနိုင်ပါတယ်။

နေကြာဆီကို ဇီဝလောင်စာဆီအဖြစ် ဒီဇယ်အင်ဂျင်တွေမှာ ထည့်သွင်းအသုံးပြုနိုင်တယ်။ အိုးလီရစ် အက်စစ်များတဲ့ နေကြာဆီကို မုန့်ဖုတ်ရာမှာ အသုံးပြုနိုင်တယ်။ နှလုံးသွေးကြောကျဉ်းလူနာတွေအတွက် အလွန်သင့်တော်တယ်။

မေး။      နေကြာဆီကို စားသုံးခြင်းဖြင့် ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရတယ်ဆိုတာ ပြောပြပေးပါဦး ဆရာ...

ဖြေ။       အရေပြားမွဲခြောက်ခြောက် ဖြစ်နေသူတွေ နေကြာဆီကို ပုံမှန်စားသုံးပေးမယ် ဒါမှမဟုတ် အရေပြားပေါ်မှာ လိမ်းပေးမယ်ဆိုရင် အရေပြားကို စိုပြည်လှပစေပါတယ်။ နေကြာဆီဟာ အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတာကြောင့် ဖြစ်ပါတယ်။ နေကြာဆီဟာ ဗီတာမင်အီး ကြွယ်ဝစွာပါလို့ နေရောင်ခြည်ကြောင့် အရေပြားအိုမင်းခြင်း၊ ပါးရေတွန့်ခြင်းတွေမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် နေကြာဆီမှာ အနည်းငယ်ပါတဲ့ ဘီတာကယ်ရိုတင်းတွေကပါ ပူးတွဲလုပ်ဆောင်ပေးတာကြောင့် အရေပြားအိုမင်းခြင်းကနေ ကာကွယ်ပေးပါတယ်။ အရေပြားမှာဖြစ်တဲ့ တင်းတိပ်၊ မှဲ့ခြောက်၊ ဝက်ခြံတွေကို သက်သာပျောက်ကင်းစေပါတယ်။ အရေပြားရောင်ရမ်းခြင်း၊ အရေပြားကြမ်းတမ်းခြင်း၊ အနာဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်တဲ့ သတ္တိရှိတယ်။ နေကြာဆီကို ဆံပင်မှာ လိမ်းပေးပါက တခြားဆီတွေလို ဆံပင်ကို နူးညံ့ပျော့ပျောင်းစေခြင်း၊ ဆံပင်ပေါက်နှုန်းမြန်စေခြင်း၊ ဆံပင်ကျွတ်ခြင်းကို သက်သာစေခြင်း  စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ နေကြာဆီမှာ ပါဝင်တဲ့ အိုမီဂါ- ဖက်တီး အက်စစ်ဖြစ်တဲ့ ဂါမာလီနိုလီနစ်အက်စစ် (GLA) နဲ့ အာဖာ-လီနိုလီနစ်အက်စစ်(ALA) တွေကြောင့် အကျိုးကျေးဇူးတွေရစေတယ်။

ဗီတာမင်တွေကလည်း ပူးတွဲလုပ်ဆောင်ပေးတယ်။

ဒါကြောင့် ဆံပင်မွဲခြောက်ခြောက် ဖြစ်နေသူတွေ၊ ကြွပ်ဆတ်သူတွေ၊ ဆံပင်ကျွတ်သူတွေအနေနဲ့ နေကြာဆီအခြေခံတဲ့ လိမ်းဆေးတွေကို အသုံးပြုနိုင်တယ်။

နေကြာဆီကို စားသုံးရင်လည်း အဲဒီအကျိုးကျေးဇူးတွေ ရနိုင်တယ်။ အထူးသဖြင့် အိုမီဂါ- ဖြစ်တဲ့ အိုးလီရစ်အက်စစ်ကြွယ်ဝစွာ ပါတဲ့နေကြာဆီက နှလုံးနှင့်သွေးကြောကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တယ်။

နေကြာဆီမှာပါတဲ့ မိုနိုမပြည့်ဝဆီတွေက အိမ်ချ်ဒီအယ် ခေါ် ကောင်းတဲ့အဆီတွေကို များပြားစေတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးတယ်။ ဒါ့အပြင် အဓိကအများဆုံးပါတဲ့ ပေါ်လီမပြည့်ဝဆီတွေကလည်း နှလုံးကျန်းမာရေးကို အထောက်အကူပြု လျက်ရှိပါတယ်။ ပါဝင်တဲ့ ဗီတာမင်အီးတွေကလည်း နှလုံးရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းဖို့ ကူညီပေးပါတယ်။

အထူးသဖြင့်တော့ အိုမီဂါ- ဖြစ်တဲ့ အိုးလီရစ်အက်စစ်ကြွယ်ဝစွာ ပါဝင်တဲ့နေကြာဆီက နှလုံးနဲ့သွေးကြော ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တယ်။

နေကြာဆီမှာ အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်းနဲ့ တခြားမိုက်ခရို အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါနေလို့ ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

ပင်ပန်းနွမ်းနယ်မှုတွေကို လျော့နည်းစေပါတယ်။

အစာချေဖျက်မှုစနစ်ကို ကောင်းစေလို့ အာဟာရဓာတ်တွေ ပိုမိုစုပ်ယူနိုင်စေဖို့ အားပေးပါတယ်။ ဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ကေတွေရဲ့ စုပ်ယူမှုကို အားပေးလို့ ခုခံအားစနစ် တိုးတက်စေဖို့ အထောက်အကူပြုပါတယ်။

မေး။      ကမ္ဘာပေါ်မှာ နေကြာဆီထုတ်လုပ်မှုနဲ့ စားသုံးတဲ့နိုင်ငံပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ဗဟုသုတအဖြစ် သိပါရစေဆရာ...

ဖြေ။       ၂၀၁၈ ခုနှစ်စာရင်းအရ တစ်ကမ္ဘာလုံးမှာ  နေကြာဆီတန်ချိန်စုစုပေါင်း သန်း ၂၀ နီးပါး ထုတ်လုပ်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံနဲ့ ရုရှားနိုင်ငံ နှစ်နိုင်ငံပေါင်းထုတ်လုပ်မှုဟာ ကျန်ကမ္ဘာ့နိုင်ငံတွေအားလုံး ထုတ်လုပ်မှုထက် ပိုများတယ်။ မြန်မာနိုင်ငံအနေနဲ့ နေကြာဆီထုတ်လုပ်မှုမှာတော့ ကမ္ဘာ့အဆင့် (၁၁) နေရာမှာ ရပ်တည်ကာ ၂၀၁၈ ခုနှစ်အတွင်း တန်ချိန်ပေါင်း ၁၃၁၀၀၀ ကျော်ထုတ်လုပ်ခဲ့ပါတယ်။ ထုတ်လုပ်တဲ့ နေကြာဆီတွေကို ထုတ်လုပ်တဲ့နိုင်ငံတွေအားလုံးနီးပါး က ပြည်တွင်းစားသုံးမှုအတွက်ကိုသာ အဓိကအနေနဲ့ အသုံးပြုလျက်ရှိပါတယ်။

မေး။      အခုဆိုရင် နေကြာဆီနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိရပါပြီ... ဆရာ့အနေနဲ့ မြဝတီ သတင်းစာဖတ် ပရိသတ်တွေကို ဘာများ ပြောကြားချင်ပါသလဲဆရာ...

ဖြေ။       နေကြာဆီဟာ မြန်မာနိုင်ငံမှာ  အသုံးများတဲ့ စားသုံးဆီတစ်မျိုး ဖြစ်တယ်။ အရင်က မြေပဲဆီကို တစိုက်မတ်မတ ်သုံးလာသူတွေ အနေနဲ့ အခုနောက်ပိုင်းမြေပဲဆီမှာပါတဲ့ အာဖလာတောက်ဆင်မှိုဆိပ်ကို ကြောက်ပြီး နေကြာဆီပြောင်းစား လာကြသူတွေလည်း မနည်းလှပါဘူး။ တကယ်လည်း နေကြာဆီက ကျန်းမာရေးအတွက် စားသုံးဖို့သင့်တဲ့ စားသုံးဆီတစ်မျိုး ဖြစ်တယ်။ ဒါကြောင့် မိမိရဲ့ ကျန်းမာရေးအတွက် စားသုံးဆီရွေးချယ်တာဟာ အလွန်အရေးပါတာကြောင့် မှန်ကန်ကောင်းမွန်တဲ့ဆီတွေကို ရွေးချယ်အသုံးပြုတတ်ကြပါစေလို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။  

မြဝတီ