ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သို့ လာရောက်သော ဝန်ထမ်းများနှင့် နေပြည်တော်မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည် ဝင်ရောက်လာသော ဝန်ထမ်းများ သိရှိလိုက်နာရန် အသိပေး ကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သို့ လာရောက်သော ဝန်ထမ်းများနှင့် နေပြည်တော်မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည် ဝင်ရောက်လာသော ဝန်ထမ်းများ သိရှိလိုက်နာရန် အသိပေး ကြေညာ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

နေပြည်တော်ကောင်စီ

အမိန့်အမှတ်(၉၅/၂ဝ၂ဝ)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သို့ လာရောက်သော ဝန်ထမ်းများနှင့် နေပြည်တော်မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည်ဝင်ရောက်လာသော ဝန်ထမ်းများ သိရှိလိုက်နာရန် အသိပေး ကြေညာချက်

၁။      ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ဒုတိယအပတ်အတွင်း ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော COVID-19 ရောဂါအတည်ပြု လူနာများ တွေ့ရှိခဲ့ရပြီး ၎င်းတို့မှ ဆင့်ပွားကူးစက်သူ အချို့သည်လည်း အခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိချက်အရ COVID-19ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုနှင့် စပ်လျဉ်း၍ စနစ်တကျ စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။

၂။      သို့ဖြစ်ပါ၍ နေပြည်တော်တွင် အခြေပြု၍ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နေပြည်တော်ပြင်ပသို့ တာဝန်ဖြင့်ဖြစ်စေ၊ လူမှုရေးအရဖြစ်စေ ခရီးသွားရောက်ရန် ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန် တို့ကို အထူးဂရုပြု လိုက်နာစေရန်နှင့် မိမိနေရပ်သို့ ပြန်ရောက်ရှိချိန်တွင် ရောဂါကူးစက် ဖြန့်ဝေခြင်းမျိုး မဖြစ်စေရန်အတွက် အောက်ပါအချက်များကို စိစစ်ဆောင်ရွက်ပြီးမှ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေး ကြေညာချက် ထုတ်ပြန်လိုက်သည်-

  (က) ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ထုတ်ပေးသည့်ခရီးသွားလာခွင့် အမိန့်/ အထောက်အထား လက်မှတ်ပါရှိမှသာ ခရီးသွားလာစေရန်နှင့် ရောက်ရှိသည့် နေရာတွင်တွေ့ဆုံသူမှ လက်မှတ်ရေးထိုးရန်။

  (ခ) ခရီးသွားလာခွင့် အမိန့်/အထောက်အထား လက်မှတ်အား လမ်းခရီး တစ်လျှောက်တွင်ဖြစ်စေ၊ သွားရောက် လိုသည့်နေရာသို့ ရောက်ရှိစဉ်တွင်ဖြစ်စေ၊ တာဝန်ရှိသူများမှ စစ်ဆေးပါက ပြသစေရန်နှင့် ခရီးစဉ်ပြီးဆုံး၍ နေပြည်တော်သို့ ပြန်လည်ရောက်ရှိချိန်တွင် ပြန်လည်အပ်နှံရန်။

  (ဂ) ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ မြို့နယ်များသို့ နေ့ချင်းပြန်ဖြစ်စေ၊ ညအိပ်အခြေပြု၍ဖြစ်စေ သွားရောက်တာဝန် ထမ်းဆောင်ပြီးနောက် နေပြည်တော်သို့ ပြန်လည် ဝင်ရောက်သူများအား နေပြည်တော်ကောင်စီမှ သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇)ရက် နေထိုင်စေ၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင် လည်းကောင်း၊ (၅)ရက်မြောက်နေ့တွင် လည်းကောင်း၊ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာ(Swab) ရယူစစ်ဆေးမှု ခံယူစေကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ရန်။

  (ဃ)ရောဂါဖြစ်ပွားမှု မရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ မြို့နယ်များသို့ နေ့ချင်းပြန်ဖြစ်စေ၊ ညအိပ်အခြေပြု၍ဖြစ်စေ ခရီးသွားရောက်သည့်သူများ အနေဖြင့် နေပြည်တော်သို့ ပြန်လည် ဝင်ရောက်လာပါက နေပြည်တော်ကောင်စီမှ သတ်မှတ်ထားသော Community  Based  Facility Quarantine နေရာတွင် နေထိုင်စေ၍ ရောက်ရှိသည့်နေ့ နောက်တစ်ရက်တွင် နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ(Swab)ရယူစစ်ဆေးမှု ခံယူစေကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ရန်။

  (င) စစ်ဆေးစဉ် သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာ တွေ့ရှိပါက သက်ဆိုင်ရာ ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပြီး ဆေးကုသမှု ခံယူရန်။

၃။      နေပြည်တော်တွင် အခြေပြု၍  တာဝန်အရ ခရီးသွားရောက်ရသည့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နေပြည်တော်မြို့ အဝင်ဂိတ်တွင် တာဝန်ရှိသူများ၏ စစ်ဆေးမှုကိုကြည်ဖြူစွာ ခံယူကြရန်နှင့် တာဝန်အရ ခရီးသွားရောက်ခြင်း ဖြစ်သော်လည်း တာဝန်နှင့် မသက်ဆိုင်သော နေရာများသို့ သွားရောက်ခဲ့ကြောင်း စစ်ဆေး သိရှိရပါက COVID-19 ရောဂါကူးစက်ခြင်း ခံရမှုမရှိလျှင် နိုင်ငံ့ဝန်ထမ်း ဥပဒေဖြင့် လည်းကောင်း၊ COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပါက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ လည်းကောင်း အရေးယူခြင်း ခံရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရဘဲ နေပြည်တော်ပြင်ပသို့ မိသားစုအလိုက် ခရီးသွားလာသည့် ဝန်ထမ်းများအား စိစစ်တွေ့ရှိရပါက ပြန်လည် ရောက်ရှိချိန်တွင် လိုအပ်သော ဓာတ်ခွဲနမူနာများ ရယူစစ်ဆေး သွားမည်ဖြစ်ပြီး ခရီးစဉ်အား တာဝန်ခံခေါ်ယူ သွားသူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ပါသည်။

၄။      သို့ဖြစ်ရာ ဤအသိပေး ကြေညာချက်အား ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ထပ်အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ ဤအသိပေး ကြေညာချက်သည် အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ဒေါက်တာမျိုးအောင်

ဥက္ကဋ္ဌ

နေပြည်တော်ကောင်စီ