ကာကွယ်ပစ်အား စစ်ကစား-လေ့ကျင့်ကျွမ်းကျင်အောင်ပွဲဆင်

ကာကွယ်ပစ်အား စစ်ကစား-လေ့ကျင့်ကျွမ်းကျင်အောင်ပွဲဆင်

လူတိုင်းလူတိုင်းတွင် မြတ်နိုးမှု တစ်စုံတစ်ရာနှင့် ပတ်သက်၍  ကိုယ်စီကိုယ်ငှ တန်ဖိုးထားကြသည်မှာ  မလွဲမသွေပင်ဖြစ်သည်။ တန်ဖိုးထားသည့် အရာသာ ကွာခြားလျှင်  ကွာခြားနိုင်သော်လည်း တန်ဖိုးထားသည့်စိတ်မှာ ကွာခြားခြင်းရှိနိုင်မည်မထင်။ ကျွန်တော်တို့ မြန်မာပြည်သား အားလုံး၏စိတ်၌    မိမိနိုင်ငံတော်နှင့် လူမျိုးကိုချစ်သည့်စိတ်က   လျော့မည်မဟုတ်။  ပြည်ပသို့ အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိနေသူတို့သည် မြန်မာဟူသောစိတ်ကို စွဲထင်ကာ ရွှေမြန်မာဂုဏ် မညှိုးရေး  မြှင့်တင်နေကြ၏။ ထိုအထဲတွင် မြန်မာ့တပ်မတော် ကိုယ်စားပြုကာ  ရုရှားနိုင်ငံ၊  မော်စကိုမြို့တွင်   ကျင်းပနေသော  International Army  Game 2020 တင့်ပြိုင်ပွဲဝင်သူများလည်း ပါဝင်သည်။ 

လက်ရှိရုရှားနိုင်ငံတွင် ကျင်းပသော Tank Biathlon ပြိုင်ပွဲပါဝင်သည့် International Army Game 2020 ပြိုင်ပွဲသည် ယခင်က ရုရှားတပ်မတော်ရှိ  သံချပ်ကာတပ်ဖွဲ့နှင့် ယာဉ်တင်တပ်ဖွဲ့များ အကြား ကျွမ်းကျင်မှု စစ်ဆေးရန် နှစ်စဉ်ကျင်းပခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းအား ၂ဝ၁၂ ခုနှစ်ထိတိုင်အောင် နိုင်ငံတကာမှ လေ့လာသူများအား ဖိတ်ခေါ်ပြသခြင်း၊ ယှဉ်ပြိုင်ခြင်းမျိုး မရှိခဲ့သေးပေ။ ၂ဝ၁၃ ခုနှစ်မှစတင်ကာ ရုရှားနိုင်ငံသည် နိုင်ငံတကာမှ အသင်းများကို ဖိတ်ခေါ်ကာ ပြိုင်ပွဲကျင်းပခဲ့သည်။ ယခုအခါ နိုင်ငံတကာဖိတ်ခေါ် ပြိုင်ပွဲသက်တမ်းမှာ ၈ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။ ဥရောပတိုက်တွင် နေတိုးအဖွဲ့မှ ၂ဝ၁၆ ခုနှစ်မှ စ၍ကျင်းပခဲ့သော Strong Europe Tank Challenge (SETC) တင့်ပြိုင်ပွဲလည်း ရှိသည်။ ဥရောပတိုက်မှာပြိုင်သည့် (SETC) တင့်ပြိုင်ပွဲနှင့် ရုရှားနိုင်ငံတွင် ကျင်းပသော International Army Game 2020 တင့်ပြိုင်ပွဲတို့သည် ရေမြေတောတောင် သဘာဝနှင့် ပြိုင်ပွဲဝင်အသင်းများ၏ ပါဝင်မှု အရ အသွင်သဏ္ဌာန်ရော၊   အနှစ်သာရပါ ကွဲပြားသည့် ပြိုင်ပွဲများပင် ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများ၊ စစ်ပွဲများကို ပြန်လည်လေ့လာကြည့်ပါက သံချပ်ကာယန္တရား တပ်ဖွဲ့အခန်းကဏ္ဍသည်  လွန်စွာ အရေးပါသည်ကို တွေ့ရမည်ဖြစ်သည်။ ''စစ်မြေပြင်တွင် ခြေလျင်တပ်ဖွဲ့နှင့် ရှေ့တန်းကျကျ ပါဝင်ပြီး တိုက်ပွဲ၏ အဆုံးအဖြတ်ပေးနိုင်သော တပ်ဖွဲ့မှာ သံချပ်ကာ ယန္တရားတပ်ဖွဲ့နှင့် အမြောက်တပ်ဖွဲ့တို့ပင်ဖြစ်ကြောင်း၊  စစ်မြေပြင်တွင်  Battle of Kingဆိုသူများမှာ သံချပ်ကာ ယန္တရားတပ်ဖွဲ့နှင့် အမြောက်တပ်ဖွဲ့တို့ပင် ဖြစ်ကြောင်း၊ သံချပ်ကာတိုက်ယာဉ်များသည် တန်ဖိုးကြီးမားသကဲ့သို့ အသုံးပြုမည့် သူများ၏ အရည်အချင်း မြင့်မားရန်လိုကြောင်း၊ သံချပ်ကာတပ်ဖွဲ့ကို တိုက်ပွဲဝင်နိုင်သည့် အရည်အချင်းရှိသော တပ်ဖွဲ့မျိုးဖြစ်အောင် လေ့ကျင့်တည်ဆောက် သွားရန်လိုကြောင်း၊ တိုက်စွမ်းရည် မြင့်မားရန် စဉ်ဆက်မပြတ် လေ့ကျင့်ရန်၊ မည်သည့်တာဝန်ကိုမဆိုကျွမ်းကျင်တတ်မြောက်အောင်   လေ့လာရမည်ဖြစ်ကြောင်း'' တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် သံချပ်ကာယန္တရား    သင်တန်းကျောင်းသို့ လာရောက်စဉ် လမ်းညွှန်မှာကြားခဲ့သည်။

သင်တန်းကျောင်းတွင် သံချပ်ကာစစ်နည်းဗျူဟာဆိုင်ရာ သင်တန်းများ၊ ပညာရပ်ဆိုင်ရာ သင်တန်းများနှင့် တိုက်ယာဉ်အမျိုးအစားအလိုက် တိုက်ပွဲဝင် မွမ်းမံသင်တန်းများ ဖွင့်လှစ် လေ့ကျင့်ပေးလျက်ရှိသည်။ တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များအနေဖြင့် စစ်မြေပြင်တွင် တွေ့ကြုံရမည့် ခရီးကြမ်းမောင်းနှင်ခြင်း၊ တိုက်ယာဉ် အမြောက်များ၊  လေယာဉ်ပစ် စက်သေနတ်များ ကြံ့ခိုင်ပြုပြင်ခြင်း စသော စစ်မြေပြင်တွင် ရင်ဆိုင်ရမည့် လုပ်ငန်းများအား လက်တွေ့ကျကျ လေ့ကျင့်ရသကဲ့သို့ လက်တွေ့ပစ်ခတ်စဉ်များဖြင့်လည်း ပစ်ခတ်လေ့ကျင့် ဆောင်ရွက်ခဲ့သဖြင့် စစ်မြေပြင်တွင် တိုက်ပွဲဝင်ရန် အသင့်ဖြစ်စေခဲ့သည်ကို  ၂ဝ၁၅ ခုနှစ် လောက်ကိုင်ဒေသ စစ်ဆင်ရေးတွင် ကြည့်၍ သိရှိနိုင်ပေသည်။ 

သံချပ်ကာယန္တရား တပ်ဖွဲ့ဝင်တို့သည် ပြည်တွင်းသောင်းကျန်းမှု စစ်ဆင်ရေးတွင် မိမိတို့ရှိ တိုက်ယာဉ်များ ပါဝင်ဆင်နွှဲခဲ့သည့်  စစ်ဆင်ရေး အတွေ့အကြုံသည် နိုင်ငံတကာ တပ်မတော်နှင့် ယှဉ်လျှင် အထိုက်အလျောက်  ရှိခဲ့ပြီးဖြစ်သည်။ ပြောင်းလဲလာသော နိုင်ငံတကာ တပ်မတော်၏ စစ်နည်းဗျူဟာ၊ စစ်လက်နက်ပစ္စည်း၊ စစ်အသုံးအဆောင်  ပစ္စည်းများအား ကိုင်တွယ်ရင်းနှီးမှု ရှိရန်လည်း လိုပေသည်။

နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်မှုရှိမှသာ ထိတွေ့ခွင့်၊ လေ့လာခွင့်၊ လေ့ကျင့်ခွင့်ရှိမည်သာဖြစ်ပါသည်။ မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်သည် နှစ်ဦးနှစ်ဖက် ဆက်ဆံရေး ကောင်းမွန်သည့် မိတ်ဖက်တပ်မတော်များ ဖြစ်သည့်အတွက်  ရုရှားတပ်မတော်အနေဖြင့်    ၎င်းတို့နိုင်ငံတွင် ပြုလုပ်လေ့ရှိသည့် တပ်မတော်နှင့် ပတ်သက်သော အခမ်းအနားတိုင်းလိုလို မြန်မာ့တပ်မတော်ကို    အထူးဖိတ်ကြားလေ့ ရှိပါသည်။

ထိုဖိတ်ကြားမှုတွင် လက်ရှိပြုလုပ်နေသည့် International Army Game 2020.Tank Biathlon ပြိုင်ပွဲလည်း ပါဝင်ပါသည်။

မြန်မာ့တပ်မတော် သံချပ်ကာယန္တရား တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၁ ဦးတို့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ အလာဘီနိုတင့် ယာဉ်မောင်းကွင်းတွင် ကျင်းပပြုလုပ်သည့် International Army Game 2020. Tank Biathlon ပြိုင်ပွဲ၌ ဝင်ရောက် ယာဉ်ပြိုင်လျက်ရှိသည်။ ထိုပြိုင်ပွဲတွင် ရုရှား၊ တရုတ်၊ အဇာဘိုင်ဂျန်၊ ဆားဗီးယား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ကာတာ၊ ဗီယက်နမ်၊ မြန်မာ၊ ကွန်ဂို၊ တာဂျစ်ကစ္စတန်၊ လာအို၊ ကာဂျစ်စတန်၊ တောင်အော့စက်တီယာ၊ အာဘ်ခဇီယာ စသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်လျက် ရှိသည်။ ပါဝင်ယှဉ်ပြိုင်ရာတွင် Division-1 နှင့် Division-2 ဟု နိုင်ငံ ၈ နိုင်ငံစီ ခွဲခြားထားပြီး Division တစ်ခုစီတွင် ၄ နိုင်ငံစီ ပါဝင်သည့် အုပ်စုနှစ်စုအား ထပ်မံခွဲခြားထားပါသည်။ တင့်ကားထုတ်လုပ် ပိုင်ဆိုင်မှုရှိသော နိုင်ငံများ ပါဝင်သကဲ့သို့ ထုတ်လုပ်နိုင်မှုမရှိဘဲ တင့်ပိုင်ဆိုင် ထားရှိသည့် နိုင်ငံများလည်း ပါဝင်သည်ကို တွေ့ရှိရသည်။

နိုင်ငံကိုယ်စားပြု  အသင်းများသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ကြိုတင်လေ့ကျင့် ပြင်ဆင်ခြင်းများအား ဆောင်ရွက်ခဲ့သည်။ မြန်မာ့တပ်မတော် သံချပ်ကာ ယန္တရား တပ်ဖွဲ့ဝင်တို့သည်လည်း ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ လဆန်းကတည်းက စတင်ကာ စာတွေ့၊ လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့သည်။ လေ့ကျင့်ရေးကွင်းအား မိမိနိုင်ငံ၏ မြေအနေအထားအပေါ် မူတည်ကာ ပြိုင်ပွဲကျင်းပမည့် နိုင်ငံ၏ လေ့ကျင့်ရေးကွင်းနှင့်ပုံစံတူ ပြုလုပ်လေ့ကျင့် ခဲ့ကြသည်။

ရုရှားနိုင်ငံတွင် ပြုလုပ်သည့် International Army Game 2020 တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲအား ရုရှားကြည်းတပ်ဆိုင်ရာ လေ့ကျင့်ရေးဌာနချုပ်က တာဝန်ယူကျင်းပကာ ဒိုင်ချုပ်ကြီးအား လေ့ကျင့်ရေး ဌာနချုပ်မှ တိုက်ရိုက်ရွေးချယ်သည်။ အကဲဖြတ် အမှတ်ပေးရန်အတွက် ဒိုင်အဖွဲ့တွင် ဒိုင်ဥက္ကဋ္ဌအပါအဝင် ပြိုင်ပွဲဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ နည်းပညာရှင်များနှင့် အကူအဖွဲ့ဝင်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ နိုင်ငံတကာပြိုင်ပွဲဖြစ်သည့် အားလျော်စွာ ပြိုင်ပွဲအတွင်း အဓိကအသုံးပြုမည့် ဘာသာစကားများမှာ ရုရှားဘာသာနှင့် အင်္ဂလိပ်ဘာသာဖြစ်ပြီး စကားပြန် လိုအပ်ချက်ရှိပါက   ရုရှားတပ်မတော်မှ စီစဉ်ပေးထားသည်။

တင့်ပြိုင်ပွဲတွင် T-72  နှင့် အမျိုးအစားတူ တင့်များဖြင့် ပြိုင်ပွဲဝင်နိုင်သည်။ ပစ်ခတ် စဉ်တွင် ပြောင်းထွက်ရှိန် တစ်စက္ကန့်လျှင် မီတာ ၁ဝဝဝ ထက် မကျော်သော ကျည်များဖြင့်သာ ပစ်ခတ်ရမည်။ 

ပြိုင်ပွဲအတွင်း စည်းကမ်းချက်များအရ အမြောက်ကျည် ၃ တောင့်ဖြင့် ပစ်ခတ်ရာတွင် တစ်ကြိမ်လွဲချော်ပါက မီတာ ၅ဝဝ အပိုကွင်း တစ်ပတ်မောင်းရသည်။ တင့်ကားသည် အတားအဆီးတစ်ခု မကျော်နိုင်ခြင်း သို့မဟုတ် စိုက်ထူထားသော  တိုင်နှင့်ကန့်သတ်ဘောင်များအား ထိခိုက်မိပါက ပြေးလမ်းတစ်လျှောက်ရှိ တင့်ကားကြံ့ခိုင်မှု မျက်မြင်စစ်ဆေးရန် နေရာများရှိ အနီးဆုံး နေရာတွင်ရပ်တန့်ရပြီး စစ်ဆေးခံရသည်။ ထို့အတွက် အချိန်ပိုပေးရသည်။ ပြိုင်ပွဲဝင်နေစဉ် တိုက်ယာဉ် ပျက်သွားခြင်း၊ စက်ရပ်သွားခြင်း ရှိပါက အရန်တိုက်ယာဉ်အား ဒိုင်ချုပ်၏ ခွင့်ပြုချက်ဖြင့်  တိုက်ယာဉ်လဲလှယ်ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။

တိုက်ယာဉ်အဖွဲ့သားများ၏ ပေါ့လျော့မှုကြောင့် တိုက်ယာဉ်တွင် ကြီးမားသော ပျက်စီးမှုများဖြစ်နေလျှင် ၎င်းအဖွဲ့သားများအား အရည်အချင်းမကိုက်ညီဟု သတ်မှတ်၍ လက်ရှိယှဉ်ပြိုင်နေသော ပြိုင်ပွဲအဆင့်တွင် အမှတ်ပေးဇယား၏ နောက်ဆုံးနေရာသို့ရောက်ရှိမည်ဖြစ်သည်။

ပြိုင်ပွဲအစီအစဉ်တွင် အဆင့် ၃ ဆင့်ရှိပြီး  ပထမအဆင့်ဖြစ်သော ကြိုတင် လေ့ကျင့်ပြင်ဆင်ခြင်း၌ ပြိုင်ပွဲဝင်မည့် အသင်းများနှင့်   အဖွဲ့သားများ စတင် ရောက်ရှိစဉ်မှသည် ပြိုင်ပွဲစတင် ကျင်းပသည်အထိ အကျုံးဝင်ပါသည်။  ဒုတိယ အဆင့်သည် လက်တွေ့အတားအဆီး ဖြတ်ကျော်မောင်းနှင်ခြင်းနှင့် အကဲဖြတ်ခြင်း ဖြစ်သည်။ 

လက်တွေ့အဆင့်အား    တစ်စီးချင်း မောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ (Individual Race))ဖြင့် စတင်သည်။ ၎င်းမှရမှတ်အပေါ်မူတည်ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ လက်ဆင့်ကမ်း တိုက်ယာဉ်ပြိုင်ပွဲ(Relay Race)အား အဆင့်တက်ရောက်  ယှဉ်ပြိုင်ရသည်။

မီတာ ၄၁ဝဝ ရှည်သော Individual Race ပြေးလမ်းမတစ်လျှောက်တွင် တာထွက်တိုင်၊ တာဝင်တိုင်၊ ကျည်ဖြည့်သည့်နေရာ၊ ပစ်ခတ် ရမည့်နေရာ၊ အရှိန်တင်မောင်းနှင်ရမည့်နေရာများ၊ အတားအဆီးများ (ရေကန်၊ တောင်ကုန်း၊ မီးလောင်လမ်း၊ တင့်ထောင်ချောက်၊ တံတား၊ တလိမ့်တုံး၊ မိုင်းကွင်း၊ တောင်စောင်း၊ မြေပြတ် စသည့် အတားအဆီးများ)နှင့်  တိုက်ယာဉ်ကြံ့ခိုင်ရေး စစ်ဆေးရမည့် နေရာများ   စသည်တို့ ပါဝင်သည်။ 

တစ်စီးချင်းမောင်းနှင် ပစ်ခတ်ခြင်း ပြိုင်ပွဲစသည်နှင့် တိုက်ယာဉ်အဖွဲ့သား အားလုံးသည် တိုက်ယာဉ်အနောက်တွင်သတ်မှတ်ဝတ်စုံများ ဝတ်ဆင်၍ ပွဲကြည့်စင်ဘက် မျက်နှာမူကာ တန်းစီရပြီး ဒိုင်ဥက္ကဋ္ဌခွင့်ပြုချက် ရသည်နှင့် တစ်ပြိုင်နက် စတင်ပြိုင်ပွဲ ဝင်နိုင်သည်။   ပထမဆုံးအပတ်တွင် (တင့်ကားပစ်မှတ် ၃ ခု)ပစ်ရန်အတွက် ကျည်ဖြည့်ရမည့်နေရာ၌ အင်ဂျင်စက်ကို စက်သတ်ထားကာ တိုက်ယာဉ် အဖွဲ့သား ၃ ယောက်လုံး အပြင်သို့ထွက်ကာ တင့်နောက်တွင် တန်းစီနေရာယူကြသည်။ ထို့နောက်    တိုက်ယာဉ်မောင်းသူက  အမြောက်ကျည်များအား ကောက်ယူကာ တိုက်ယာဉ် ကိုယ်ထည်အပေါ်မှ အမြောက်ပစ်သမား လက်သို့ကမ်းပေးပြီးနောက် ကျည်ဖြည့်ကြသည်။ ထို့နောက် အဆင်သင့်ဖြစ်ကြောင်း တိုက်ယာဉ်မှူးက ထိန်းချုပ်ရေးစင်တာသို့ သတင်းပို့ပြီး ခွင့်ပြုချက်ရသည်နှင့် အမြောက်ပစ်ခတ်ရမည့် ဘောင်သို့ မောင်းနှင်၍ ရောက်ရှိက ပစ်ရန်အသင့် ဖြစ်ကြောင်း  သတင်းပို့ရသည်။ ထိုအခါ  ပထမဆုံး တင့်ကားပစ်မှတ်သည် မီတာ ၁၆ဝဝ၊ ဒုတိယပစ်မှတ်သည် မီတာ ၁၇ဝဝ အကွာ၊ တတိယပစ်မှတ်သည် မီတာ ၁၈ဝဝ အကွာမှ ပေါ်ပေါက်လာပြီး ပစ်မှတ်တစ်ခုပြီး တစ်ခုပစ်ခတ်ရသည်။ ပစ်ခတ်ရာတွင်  ကျည်များအကုန် မပစ်လိုက်ရဘဲ ကျန်နေပါက အမြောက်ကျည်အား ပြန်ထုတ်ရခြင်း သို့မဟုတ် စက်ပစ်ကွင်းထဲသို့ ပစ်ခတ်ပြီး ရှင်းထုတ်ရခြင်းအတွက်   ကြာသောအချိန်အား ပန်းဝင်ချိန်တွင်  ထပ်ပေါင်းထည့်ထားသည်။

စစ်ဆင်မှုတစ်ရပ် သို့မဟုတ် ပြိုင်ပွဲတစ်ရပ်၏ သော့ချက်သည် အချိန်ကိုက် လှုပ်ရှားနိုင်မှုပင်ဖြစ်သည်။ တိုက်ယာဉ်များ အတွင်း အင်ဂျင်သံများ ဆူညံမှု၊ တိုက်ပွဲရှိန် သို့မဟုတ် ပြိုင်ပွဲရှိန်မြင့်မားလာသည့် စိတ်ခံစားချက်၊ အမြောက်များမှ ကျည်များ ကျရောက်ပေါက်ကွဲမှု၊ ရေဒီယိုစက်များအတွင်း မြောက်မြားလှစွာသော ဆက်သွယ်ပြောဆိုမှု စသည်တို့ကြားမှ အချိန်ကိုက်လှုပ်ရှား လုပ်ကိုင်ဆောင်ရွက် ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်။ မောင်းနှင်ရာလမ်းကြောင်းရှိ သက်ဆိုင်ရာ ရည်မှန်းချက် အသီးသီး၏ အကွာအဝေးအား ဦးစွာ တွက်ချက်ရသည်။  ထိုအကွာအဝေးများပေါ်ရှိ သဘာဝ အတားအဆီးများအား ဖြတ်သန်းရမည့် ကြာချိန်ကိုလည်း တွက်ချက်ရပြန်သည်။ ထိုအချိန်များအတွင်းမှ  တစ်ဖန် ရာသီဥတု ဆိုးရွားစဉ် ဖြတ်သန်းရမည့်ကြာချိန်နှင့် မမျှော်မှန်းနိုင်သော အခက်အခဲများအား ဖြတ်ကျော်ရန်ကြာချိန်  စသည်ဖြင့် တွက်ချက်ရသည်။

ထိုမလွယ်ကူသည့် အလုပ်အား ကျော်လွန်ဖြတ်သန်း ဆောင်ရွက်နေရသည်ကိုပင် ပြိုင်ပွဲဝင် တိုက်ယာဉ် အဖွဲ့သားများ၏ ပြိုင်ပွဲဝင်လေ့ကျင့်မှု  တစ်ကြိမ်ပြီးတိုင်း ပိုမိုသိရှိ ခံစားနေရပြီဖြစ်သည်။ 

ပြိုင်ပွဲဝင် တပ်ဖွဲ့ဝင်တို့သည် တင့်ကားပစ်မှတ်များ ပစ်ခတ်ပြီးနောက် ဒုတိယ ပစ်မှတ်ဖြစ်သည့် ရဟတ်ယာဉ်ပစ်မှတ်များအား တိုက်ယာဉ်မှူးက တိုက်ယာဉ်ပါ လေယာဉ်ပစ်စက်သေနတ်ဖြင့် ပစ်ခတ်ရသည်။ ရဟတ်ယာဉ် ပစ်မှတ်တစ်ခုသည် အကွာအဝေး ၈ဝဝ နှင့် ၁ဝဝဝ မီတာကြားရှိ မြေပြင်အထက် ၁၂ မီတာတွင်ပေါ်ပေါက်လာမည်ဖြစ်ပြီး ၎င်းအား ၁၂ ဒသမ ၇ မမ ကျည် ၁၅ တောင့်ဖြင့် ပစ်ခတ်ရသည်။ ထိုကျည် ၁၅ တောင့်အနက် ၆ တောင့်မှာ မီးကျည်ဖြစ်ပြီး ထိမှန်ပါက ပစ်မှတ်တိုင်တွင် အဖြူရောင် မီးခိုးထွက်ရှိသည်ကို တွေ့ရှိရသည်။ ပစ်မှတ်မထိမှန်ပါက မီတာ ၅ဝဝ အပိုကွင်းအား တစ်ပတ်မောင်းနှင်ရသည်။ တတိယပစ်မှတ်မှာ တင့်ဖျက်သမား ပစ်မှတ်ဖြစ်ပြီး ထိုပစ်မှတ်အား အမြောက်ပစ် သမားက ယှဉ်တွဲစက်သေနတ်ဖြင့် ပစ်ခတ်ရသည်။ တင့်ဖျက်လက်နက်သည် တင့်ယာဉ်များအား အနီးကပ်အန္တရာယ် ပေးနိုင်ဆုံးလက်နက်တစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း အဆိုပါပစ်မှတ်အား   ပြိုင်ပွဲအတွင်း ထည့်သွင်း ရေးဆွဲထားခြင်း ဖြစ်သည်။ တင့်နှင့်ပစ်မှတ်သည် အကွာအဝေး ၆ဝဝ မီတာမှ ၈ဝဝ မီတာအတွင်းရှိ ပေါ်ပေါက်လာမည့် ပစ်မှတ်ဖြစ်သည်။ ၎င်းအား ယှဉ်တွဲစက်သေနတ် ၇ ဒသမ ၆၂ မမ ဖြင့် အမြောက်ပစ်သမား(Gunner)မှ ပစ်ခတ်ရပြီး ခွင့်ပြုကျည်အနေဖြင့် မီးကျည် ၅ တောင့်အပါ ကျည် ၁၅ တောင့်ဖြစ်သည်။ ၎င်းပစ်မှတ်အဆင့်သည်  တစ်စီးချင်း စွမ်းရည်ပြပွဲများဖြစ်သည်။

ပြိုင်ပွဲအတွင်း အကဲဖြတ် အမှတ်ပေးဒိုင်များ၏ ဆုံးဖြတ်ချက်အရ ပြိုင်ပွဲရလဒ်များအပေါ်စိစစ်ပြီး နောက်တစ်ဆင့်ဖြစ်သော အကြိုဗိုလ်လုပွဲ ၎င်းမှတစ်ဆင့် ဗိုလ်လုပွဲစဉ်များသို့ တက်ရောက်ခွင့် ရရှိသည်။ အကြိုဗိုလ်လုပွဲသည် ကွင်းတစ်ပတ်လျှင် မီတာ ၄၁ဝဝ ရှိကွင်းအား ၄ ပတ် ယှဉ်ပြိုင်ရပြီး စုစုပေါင်း ၁၆ ဒသမ ၅ ကီလိုမီတာ ယှဉ်ပြိုင်ရသည်။ ထိုပြိုင်ပွဲတွင်ပုံစံ ၄ မျိုးခွဲခြားထားပြီး မဲကျရာ ပုံစံများအတိုင်း ယှဉ်ပြိုင် မောင်းနှင်ရသည်။ ပထမအပတ်တွင် ပစ်ခတ်ရန်မလိုဘဲ အတားအဆီးများအား ဖြတ်ကာ အရှိန်မြှင့်မောင်းနှင်ခြင်း၊ ဒုတိယအပတ်တွင် အမြောက်ပစ်မှတ် ပစ်ခတ်ခြင်း၊ တတိယအပတ်တွင် ရဟတ်ယာဉ်ပစ်မှတ် ပစ်ခတ်ခြင်း၊  စတုတ္ထအပတ်တွင် တင့်ဖျက်သမား ပစ်မှတ်အား ပစ်ခတ်ခြင်း စသည်တို့အား ပုံစံတစ်မျိုးစီလျှင် ဦးစားပေးအလိုက် စတင်ယှဉ်ပြိုင်ရသည်။ ပစ်ခတ်စဉ်တွင် ပစ်မှတ်တစ်ခု လွဲချော်တိုင်း မီတာ ၅ဝဝ အပိုကွင်းတစ်ပတ် မောင်းရမည်ဖြစ်ကြောင်း စည်းကမ်းချက် သတ်မှတ်ထားသည်။ လေးပတ် မောင်းပြီးသော တိုက်ယာဉ်အဖွဲ့သားများမှ ဒုတိယအဖွဲ့၊   ၎င်းမှ တတိယအဖွဲ့အား လက်ချင်းရိုက်ပြီး တိုက်ယာဉ်အား လက်ဆင့်ကမ်းရသည်။ စုစုပေါင်း ကီလိုမီတာ ၅ဝ နီးပါး လက်ဆင့်ကမ်း ယှဉ်ပြိုင်ကြရသည်။

ပြိုင်ပွဲ၏ တတိယအဆင့်ဖြစ်သည့် အဆင့်များ သတ်မှတ်ရာတွင် ဖြတ်သန်းမောင်းနှင်ချိန်အနည်းဆုံး၊   ဒဏ်ရိုက်ခံအမှတ် အလျှော့ခံရ အနည်းဆုံး၊ မီတာ ၅ဝဝ အပိုပြေးလမ်း မောင်းရသည့် အကြိမ်အရေအတွက် အနည်းဆုံး၊   စည်းကမ်းဖောက်ဖျက်မှု အနည်းဆုံးနှင့် တိုက်ယာဉ်အဖွဲ့သားများအနေဖြင့် အရည်အချင်း မပြည့်မီ ပွဲပယ်သတ်မှတ် မခံရခြင်းတို့အပေါ် မူတည်၍ ဆုံးဖြတ်ကြသည်။

တိုက်ယာဉ် အဖွဲ့သားများသည် အပေါ်အမိုးတံခါးဖွင့် မောင်းခြင်းနှင့် ပစ်ခတ်ခြင်း၊ ဒိုင်ဥက္ကဋ္ဌထံက ခွင့်ပြုချက်မရဘဲ စထွက်ခြင်းနှင့် ပစ်ခတ်ခြင်း၊ ကန့်သတ်ဇုန်အပြင်သို့ ပစ်ခတ်ခြင်း၊ အပစ်ရပ်မျဉ်း အကျော်တွင် ပစ်ခတ်ခြင်း၊ သတ်မှတ် နေရာများတွင် တိုက်ယာဉ် အဖွဲ့သားများ နေရာမယူဘဲ မောင်းနှင်ခြင်း၊ ညွှန်ကြားချက်များ မလိုက်နာခြင်းနှင့် စက်မသတ်ဘဲ ကျည်ဖြည့်ခြင်းတို့အား ကျူးလွန်မိပါက မီတာ ၅ဝဝအပို ၂ ပတ်မောင်းနှင်ရသည်။ ၎င်းအပြင် အမြောက်နှင့်  စက်သေနတ်များအား ပွဲကြည့်စင်ဘက်သို့ မျက်နှာမူခြင်း၊ ဒိုင်ဥက္ကဋ္ဌ အမိန့်မရဘဲ တိုက်ယာဉ်အဖွဲ့သားများ ပြေးလမ်းမပေါ် တက်ခြင်း၊ ပတ်လမ်းပေါ်တွင် တိုက်ယာဉ်အချင်းချင်း တိုက်မိခြင်း ဖြစ်ပေါ်ခဲ့ပါက ပွဲပယ်ခံရမည်ဖြစ်သည်။

ထိခိုက်မှုများတွင် အမှားကျူးလွန်သော တိုက်ယာဉ်အဖွဲ့သားများသည် အရည်အချင်းမပြည့်မီကြောင်း ကြေညာပြီး နောက်ဆုံး နေရာသို့ အဆင့်သတ်မှတ် ချထားခံရခြင်းနှင့်အတူ ပွဲပယ်ခံရမည်ဖြစ်သည်။

International Army Game 2020.Tank Biathlon ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သံချပ်ကာယန္တရား တပ်ဖွဲ့ဝင်အသင်းသည်  Division-2 တွင်တောင်အော့စက်တီယာ၊ ကာတာ၊ ဗီယက်နမ်၊ အာဘ်ခဇီယာ၊ ကွန်ဂို၊ တာဂျစ်ကစ္စတန်နှင့် လာအိုအသင်းတို့ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။ အုပ်စုပွဲစဉ်များအဖြစ် တစ်စီးချင်း မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲတွင်ဗီယက်နမ်၊ ကာတာ၊ တောင်အော့စက်တီယာ အသင်းတို့နှင့်အတူ ၂၄-၈-၂ဝ၂ဝ ရက်၌ တိုက်ယာဉ်အဖွဲ့(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်စံချိန် ၃၆း၂၇ မိနစ်၊ ပစ်မှတ်ထိမှန်ချက် (၄/၅) ဖြင့် တတိယနေရာမှ ပန်းဝင်ခဲ့ပါသည်။ ၂၈-၈-၂ဝ၂ဝ ရက်တွင် ဗီယက်နမ်၊ ကာတာ၊ တောင်အော့စက်တီယာ အသင်းတို့နှင့် အတူ တိုက်ယာဉ်အဖွဲ့(၂)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်စံချိန် ၄၂ း ၄၃ မိနစ်၊ ပစ်မှတ်ထိမှန်ချက် (၂/၅)ဖြင့် ဒုတိယနေရာမှ ပန်းဝင်ခဲ့ပါသည်။ ၂၉-၈-၂ဝ၂ဝ ရက် တွင်ဗီယက်နမ်၊ ကာတာအသင်းတို့နှင့်အတူ တိုက်ယာဉ်အဖွဲ့(၃)မှ ဝင်ရောက်ယဉ်ပြိုင်

ခဲ့ပြီး ပြိုင်ပွဲဝင်စံချိန် ၃၃း၃၉ မိနစ်၊ ပစ်မှတ်ထိမှန်ချက်(ဝ/၅)ဖြင့် ပထမနေရာမှ ပန်းဝင် ခဲ့ပါသည်။  မြန်မာ့တပ်မတော် ပြိုင်ပွဲဝင်အသင်းအနေဖြင့် တစ်စီးချင်း မောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် တိုက်ယာဉ်အဖွဲ့၃ ဖွဲ့ပေါင်းစံချိန် ၁ း ၅၂ း ၄၉ နာရီဖြင့် အုပ်စု(၂)၊ အသင်း ၈ သင်းတွင် အဆင့်(၄) ရရှိ၍ တာဂျစ်ကစ္စတန်၊ ဗီယက်နမ်၊ လာအို၊   ကွန်ဂိုအသင်းတို့နှင့်အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါသည်။

အကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်း မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ   ပွဲစဉ်(၁)အား ၁-၉-၂ဝ၂ဝ ရက်တွင် အာဆီယံ ဒေသတွင်းပြိုင်ဘက် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်စံချိန် ၂ း ၁၈ း ဝ၄  နာရီ၊ ပစ်မှတ်ထိချက်မှန် (၉/၂၄)ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့ပြီး ထိုက်တန်စွာ ယှဉ်ပြိုင်အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါသည်။  ပွဲစဉ်(၂)အား ၂-၉-၂ဝ၂ဝ ရက်တွင် တာဂျစ်ကစ္စတန်၊ လာအို၊ ကွန်ဂိုအသင်းများ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲရလဒ်ကောင်းသော အသင်းများ အနေဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်မည်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်ပြိုင်ပွဲဝင် အသင်းသည် ၄-၉-၂ဝ၂ဝ ရက်နေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်အား ပွဲစဉ်(၂)မှ ပြိုင်ပွဲရလဒ်ကောင်းသော အသင်းများနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံ့ကိုယ်စားပြု ပြိုင်ပွဲဝင်နိုင်ငံများသည် ပွဲမဝင်ခင်က ကြိုတင်ပြင်ဆင်ကြမည်သာဖြစ်သည်။ မြန်မာ့တပ်မတော် သံချပ်ကာယန္တရား တပ်ဖွဲ့ဝင်တို့မှာ   ''ချွေးထွက်များမှ သွေးထွက်နည်းမည်'' ဆိုသည့်အတိုင်း စစ်မြေပြင်တွင် ထိရောက်စွာ တိုက်ပွဲဝင်နိုင်သော တပ်ဖွဲ့ဝင်များ ဖြစ်လာသည်သာမက ''လေ့ကျင့်-ကျွမ်းကျင်-အောင်ပွဲဆင်'' ဆိုသည့်အတိုင်း International Army Game 2020.Tank Biathlon ပြိုင်ပွဲတွင်လည်း လေ့ကျင့်မှု၏ အကျိုးကြောင့် နိုင်ငံအတွက် အောင်ပွဲဆင်လျက် ရှိနေသည်။ မြန်မာ့စိတ်ဓာတ် ဖြင့်သာ ရွက်ဆောင်ပါလျှင်  ရွှေမြန်မာ၏ ဂုဏ်သတင်းကား ဘယ်သောအခါမှ ညှိုးနွမ်းနိုင်တော့မည် မဟုတ်ပါ။   ။

မောင်မျိုးအောင်(ပန်းဧရာ)