COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

 

နေပြည်တော်၊  စင်တင်ဘာ - ၃

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ သြဂုတ် ၂၇ ရက်မှ စင်တင်ဘာ ၂ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံစုစုပေါင်း ၁၀၉ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ တက်ရောက်ကုသလျက်ရှိသော လူနာစုစုပေါင်းအင်အား ၇၁၇၇ ဦးတို့ကို စုစုပေါင်းငွေကျပ် ၃၄ သိန်းကျော်တန်ဖိုးရှိ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။

   

ယနေ့တွင်လည်း  နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံ၊ မိုင်းရှူးမြို့ပြည်သူ့ဆေးရုံနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် မိုင်းယောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့နှင့် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ခရိုင်ပြည်သူ့ဆေးရုံနှင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးသင်ကြားရေးဆေးရုံ၊ သပိတ်ကျင်း မြို့နယ် ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ ပဒါန်းမြို့နယ်၊ ငဖဲပြည်သူ့ဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။