COVID-19 ကာလအတွင်း ထောက်ပံ့မှု အထူးလိုအပ်သော အမျိုးသမီးများအား ငွေကြေးထောက်ပံ့

နေပြည်တော်  စက်တင်ဘာ 

လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID-19 ကာလအတွင်း ထိခိုက်လွယ် အခြေအနေတွင်ရှိသော အမျိုးသမီးများအား  ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်အရ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းက စာရင်းပေးပို့လာသည့် ရပ်တည်ရန် ခက်ခဲသည့် အမျိုးသမီးများနှင့် ''မသန်စွမ်းသူများအတွက် COVID-19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီ'' က စာရင်းပေးပို့သည့် ထောက်ပံ့မှု အထူးလိုအပ်သော  မသန်စွမ်း အမျိုးသမီးများအတွက် ငွေကြေးလွှဲပြောင်း ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၌ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ညွှန်ကြားရေးမှူးချုပ် များ ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်း၊  မြန်မာနိုင်ငံ  မသန်စွမ်းသူများ အသင်းချုပ်၏  အထွေထွေအတွင်းရေးမှူး  ဦးမြတ်သူဝင်း၊ အမျိုးသမီးများ၊ အမျိုးသမီး မသန်စွမ်းသူများနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ဝင်းမြတ်အေးက အမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း တွဲဖက်အတွင်းရေးမှူး  ဒေါ်ခင်မြဝင်းနှင့်  မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်းတို့က ထောက်ပံ့မှုများ အတွက် ကျေးဇူးတင် စကားများ ပြန်လည် ပြောကြားကြသည်။

ယင်းနောက် ပြန်လည်ထူထောင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း  တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပဋိပက္ခလွန် ဒေသများနှင့် ဝေးလံခေါင်းပါးသော   ကျေးလက်ဒေသများရှိ COVID-19 ကာလရပ်တည်ရန် ခက်ခဲသည့် အမျိုးသမီး ၂၂၄ ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၁၂  သိန်း၊  ရန်ကုန်တိုင်း ဒေသကြီး  လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးက  မြန်မာနိုင်ငံ  မသန်စွမ်းသူများ အသင်းချုပ် တာဝန်ရှိသူထံသို့ အလုပ်လုပ်ကိုင်ရန် ခက်ခဲပြီး အထူးလိုအပ်မှု ရှိသည့်  မသန်စွမ်း အမျိုးသမီး ၃ဝဝ ဦးတို့အတွက်  စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း ၁၅ဝ တို့ကို ပေးအပ်ကြကြောင်း သိရသည်။